DVB Logo
Home
မြန်မာသတင်း
BNRA နှင့် ယင်းမာပင်ခရိုင်တပ်ဖွဲ့များအကြား အပြန်အလှန် ဖမ်းဆီးမှုများ ဖြစ်ပွား
DVB
·
April 26, 2024
BNRA နှင့် ယင်းမာပင်ခရိုင်တပ်ဖွဲ့များအကြား အပြန်အလှန် ဖမ်းဆီးမှုများ ဖြစ်ပွား
Donate to DVB

ဗိုလ်နဂါးရဲ့ BNRA တပ်ဖွဲ့တွေနဲ့ NUG လက်အောက်ခံ ယင်းမာပင်ခရိုင် PDF တပ်ရင်းတွေအကြား သစ်ကိစ္စနဲ့ပတ်သက်လို့ အပြန်အလှန် ဖမ်းဆီးမှုတွေဖြစ်ပွားနေပြီး ပြေလည်မှုမရသေးဘဲ အခြေအနေတင်းမာနေပါတယ်။ 

ဧပြီ ၂၃ ရက်နေ့ ညမှာ ဗိုလ်နဂါးဦးဆောင်တဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် - BNRA တပ်ဖွဲ့ဝင်တွေက ပုလဲမြို့နယ်တနေရာမှာ NUG ကာကွယ်ရေးဝန်ကြီးဌာန MOD လက်အောက်ခံ ယင်းမာပင်ခရိုင်တပ်ရင်းတပ်ဖွဲ့တွေရဲ့ သစ်တင်ကား တစီးကို ဖမ်းဆီးခဲ့တာပါ။ 

အဲ့ဒီကားပေါ်မှာ သစ်အချော ၄ တန်နီးပါး တင်ဆောင်ခဲ့တာဖြစ်ပြီး ယင်းမာပင်ခရိုင်တပ်ရင်းတွေက ပြန်ပေးဖို့ တောင်းဆိုရာမှာ နှစ်ဖက် မကျေလည်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဧပြီ ၂၄ ရက်နေ့မှာ BNRA တပ်ရင်း ၁ နယ်မြေထဲကို ဝင်လာတဲ့ ယင်းမာပင်ခရိုင်တပ်ရင်း ၆ က တပ်ဖွဲ့ဝင် ၃၀ ကို ဗိုလ်နဂါးတို့က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ယင်းမာပင်ခရိုင်တပ်ရင်းတွေဘက်လည်း ဗိုလ်နဂါးရဲ့ ဆွေမျိုးတော်စပ်သူ ၃ ယောက်အပါအဝင် BNRA နဲ့ဆက်စပ်သူ အယောက် ၂၀ ကို ပြန်လည်ဖမ်းဆီးခဲ့ပါတယ်။

ဗိုလ်နဂါးက “ဝန်ကြီးဌာနကလည်း စစ်တပ်လိုပဲ၊ ငါတို့ရဲ့ COC အောက်မှာ နေရင်ပြီးတာပဲ၊ ဘာလုပ်လုပ်ဆိုတာမျိုး ခွင့်ပြုထားတာလား။ အခု အချင်းချင်းတိုက်ဖို့ခိုက်ဖို့ လုပ်တဲ့ကိစ္စ။ ဒါက အရမ်းဆိုးရွားတဲ့ကိစ္စတောင်မှ သူတို့တွေဘာမှ ပြင်းပြင်းထန်ထန် ကိုင်တွယ်တာလည်းမရှိဘူး။ ကျနော်တို့ကိုဆက်သွယ်ပြီး မေးမြန်းတာလည်း မရှိဘူးဆိုတော့ မရိုးသားဘူးလို့ မြင်ပါတယ်။ ဒီသစ်ထုတ်နေတဲ့ကိစ္စတွေနဲ့ ကျနော်တို့ကို တိုက်ခိုက်ဖို့လုပ်တဲ့ကိစ္စ နှစ်ရပ်စလုံးက ဝန်ကြီးဌာနကိုလည်း တိုက်ရိုက်အကြောင်းကြားလိုက်တယ်။ ဒါပေမဲ့ ကျကျနန ကိုင်တွယ် တာတော့ မတွေ့ရဘူးဗျ။ ကျနော်တို့ကတော့ အစိုးရတရပ်အနေနဲ့အမည်ခံထားလို့လည်း ဒါကို အထိုက်အလျောက် နားလည်လက်ခံပေးထားတယ်။ ဒါပေမဲ့ တော်လှန်ရေး အဖွဲ့တွေအပေါ်မှာ ဖိနှိပ်ဖို့ လုပ်လာတယ်ဆိုရင်တော့ ကျနော်တို့အနေနဲ့ ဒါကို လုံးဝလက်ခံမှာမဟုတ်ဘူး" လို့ ပြောပါတယ်။

