DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်ခေါင်းဆောင်နှင့် အဖွဲ့အစည်းများအပေါ် အီးယူပိတ်ဆို့မှုများကို သက်တမ်းတိုး
DVB
·
April 27, 2024
မြန်မာစစ်ခေါင်းဆောင်နှင့် အဖွဲ့အစည်းများအပေါ် အီးယူပိတ်ဆို့မှုများကို သက်တမ်းတိုး
Donate to DVB

မြန်မာနိုင်ငံက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါဝင်  လူပုဂ္ဂိုလ် ၁၀၃ ယောက်၊ မြန်မာ့စီးပွားရေးဦးပိုင်လိမိတက် အပါအဝင် အဖွဲ့အစည်း ၂၁ ခုအပေါ် ဥရောပသမဂ္ဂက ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို ၂၀၂၅ ခုနှစ်၊ ဧပြီ ၃၀ ရက်နေ့အထိ ၁ နှစ်သက်တမ်းတိုးလိုက်တယ်လို့ ဥရောပကောင်စီက ထုတ်ပြန်ပါတယ်။

ဒီမိုကရေစီကို ထိပါးနှောင့်ယှက်တာနဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အပါအဝင် မြန်မာနိုင်ငံက ဆက်လက်ဆိုးရွားနေဆဲ အခြေအနေတွေကို သုံးသပ်ပြီးတော့ အခုလို ကန့်သတ်ပိတ်ဆို့မှုတွေကို သက်တမ်းတိုးလိုက်တာဖြစ်ပါတယ်။

အရေးယူပိတ်ဆို့ခံရတဲ့အထဲမှာ လူပုဂ္ဂိုလ်အနေနဲ့ဆိုရင် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကစလို့ စစ်ကောင်စီအဖွဲ့ဝင်တွေ၊ စစ်ကောင်စီရဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေ၊ စစ်တိုင်းမှူးတွေ၊ တပ်မမှူးတွေ ပါဝင်ပါတယ်။

ပြီးတော့ တေဇ၊ အောင်မိုးမြင့်၊ နိုင်ထွဋ်အောင်၊ အောင်လှိုင်ဦး၊ စစ်တိုင်းအောင်၊ ကျော်မင်းဦး တို့လို လက်နက်ဝယ်ယူရေးနဲ့ ကန့်သတ်ထားတဲ့ ကုန်စည်နဲ့နည်းပညာတွေ စစ်ကောင်စီရရှိစေဖို့ ပံ့ပိုးကူညီသူတွေ ပါဝင်ပါတယ်။

အဖွဲ့အစည်းထဲမှာတော့ စစ်တပ်ရဲ့ စီးပွားရေးအဖွဲ့အစည်းဖြစ်တဲ့ ဦးပိုင်အပြင် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း၊  မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်း၊ မြန်မာ့သစ်လုပ်ငန်း၊ စစ်မှုထမ်းဟောင်းအဖွဲ့ တို့လို အဖွဲ့အစည်းတွေအပြင် ထူးကုမ္ပဏီအုပ်စု၊ IGE  ကုမ္ပဏီ၊ Asia Sun Group၊ Dynasty International Group၊ Royal Shune Lei၊ Sky Aviator၊ Star Sapphire  စတဲ့ပုဂ္ဂလိကကုမ္ပဏီတွေ ပါဝင်ပါတယ်။

ပြီးတော့ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း၊ အမှတ် ၁ နဲ့ ၂ သတ္တုတွင်းလုပ်ငန်း၊ စစ်ထောက်ချုပ်ရုံး၊ ကာကွယ်ရေး ပစ္စည်းစက်ရုံများ ညွှန်ကြားရေးမှူးရုံး၊ စစ်လက်နက်ပစ္စည်းဝယ်ယူရေး ညွှန်ကြားရေးမှူးရုံး စတဲ့ ဌာနနဲ့ လုပ်ငန်းတွေလည်း ပါဝင်ပါတယ်။

မြန်မာအပေါ် ဥရောပသမဂ္ဂက ဘဏ္ဍာရေးကူညီတာတွေ ရပ်ဆိုင်းထားတဲ့အပြင် စစ်ကောင်စီကို တရားဝင် လက်ခံရာရောက်တယ်လို့ ထင်မြင်ရစေနိုင်တဲ့ အကူအညီအားလုံးကိုပါ ရပ်ဆိုင်းထားတာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုနဲ့ နောက်ဆက်တွဲလုပ်ရပ်တွေကို အပြင်းထန်ဆုံး ထပ်မံရှုံ့ချပြီး  အကြမ်းဖက်မှုတွေ မြင့်တက်လာတာနဲ့အတူ နိုင်ငံတွင်းမှာ တော်လှန်ရေးကနေ ကာလရှည်ပဋိပက္ခဖြစ်လာတာကို ပူပန်မိတယ်လို့လည်း ထုတ်ပြန်ပါတယ်။

ကိုယ့်ပြည်သူကို အဆင်ခြင်မဲ့ အကြမ်းဖက်မှုတွေလုပ်နေတာ၊ အခြေခံလူ့အခွင့်အရေးတွေ ဆိုးဆိုးရွားရွား ချိုးဖောက်နေတာ၊ တရားမျှတမှုနဲ့ လူသားဆန်မှုကို ပြောင်ပြောင်တင်းတင်း အလေးမထားတားတွေကိုလည်း ဝေဖန်ထားပါတယ်။

ဥရောပသမဂ္ဂဟာ မြန်မာပြည်သူတွေရဲ့ လွတ်လပ်၊ ငြိမ်းချမ်းတဲ့ ဒီမိုကရက်တစ်အနာဂတ်အတွက် ကြိုးပမ်းအားထုတ်မှု အပေါ်မှာလည်း မယိုင်မလဲ ဆက်လက်ထောက်ခံသွားမယ်လို့ ထုတ်ပြန်ပါတယ်။

sources-eur-lex.europa.eu

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013