DVB Logo
Home
မြန်မာသတင်း
NUG ကာကွယ်ရေးဝန်ကြီး မန္တလေး PDF ရှေ့တန်းစစ်မြေပြင်သို့ ရောက်ရှိခဲ့
DVB
·
April 27, 2024
NUG ကာကွယ်ရေးဝန်ကြီး မန္တလေး PDF ရှေ့တန်းစစ်မြေပြင်သို့ ရောက်ရှိခဲ့
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ဟာ မန္တလေး PDF ရဲ့ ရှေ့တန်းစစ်မြေပြင်ကိုရောက်ရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ စစ်ရုံးချုပ်က ဒီနေ့ ဧပြီ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။

မန္တလေး PDF (MDY-PDF) ရဲ့ စစ်ဆင်ရေးသတင်းထုတ်ပြန်ချက်မှာ ဖော်ပြလာတာဖြစ်ပြီး ပြင်ဦးလွင်မြို့နဲ့ ၁၀ မိုင်အကွာက နောင်ချိုမြို့နယ်၊ သရက်ကုန်းကျေးရွာ စစ်စခန်းကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီးနောက် တိုက်ပွဲတွေမှာ စစ်သား ၆၀ လောက် သေဆုံးတယ်လို့ ဆိုပါတယ်။

ဧပြီ ၁၄ ရက်နေ့မှာ ပြင်ဦးလွင်မြို့က DSA စစ်တက္ကသိုလ်ကျောင်းဝန်းအတွင်းကို ရှော့တိုက်ဒုန်းအလုံး ၂၀ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဧပြီ ၁၅ ရက် မနက်အစောပိုင်းမှာ ပြင်ဦးလွင်မြို့နားက စစ်ကောင်စီတပ်စွဲထားတဲ့ သရက်ကုန်းကျေးရွာကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တနေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ်လုပ်ခဲ့ပေမဲ့ ညနေပိုင်းမှာတော့ သရက်ကုန်းကျေးရွာ စစ်စခန်းကို အပြီးသတ် သိမ်းပိုက်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေယာဉ်ဗုံးကြဲ တိုက်ခိုက်တာတွေကြောင့် အရပ်သားနေအိမ်တွေ ထိမှန်ပျက်စီးခဲ့သလို စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာများပြီး လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံအပါအဝင် ခဲယမ်း အမြောက်အများလည်း ရခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

သရက်ကုန်းရွာကိုပြန်ရဖို့ စစ်ကောင်စီက ဧပြီ ၁၉ ရက်နေ့မှာ ကြည်းကြောင်း၊ လေကြောင်းနဲ့ ပြင်းပြင်းထန်ထန် တန်ပြန်ထိုးစစ်ဆင်ပြီး ခုခံတိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ၁၅ ယောက် သေဆုံးတယ်လို့ ဆိုပါတယ်။

ဧပြီ ၂၀ ရက်မှာတော့ ပြည်သူ့ကာကွယ်ရေးရဲဘော် ၂ ယောက် ကျဆုံးခဲ့ပြီး ဧပြီ ၂၁ ရက်တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၃ ယောက်သေဆုံး၊ ၁၅ ယောက်လောက် ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

ဧပြီ ၂၁ ရက်နေ့မှာ စစ်ကောင်စီဟာ ပါဟက်ရွာ ဘုန်းကြီးကျောင်း၊ ဇာလီရွာ ဘုန်းကြီးကျောင်း၊ သရက်ကုန်း ဘုန်းကြီးကျောင်းတို့ကို လေကြောင်းတိုက်ခိုက်မှု ၇ ကြိမ် ပြုလုပ်ခဲ့ပြီး ဧပြီ ၂၂ ရက်ညပိုင်းမှာ စစ်ကောင်စီလက်နက်ကြီးရှိရာကို ဒရုန်းနဲ့ တိုက်ခိုက်လို့ စစ်သား ၃ ယောက်သေဆုံး၊ ၇ ယောက် ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

ဧပြီ ၂၃ ရက် မနက်မှာတော့ ထိတွေ့တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်လို့ စစ်သား ၁၅ ယောက်လောက် သေဆုံးပြီး ဧပြီ ၂၅ ရက် နေ့လယ်ပိုင်းတိုက်ပွဲမှာ စစ်သား ၁၃ ယောက် သေဆုံး၊ ၁၆ ယောက်လောက် ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၃၂ ကြိမ်လုပ်ခဲ့ပြီး သာသနာ့ အဆောက်အဦတွေ ဖြစ်တဲ့ ဘုန်းကြီးကျောင်းတွေထဲက ၂၆ ကြိမ် ကျရောက်ပေါက်ကွဲသလို ပြည်သူတွေနေတဲ့ ကျေးရွာတွေထဲက ၈ ကြိမ်ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013