DVB Logo
Home
မြန်မာသတင်း
မူဆယ်တွင် ပြန်ပေးဆွဲအဖွဲ့ဝင် ၈ ဦး ကို စစ်တပ်ကဖမ်းဆီးသွားပြီးနောက် ပစ်သတ်ခံရ
DVB
·
April 25, 2024
မူဆယ်တွင် ပြန်ပေးဆွဲအဖွဲ့ဝင် ၈ ဦး ကို စစ်တပ်ကဖမ်းဆီးသွားပြီးနောက် ပစ်သတ်ခံရ
Donate to DVB

တရုတ် - မြန်မာနယ်စပ်၊ မူဆယ်မြို့မှာ ဧပြီ ၁၉ ရက် ကနေ ၂၂ ရက်အတွင်း စစ်ကောင်စီ တပ်မ ၉၉ နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့က  ဖမ်းဆီးပြီး စစ်တပ်ဗျူဟာထဲ ခေါ်ဆောင်သွားတဲ့ ပြန်ပေးဆွဲအဖွဲ့ဝင်  ၉ ဦးထဲက ၈ ဦး အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြန်ပေးဆွဲအဖွဲ့ခေါင်းဆောင် တရုတ်လူမျိုးကလွဲပြီး ကျန်တဲ့ ၈ ဦးကို ဧပြီ ၂၃ ရက်ညနေက မူဆယ်မြို့ပြင်တနေရာမှာ စစ်ကောင်စီတပ်က ပစ်သတ်လိုက်တာလို့ ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။

ပြန်ပေးဆွဲအဖွဲ့ ခေါင်းဆောင်ကိုတော့ ပြည်သူ့စစ်နဲ့ စစ်ကောင်စီတပ်က ဘယ်လို ညှိနှိုင်းလိုက်လို့ အသတ်မခံရတာလဲ ဆိုတာတော့ မသိရဘူးလို့ သူက ပြောပါတယ်။

မူဆယ်မှာတော့ ပြန်ပေးဆွဲ၊ ဓားပြအဖွဲ ၅ ဖွဲ့ ထက်မနည်းရှိပြီး အများစုက ပြည်သူ့စစ်နဲ့ ဆက်စပ်နေသလို တချို့ကတော့ သီးသန့်အဖွဲ့ဖွဲ့ထားတဲ့ ဂိုဏ်းတွေလည်းရှိနေကာ တချို့က ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေနဲ့ ဆက်စပ်မှုလည်း ရှိနိုင်တယ်လို့ ဆိုပါတယ်။

မုံးကိုးဒေသခံတဦးက “မုံးကိုးက ကလေးတယောက်ပါတယ်။ အဲကလေးက အရမ်းလိမ္မာတဲ့ ကလေးပါ။ ‌ကျားဖြန့်ကုမ္ပဏီမှာ တံခါးစောင့်‌ အလုပ်လုပ်နေတဲ့ကလေးပါ။ လာခေါ်တော့ သူဌေးတွေ လာခေါ်တယ်ထင်ပြီး တံခါးဖွင့်ပေးလိုက်တာတဲ့။ အသက်က ၂၀ တောင် မရှိသေးဘူး” လို့ ပြောပါတယ်။

အသတ်ခံရတဲ့ ပြန်ပေးဆွဲအဖွဲ့မှာ တက္ကသိုလ်တက်မယ့် လူငယ်တွေလည်းပါနေတယ်လို့လည်း ကွတ်ခိုင်ဒေသခံတဦးက ပြောပါတယ်။

"၁၀ တန်းအောင်ပြီး တက္ကသိုလ်တက်ဖို့ အဲဒီဘက် ပိုက်ဆံသွားရှာတာ။ ဆယ်တန်းအောင်ပြီး ဂုဏ်ပြုပွဲ လုပ်‌တာတောင် မကြာသေးဘူး" လို့ နောက်ထပ် ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။

၂၀၂၃ နှစ်ကုန်ပိုင်းမှာ ၂ ကြိမ်ဖမ်းမိတဲ့ ပြန်ပေးဆွဲအဖွဲ ၂ ဖွဲ့ကတော့ ပြည်သူ့စစ်အဖွဲ့တွေ ဖြစ်တယ်လို့ ဌာနဆိုင်ရာ လူကြီးတဦးက ပြောပြပါတယ်။

ဒေသခံတွေကဝောာ့ မူဆယ်မှာ ပြန်ပေးဆွဲ ဓားပြတိုက်နေတဲ့ လူတွေရဲ့နောက်ကွယ်က ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေနဲ့ ဘယ်သူက အဓိက ပါဝင် ဦးဆောင်နေသလဲဆိုတာကို အမြန်ဆုံး ဖော်ထုတ်စေချင်တယ်လို့ ပြောနေကြပါတယ်။

၂၀၂၃ နှစ်ကုန်ပိုင်းကစ မူဆယ်မှာ ပြန်ပေးဆွဲ၊ ဓားပြတိုက်မှု ပိုဆိုးဝါးလာပြီး သံတိုသံစ ရောင်းဝယ်သူပါမကျန် ဆိုင်ရှင်၊ လုပ်ငန်းရှင် တွေ ပြန်ပေးဆွဲ ခံနေရတဲ့အပြင် အသက်အန္တရာယ်ပါ ခြိမ်းခြောက်ခံနေရလို့ ဆိုင်တွေ ပိတ်သိမ်းကာ ဘေးကင်းရာ တိမ်းရှောင်နေကြရပါတယ်။

ပုံစာ- အမှန်ခြစ်ထားသည့် အဖွဲ့ခေါင်းဆောင်မှလွဲပြီး ကျန် ၈ ဦး အသတ်ခံရ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013