DVB Logo
Home
မြန်မာသတင်း
အမျိုးသမီးအခွင့်အရေး နှိပ်ကွပ်ရန် စစ်အုပ်စုက ကျား-မအခြေပြု အကြမ်းဖက်မှုများ ကျူးလွန်နေ
DVB
·
April 16, 2026
Photo: Permanent Mission of Myanmar to the United Nations
Photo: Permanent Mission of Myanmar to the United Nations
Donate to DVB

အာဏာသိမ်းစစ်အုပ်စုဟာ မြန်မာအမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကို ခြိမ်းခြောက်နှိပ်ကွပ်ဖို့ ကိုယ်ထိလက်ရောက်ဖြစ်စေ၊ ဒစ်ဂျစ်တယ်နည်းပညာ အခြေခံလို့ဖြစ်စေ ကျား-မအခြေပြု အကြမ်းဖက်မှုတွေကို ကျူးလွန်နေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးချိန်ကစပြီး စစ်အုပ်စုဟာ အမျိုးသမီးသတင်းထောက်တွေနဲ့ လူ့အခွင့်အရေး ကာကွယ်သူတွေရဲ့ အသံနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိန်းချုပ်ဖို့ ကြိုးပမ်းရာမှာ အမျိုးသမီးတွေပေါ် နှိမ့်ချတဲ့ အကြောင်းအရာတွေကို အွန်လိုင်းကနေတဆင့် ဖြန့်ချိနေသလို ကိုယ်ရေးအချက်အလက်တွေ ဖော်ထုတ်ခြင်းအားဖြင့် နည်းပညာအသုံးပြု ကျား-မ အခြေပြု အကြမ်းဖက်မှုအမျိုးမျိုးကို ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။

နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ဧပြီ ၁၃ ရက်မှ ၁၇ ရက်အထိ ကျင်းပတဲ့ ကုလသမဂ္ဂ လူဦးရေနှင့် ဖွံ့ဖြိုးတိုးတက်ရေးကော်မရှင် ၅၉ ကြိမ်မြောက် အစည်းအဝေးမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားခဲ့တာပါ။

မတရား စစ်အာဏာသိမ်းမှု အပြီးမှာ နည်းပညာကို ဖိနှိပ်ရေး၊ နိုင်ထက်စီးနင်းပြုကျင့်ရေး၊ နှိပ်စက်ညှဉ်းပန်းရေး၊ ရည်ရွယ်ချက်ရှိရှိနဲ့ အလိမ်အညာ သတင်းမှားတွေ ဖြန့်ဝေရေးတို့အတွက် လက်နက်တခုသဖွယ်  အသုံးချလာခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်အုပ်စုရဲ့ အင်တာနက်ဖြတ်တောက်ခြင်း၊ ဝက်ဘ်ဆိုက်တွေကို ပိတ်ဆို့ခြင်း အပါအဝင် သတင်းအချက်အလက် ကန့်သတ်မှုတွေဟာ ဒစ်ဂျစ်တယ်ခေတ်မှာ လူငယ်တွေ ပုံမှန်ပညာရေးနဲ့ ပုံမှန်မဟုတ်တဲ့ ပညာရေး လေ့ကျင့်သင်ကြားမှုတွေနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိခြင်းကို ပိတ်ပင်စေခဲ့လို့လည်း သံအမတ်ကြီးက ပြောပါတယ်။

လက်ရှိမှာ စစ်အာဏာရှင်ဟာ လူတယောက်ချင်းစီကို စောင့်ကြည့်ထိန်းချုပ်‌ရေးစနစ် (Personal Scrutinization and Monitoring System- PSMS)  ကို အသက်သွင်း အသုံးပြုခြင်းဖြင့် လူထုအပေါ် စောင့်ကြပ်ထောက်လှမ်းမှုကို တိုးမြှင့်ဆောင်ရွက်နေပြီး သူတို့ကိုဆန့်ကျင်သူတွေနဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်သူတွေကို ဖော်ထုတ်ဖမ်းဆီးနေတယ်လို့ သံအမတ်ကြီးက ထောက်ပြထားပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်အုပ်စုဟာ သူတို့ရဲ့ ဝါဒဖြန့်မီဒီယာတွေ၊ တယ်လီဂရမ်အုပ်စုတွေနဲ့ သူတို့ထိန်းချုပ်ထားတဲ့ ချန်နယ်တွေကို အသုံးပြုပြီး ပြည်သူလူထုနဲ့ နိုင်ငံတကာ အသိုက်အဝန်းထံ အလိမ်အညာနဲ့ သတင်းအတုအယောင်တွေ  ဖြန့်ချိနေတဲ့ အကြောင်းတွေကိုလည်း သံအမတ်ကြီးက ကုလသမဂ္ဂမှာ ပြောကြားခဲ့ပါတယ်။

ဒါ့ကြောင့် အကြမ်းဖက်စစ်အာဏာရှင်စနစ် အမြစ်ပြတ် ပပျောက်စေရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး မြန်မာပြည်သူတွေရဲ့ ဘုံကြိုးပမ်းမှုများအတွက် မြန်မာပြည်သူတွေနဲ့အတူ  ထိရောက်တဲ့ ပံ့ပိုးကူညီမှုတွေ ပေးအပ်ကြဖို့ နိုင်ငံတကာ အသိုက်အဝန်းကို သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ မြို့နယ်ပေါင်း ၃၃၀ အနက် ထက်ဝက်ကျော်ဟာ သတင်းအချက်အလက် ရယူပိုင်ခွင့် ပိတ်ပင်ခြင်း ခံထားရပြီး ပညာရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်း ချို့တဲ့မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ တရားမဝင် အတင်းအဓမ္မ စစ်မှုထမ်းခိုင်းစေတာတွေဟာ မြန်မာလူငယ်တွေရဲ့ အနာဂတ်ကို ဖျက်ဆီးပစ်ခဲ့ကြောင်းနဲ့ ဒီစိန်ခေါ်မှုတွေကနေ လွတ်မြောက်နိုင်ဖို့ မြန်မာလူငယ်ပေါင်း ၅၀၀,၀၀၀ လောက် နိုင်ငံတွင်းမှ ထွက်ခွာခဲ့ကြရတယ်လို့ ကုလသမဂ္ဂ အေဂျင်စီတွေက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013