ဧပြီ ၂၅ ရက်နေ့မှာတော့ BNRA က ဖမ်းဆီးထားတဲ့ ယင်မာပင်ခရိုင်တပ်ရင်းတပ်ဖွဲ့ဝင် ၃၀ ထဲက ၂၂ ယောက်ကို ပြန်လွှတ်ပေးခဲ့ပြီး ကျန် ၈ ယောက်နဲ့ လက်နက်တွေကို ဆက်လက် ထိန်းသိမ်းထားပါတယ်။ 

ယင်းမာပင်ခရိုင်တပ်ရင်းတွေကလည်း ဖမ်းဆီးထားသူ ၂၀ ထဲက ၃ ယောက် ကိုပြန်လွှတ်ပေးထားပြီး ၁၇ ယောက်ကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်တယ်လို့ သိရပါတယ်။ 

BNRA က ဖမ်းဆီးထားတဲ့ သစ်ကားကိုတော့ ယင်းမာပင်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့တွေဆီကို ဗိုလ်နဂါးက ပြန်အပ်နှံထားပြီး ပြည်သူတွေရဲ့ မီးလောင်နေအိမ်တွေ ပြန်လည်တည်ဆောက်ရာမှာ အသုံးပြုဖို့ ကတိကဝတ်ပြန်ယူထားတယ်လို့ သိရပါတယ်။

ယင်းမာပင်ခရိုင်တပ်ရင်း ၄ ရဲ့ တပ်ရင်းမှူးက “ပကဖ၊ ပလဖရဲ့ ခွင့်ပြုချက်နဲ့ ကျနော်တို့ တပ်ရင်းတပ်ဖွဲ့ ရဲဘော် မီးလောင်သွားတဲ့ အိမ်အတွက် သစ်အနည်းငယ်၊ အိမ်ဆောက်ပစ္စည်း အနည်းငယ်ချလာတာမယ် ည ၁၂ နာရီ မိနစ် ၂၀ ဝန်းကျင်မှာ သူတို့အင်အား ၅၀ လောက်နဲ့ လက်နက်နဲ့ ခြိမ်းခြောက်ပြီးကာမှ သစ်ကားကိုမောင်းယူသွားတယ်လေ။ တိုက်ပွဲက မဖြစ်ဘူးဆိုတာက ကျနော်တို့က ရဲဘော်အိမ်ဆောက်ဖို့ရာလည်း မြို့နယ်အုပ်ချုပ်ရေး အဖွဲ့အစည်းတွေရဲ့ ခွင့်ပြုချက်ရပြီးသား အနေအထားနဲ့ဆိုတော့ ဒီဥစ္စာ ပြန်ပေးမှာလား၊ မပေးဘူးလား အဲ့လိုမျိုးပဲမေးလိုက်တော့ နောက်ပိုင်း သူပြန်ပေးတယ်။ တိုက်ပွဲတော့မဖြစ်ပါဘူး။ သူလည်း သူယုံကြည်ရာ လမ်းကြောင်းတွေလျှောက်ပြီး ကျနော်တို့ တပ်ရင်းတပ်ဖွဲ့တွေ တော်လှန်ရေး အဖွဲ့အစည်းချင်းလာပြီးကာမှ အဖျက်သဘောတွေနဲ့ ဒုက္ခပေးမဲ့ ပုံစံမျိုးတွေမလုပ်ရင် ကျနော်တို့က ပြီးပါပြီ။ ဒုက္ခပေးရင် ဘယ်သူမှလည်း ငြိမ်ခံမှာတော့ မဟုတ်ဘူးပေါ့နော်။ အခုအချိန်မှာ တော်လှန်ရေးကာလဖြစ်တဲ့အတွက် လက်နက်ကိုင်ထားတဲ့ အနေအထားတွေဖြစ်တော့ လက်နက်ကိုင်အဖွဲ့အချင်းချင်းကို သွားပြီး ရန်စရင်တော့ ပစ်တာတွေ ခတ်တာတွေ ဖြစ်မှာစိုးရတယ်ပေါ့ ပြောရရင်။ အဲ့ဒါကြောင့် ကိုယ့်အလုပ်တွေကိုပဲ တစိုက်မတ်မတ် ကောင်းကောင်းမွန်မွန်လုပ်ကြတာ အကောင်းဆုံးပဲလို့ ပြောချင်ပါတယ်” လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ကိုအခြေစိုက်ပြီး ပေါ်ပေါက်လာတဲ့ ဗိုလ်နဂါးရဲ့ BNRA တပ်ဖွဲ့ဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ မကျေလည်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့တာပါ။ 

စစ်ကိုင်းတိုင်း ၃၇ မြို့နယ်မှာ ကျေးရွာအလိုက် မြို့အလိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့ LPDF ထောင်နဲ့ချီရှိနေပြီး တစုတစည်းတည်းဖြစ်အောင် NUG ဘက်က မစုစည်းနိုင်သေးတာကြောင့် တချို့သော တော်လှန်ရေးအင်အားစု လက်နက်ကိုင်အဖွဲ့ငယ်တွေအကြားမှာ အပြုသဘောမဆန်တဲ့ ထိတွေ့မှုတွေရှိခဲ့ပါတယ်။

သုတချမ်းသာ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013