
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့မှာ ရခိုင်ပြည်နယ်က ထွက်ပြေးလာတဲ့ စစ်ဘေးရှောင် ၄ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေဆီက သိရပါတယ်။
ဧပြီ ၁ ရက် ညနေပိုင်းက ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ငရုတ်ကောင်း-ဂွလမ်းအနီး ချောင်းဝတံတားအနီးမှာ ရခိုင်ပြည်ဘက်ကနေ ထွက်ပြေးလာတဲ့ စစ်ဘေးရှောင် ၄ ယောက်ဟာ စစ်ကောင်စီတပ်နဲ့တွေ့ပြီး ဖမ်းဆီးခံရတာလို့ သိရပါတယ်။
စစ်ရှောင်အရေး ကူညီပေးနေသူတယောက်က “ငရုတ်ကောင်းမြို့ထဲအဝင်မှာ အဖမ်းခံရတာ။ ရခိုင်၊ သံတွဲမြို့နယ်ဘက်ကလာတဲ့ စစ်ရှောင်တွေလို့ သိရပါတယ်။ သက်လတ်ပိုင်း အမျိုးသမီးလည်း ပါတယ်လို့ သိရပါတယ်” လို့ ပြောပါတယ်။
အဖမ်းခံရတဲ့ ရခိုင်စစ်ဘေးရှောင် ၄ ယောက်ထဲမှာ အမျိုးသား ၃ ယောက်၊ အမျိုးသမီး တယောက်ဖြစ်ပြီး စစ်ကောင်စီတပ်က စစ်ဆေးဖို့အတွက် ပြောဆို ဖမ်းခေါ်သွားတာလို့ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “AA တပ်က ဆိုပြီး ဖမ်းခဲ့တာလို့ သိရပါတယ်။ အဖမ်းခံရတဲ့အထဲက အမျိုးသားတွေကို ခွဲပြီး ဖမ်းချုပ်ထားတယ်လို့ သိရတယ်။ ဟိုင်းကြီးကျွန်း အခြေပြုတပ်က ဖမ်းခဲ့တာလို့ သိရတယ်” လို့ ပြောပါတယ်။
လတ်တလော ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ငရုတ်ကောင်းဒေသမှာ စစ်ကောင်စီက တပ်အင်အား ဖြည့်တင်းထားသလို ရေတပ်နဲ့ ခြေလျင်တပ် ပေါင်းပြီး ကင်းလှည့်စစ်ဆေးတာတွေလည်း တိုးမြှင့်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်ကလည်း ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ် ဟိုင်းကြီးကျွန်းမြို့ ပင်လယ်ပြင်မှာ ရေလုပ်သား ၃ ယောက်ကို စစ်ကောင်စီတပ်က အာရက္ခတပ်တော် (AA) နဲ့ ဆက်သွယ်မှုရှိတယ်ဆိုပြီး ဖမ်းဆီးခဲ့ပါတယ်။








