DVB Logo
Home
မြန်မာသတင်း
သထုံနှင့် ဘီးလင်းတွင် ရဲစခန်းနှင့် စစ်ကောင်စီတပ်ရင်း ၂ ခု ဒရုန်းဖြင့်တိုက်ခိုက်ခံရ
DVB
·
April 27, 2024
သထုံနှင့် ဘီးလင်းတွင် ရဲစခန်းနှင့် စစ်ကောင်စီတပ်ရင်း ၂ ခု ဒရုန်းဖြင့်တိုက်ခိုက်ခံရ
Donate to DVB

မွန်ပြည်နယ်၊ သထုံမြို့နယ်က ရဲစခန်းတခုနဲ့ စစ်ကောင်စီတပ်ရင်းတခု၊ ဘီးလင်းမြို့နယ်က စစ်ကောင်စီတပ်ရင်းတခုတို့ကို ဧပြီ ၂၇ ရက်‌နေ့မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(TPDF) နဲ့ ဒေသခံတွေက ပြောပါတယ်။

သထုံမြို့နယ်က အင်အား ၃၀ လောက်ရှိတဲ့ သိမ်ဆိပ်နယ်မြေရဲစခန်း၊ ဝင်းပကျေးရွာက အင်အား ၇၀ လောက်ရှိတဲ့ ခမရ ၉ နဲ့ ဘီလင်းမြို့နယ်၊ ဇီးဝန်းရွာက အင်အား ၅၀ လောက်ရှိတဲ့ အမတ ၃၁၄ တို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဧပြီ ၂၇ ရက် မနက် ၉ နာရီခွဲကနေ ၁၁ နာရီအထိ ဒရုန်းနဲ့ တပြိုင်တည်း တိုက်ခိုက်ခဲ့ပါတယ်။

သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ သိမ်ဆိပ်ရပ်ကွက်မှာရှိတဲ့ သိမ်ဆိပ်နယ်မြေရဲစခန်းကို မနက် ၉ နာရီခွဲလောက်မှာ နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့က ဒရုန်းဗုံးသီး ၃ လုံးနဲ့ ပစ်ချတိုက်ခိုက်ခဲ့တာလို့ ရဲစခန်းနဲ့နီးစပ်သူတယောက်က ပြောပါတယ်။

“မနက်က PDF တွေဒရုန်းနဲ့ဗုံးလာချတာ၊ စခန်းမှူးရုံးခန်းပေါ်ကို ၁ လုံး၊ ဘန်ကာပေါ်ကို ၁ လုံးနဲ့ စခန်းနဲ့ ဘန်ကာကြားကို ၁ လုံးပေါက်ကွဲခဲ့တာ။ လူထိခိုက်မှုတော့မရှိပါဘူး” လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအပြီး ဒရုန်းဟာ ရဲစခန်းရဲ့ အရှေ့တောင်ဘက်ကို ပျံသန်းသွားတုန်း လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခံရပြီး ပျက်ကျဆုံးရှုံးခဲ့တယ်လို့ သထုံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(TPDF) တာဝန်ရှိသူတဦးက ပြောပါတယ်။

“သိမ်ဆိပ်ရဲစခန်း၊ ခမရ ၉ နဲ့ အမတ ၃၁၄ ကို တပြိုင်တည်းဒရုန်းနဲ့တိုက်တာ။ ထိခိုက်ကျဆုံးမှုရှိပေမယ့် ဆက်လက်စုံစမ်းစစ်ဆေးနေတုန်းပါပဲ။ သိမ်ဆိပ်ရဲစခန်း တိုက်ခိုက်တဲ့အချိန်မှာ စစ်ကောင်စီဘက်က စက်လက်တွေ လက်နက်ငယ်တွေနဲ့ပြန်ပစ်တော့ ဒရုန်းတစီးပျက်ကျပြီး ဆုံးရှုံးခဲ့တယ်။ တိုက်ခိုက်ခံရပြီးတော့ သိမ်‌ဆိပ်ရဲစခန်းဝင်းထဲ လူဝင်လူထွက်ပိတ်လိုက်တယ်” လို့ ပြောပါတယ်။

တိုက်ခိုက်ခံရပြီးနောက် အမတ ၃၁၄ နဲ့ ခမရ ၉ တို့က လက်နက်ကြီးတွေနဲ့ ရွာတွေဘက်ကို ဆက်တိုက်ပစ်ခတ်နေတယ်လို့  ရွှေရောင်ပြရွာသားတဦးကပြောပါတယ်။

“သူတို့အခု လက်နက်ကြီးတွေနဲ့ ရွာတွေကိုပစ်နေတာ။ အနီးနားပတ်ဝန်းကျင်တွေမှာ ကျရောက်ပေါက်ကွဲပေမယ့် ထိခိုက်မှုတော့ ခုထိမရှိသေးဘူး” လို့ ပြောပါတယ်။

အဲဒီ တိုက်ခိုက်မှုကို KNU/KNLA တပ်မဟာ ၁ တပ်ရင်း ၂၊ PDF တပ်ရင်း၂ Drone တပ်ဖွဲ့၊ တပ်မဟာ Drone တပ်ဖွဲ့နဲ့ သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေး တော်လှန်ရေးတပ်ဖွဲ့ TPDF (P2-7805 တပ်ခွဲ ၁) တို့က ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၉ ရက်နေ့ မနက်ပိုင်းကလည်း သထုံမြို့နယ်၊ ကျိုက်က္ကော်မြို့က ရထားလမ်း ပြုပြင်နေတဲ့အဖွဲ့ ဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရသေးတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013