
ဥရောပကော်မရှင်ဟာ တရုတ်နိုင်ငံကနေ တင်သွင်းတဲ့ ဟိုက်ဘရစ် မော်တော်ကား အရေအတွက်ကို တဝက်လောက် လျှော့ချဖို့ ပေကျင်းအစိုးရနဲ့ သဘောတူညီထားတဲ့ ကာကွယ်ရေးအစီအမံတွေထက် ပိုမိုကျော်လွန်တဲ့ တခြားတင်းကျပ်တဲ့ ကန့်သတ်ချက်တွေကိုပါ အဆိုပြုသွားမယ်လို့ ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာဖွှန်ဒယ်လေယန်က အောက်တိုဘာ ၁၆ ရက်မှာ ပြောပါတယ်။
အီးယူထိပ်သီးအစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ ဖွှန်ဒယ်လေယန်က တရုတ်နဲ့ ရရှိထား တဲ့ သဘောတူညီချက်ဟာ ရေရှည်ကြုံတွေ့နေရတဲ့ ကုန်သွယ်မှု မမျှတမှုကို ဖြေရှင်းပေးနိုင်မှာ မဟုတ်ဘူးလို့ ပြောသွားခဲ့ပါတယ်။
၂၀၂၅ ခုနှစ်မှာ အီးယူရဲ့ တရုတ်နဲ့ ကုန်သွယ်မှုလိုငွေပြမှုဟာ တရက်ကို ယူရို ၁ ဘီလီယံ ရှိခဲ့ပြီး ၂၀၂၆ ခုနှစ်မှာ ဒီထက်မက ပိုဆိုးလာနိုင်ကြောင်း၊ ဒါဟာ လုံးဝ လက်ခံနိုင်စရာမရှိဘဲ ရေရှည်ဆက်သွားလို့ မရတော့တဲ့ ပြဿနာဖြစ်ကြောင်း ထောက်ပြခဲ့ပါတယ်။
ဒီဆွေးနွေးကြောင့် ဟိုက်ဘရစ်ယာဉ်တင်ပို့မှုတွေကို လျှော့ချဖို့ တရုတ်ဘက်က ပထမဆုံးအကြိမ် သဘောတူညီချက် ရရှိခဲ့ပြီခဲ့သလို၊ အီးယူရဲ့ စက်မှု/စိုက်ပျိုးရေး တင်ပို့မှုတွေအတွက် တရုတ် ဈေးကွက်ထဲ ပိုမိုဝင်ရောက်ခွင့် ရရှိခဲ့ပါတယ်လို့ ဖွှန်ဒယ်လေယန်က ပြောပါတယ်။
ဒါ့အပြင် မြေရှားသတ္တုနဲ့ သံလိုက်တင်ပို့မှု ကန့်သတ်ချက်တွေမှာလည်း ပိုပြီး ခန့်မှန်းရလွယ်ကူတဲ့ စည်းမျဉ်းတွေ ရရှိခဲ့တာပါ။
ဒါပေမဲ့ လျှပ်စစ်ယာဉ်နဲ့ ဟိုက်ဘရစ်ယာဉ် ကဏ္ဍတခုတည်းမှာ တိုးတက်မှုရှိလာရုံနဲ့ ဖွဲ့စည်းပုံဆိုင်ရာ မညီမျှမှု ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်တာကြောင့် လက်ရှိ ရှိပြီးသား ကုန်သွယ်မှုကာကွယ်ရေး ယန္တရားတွေကို အသုံးပြုပြီး အခြား ကာကွယ်ရေးနည်းလမ်းတွေကိုပါ သုံးရတာလို့ ဆိုပါတယ်။
ဒါ့အပြင် ဥရောပတခွင်မှာ ရုရှားရဲ့ ပေါင်းစပ်စစ်ဆင်ရေးပုံစံ လုပ်ဆောင်ချက်တွေ ပိုပြင်းထန် လာတာနဲ့အမျှ ယူကရိန်းအတွက် နိုင်ငံတကာအသိုက်အဝန်းဘက်မှ ကူညီထောက်ပံ့မှုတွေနဲ့ ဘဏ္ဍာရေးအကူအညီတွေ ပိုမိုပေးအပ်ကြဖို့ ဖွှန်ဒယ်လေယန်နဲ့ ဥရောပကောင်စီဥက္ကဋ္ဌ အန်တိုနီယိုကိုစ်တာတို့ ၂ ဦးစလုံးက တိုက်တွန်းပြောပါတယ်။
Source:Reuters











