DVB Logo
Home
မြန်မာသတင်း
မကွေးဗဟိုအကျဉ်းထောင်တွင် အကျဉ်းသား ၁ ဦး အဆိပ်သောက်
DVB
·
April 27, 2024
မကွေးဗဟိုအကျဉ်းထောင်တွင် အကျဉ်းသား ၁ ဦး အဆိပ်သောက်
Donate to DVB

မကွေးတိုင်းက မကွေးဗဟိုအကျဉ်းထောင် (ဒေါင်းသေထောင်) မှာ ဧပြီ ၂၅ ရက်နေ့က အကျဉ်းသား ၁ တယောက် အဆိပ်သောက်မှုဖြစ်ခဲ့တယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

အကျဉ်းထောင်ဝန်ထမ်းတယောက်က “သူ့မှာဘာစိတ်ခံစားချက်ရှိလဲတော့မသိဘူး။ အိမ်သာတို့၊ အုတ်ကန်တို့ဆေးတဲ့ အကယ်ဒမီ ကြွေဆေးရည်တွေသောက်ပစ်တာ။ အသက်တော့မသေပါဘူး။ ထောင်ဆေးရုံမှာတင်ထားပါတယ်” လို့ ဒီဗွီဘီကို ပြောပြပါတယ်။

အဆိပ်သောက်ခဲ့သူဟာ နိုင်ငံရေးမှုနဲ့ ထောင်ရဲ့အဆောင် ၃ မှာ ချုပ်နှောင်ခံထားရသူ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ထောင်တာဝန်ခံ ဇော်ထွန်း ဆီကို တယ်လီဖုန်းနဲ့ မေးမြန်းရာမှာ ‘ဒီဗွီဘီ သတင်းဌာနကပါ’ လို့ ပြောဆိုတုန်းမှာပဲ ပြန်မဖြေဘဲ ဖုန်းစက်ပိတ်ပစ်ခဲ့ပါတယ်။

မကွေးအကျဉ်းထောင်မှာ ထောင်အရာရှိတွေရဲ့ဖိနှိပ်မှုတွေကြောင့် အောက်ခြေထောင်ဝန်ထမ်းတွေ ထွက်ပြေးကြလို့ ဝန်ထမ်းလျော့နည်းလာတာကို အစားထိုးတဲ့အနေနဲ့ တခြားအမှု အကျဉ်းသားတွေကို အလုပ်ဘုတ်ကိုင်နေရာပေးပြီး နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် တခြားအကျဉ်းသားတွေကို ပြန်လည်ခိုင်းစေခိုင်းတာတွေရှိနေတယ်လို့ အကျဉ်းထောင်နဲ့နီးစပ်တဲ့ အသိုင်းအဝိုင်း ဆီကနေ သိရပါတယ်။

မကွေးအကျဉ်းထောင်ကနေ CDM ပြုလုပ်လာသူတတယောက်က “တခြားအမှုတွေကို အလုပ်ဘုတ်ကိုင်ထားတယ်။ အခန်းလူကြီးထားတယ်။ အခြားအမှုဆိုတာ ခိုးမှု၊ ဓားပြမှု၊ လူသတ်မှု၊ မုဒိမ်းမှုတွေ။ ထောင်ထဲမှာ သူတို့က နေရာရလာတော့ နိုင်ငံရေးသမားတွေကို တောင်ယာလုပ်ရတဲ့ အလုပ်ကြမ်းတွေခိုင်းလာတာရှိတယ်။ ကျွေးတဲ့ဆန်ကလည်း တော်တော်ညံ့လာတယ်။ အဆောင်တွေမှာက လူများတော့ ရေချိုးရင်လည်း ကော်ဖလားအသေးနဲ့ ခွက် ၂၀ ထက်ပိုမချိုးရဘူး။ ဆပ်ပြာမပြောင်တော့ အနာတွေပေါက်ကြတယ်။ ထောင်ထဲမှာ ရောဂါတခုခုဖြစ်ရင် ဆေးကုသဖို့ ဆိုတာလည်း ဆေးလုံလုံလောက်လောက်မရှိဘူး။ အကျဉ်းသားတွေရဲ့ အခြားအခက်အခဲတွေလည်း အများကြီးရှိသေးတယ်။ ကျနော့်အတွေ့အကြုံအရ အကျဉ်းသားတွေဟာ ထောင်ထဲမှာ လက်ရှိ တွေ့ကြုံနေရတဲ့ အခက်အခဲတွေကို မခံစားနိုင်ကြတော့လို့ ကိုယ့်ကိုယ်ကို အဆုံးစီရင်ကြတာများတယ်” လို့ ပြောပြပါတယ်။

မကွေးဗဟိုအကျဉ်းထောင်မှာ အကျဉ်းသားတွေကို ကျွေးတဲ့ ထမင်း ညံ့ဖျင်းတာကြောင့် ၂၀၂၄ ခုနှစ်၊ ဧပြီလအထိ အကျဉ်းသား ၂ ယောက်ထက်မနည်း အစာအိမ်နဲ့ပတ်သက်တဲ့ရောဂါဖြစ်ခဲ့ပြီး အချိန်မီ ဆေးကုသခွင့်မရတာနဲ့ ထောင်ဆေးခန်းမှာ ဆေးလုံလောက်မှုမရှိတာကြောင့် သေဆုံးခဲ့ရတယ်လို့ မကွေးအကျဉ်းထောင်နဲ့နီးစပ်တဲ့အသိုင်းအဝိုင်းဆီကနေ သိရပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ မကွေးတိုင်း လွှတ်တော်ဥက္ကဋ္ဌ ဦးတာနဲ့ မကွေးတိုင်းက အန်အယ်လ်ဒီအစိုးရလက်ထက် ဝန်ကြီးတချို့ကို မကွေးထောင်မှာ မတရား ဖမ်းဆီးချုပ်နှောင်ထားတာ ၃ နှစ်ကျော်လာခဲ့ပြီဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013