စစ်သည်နဲ့ လေတပ်အမှုထမ်း ၁၂၅ ယောက် လိုက်ပါလာတဲ့ ကိုလံဘီယာလေတပ်က စစ်လေယာဉ်တစင်းဟာ အမေဇုန်ဒေသ တောင်ပိုင်းမှာ မတ် ၂၃ ရက်က ပျက်ကျခဲ့ပြီး လူ ၆၆ ယောက်ထက်မနည်း သေဆုံးတယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။
ပီရူးနိုင်ငံနယ်စပ်အနီး ပွာတို လီဂွီဇာမို (Puerto Leguízamo) မြို့ကနေ ထွက်ခွာလာတဲ့ Hercules C-130 စစ်လေယာဉ်ဟာ ပျံတက်ပြီး သိပ်မကြာခင်မှာပဲ ပျက်ကျခဲ့တာပါ။
လေယာဉ်ပေါ်မှာ လေတပ်အဖွဲ့ဝင် ၁၁ ယောက်နဲ့ စစ်သည် ၁၁၄ ယောက် လိုက်ပါသွားတယ်လို့ ကိုလံဘီယာ လေတပ်အကြီးအကဲ ကားလို့စ် ဖာနန်ဒို ဆေးလ်ဗားက ပြောပါတယ်။
အခုချိန်ထိ ဒဏ်ရာရသူ ၄၈ ယောက်ကို ကယ်ဆယ်ထားနိုင်ပေမဲ့ ဆေးရုံတွေမှာ လူနာတွေ ပြည့်လျှံနေတယ်လို့ ဒေသဆိုင်ရာ မြို့တော်ဝန်က ဆိုပါတယ်။
သေဆုံးသူ ၆၆ ယောက်ရှိတယ်လို့ အတည်ပြုထားပြီး ကျန်ရှိနေသူတွေကို ဆက်လက်ရှာဖွေနေဆဲ ဖြစ်ပါတယ်။
လေယာဉ်ဟာ ပျံတက်ရာနေရာနဲ့ ၁ ဒသမ ၅ ကီလိုမီတာအကွာမှာ ပျက်ကျခဲ့ပြီး မီးလောင်ရာကနေ လေယာဉ်ပေါ်ပါလာတဲ့ ခဲယမ်းတွေ ပေါက်ကွဲခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီး ပေဒရို ဆန်းချက်ဇ်က ရှင်းပြပါတယ်။
ကိုလံဘီယာသမ္မတ ဂူစတာဗို ပေထရိုကတော့ ဒါဟာ လုံးဝမဖြစ်သင့်တဲ့ ဆိုးရွားလှတဲ့ မတော်တဆမှုဖြစ်တယ်လို့ ဝမ်းနည်းစကားဆိုပါတယ်။
ပျက်ကျရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပေမဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် ဆိုတာကိုတော့ ပယ်ချထားပါတယ်။










