DVB Logo
Home
မြန်မာသတင်း
ညောင်တုန်းတွင် စစ်မှုထမ်းထောက်ပံ့ရန် တအိမ် ငွေ ၂၀,၀၀၀ ခြိမ်းခြောက်ကောက်ခံနေ
DVB
·
April 25, 2024
ညောင်တုန်းတွင် စစ်မှုထမ်းထောက်ပံ့ရန် တအိမ် ငွေ ၂၀,၀၀၀ ခြိမ်းခြောက်ကောက်ခံနေ
Donate to DVB

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းမယ့်သူတွေကို ထောက်ပံ့ဖို့အတွက်ဆိုပြီး တအိမ်ကို ငွေကျပ် ၂၀,၀၀၀ အထိ ဖိအားပေး ကောက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧပြီ ၂၀ ရက်ကစတင်ပြီး စစ်မှုထမ်းမယ့်သူတွေကို ထောက်ပံ့ဖို့အတွက်ဆိုပြီး အုပ်ချုပ်ရေးမှူးတွေက တအိမ်ကို ငွေကျပ် ၂၀,၀၀၀ စီ သတ်မှတ်ကာ အရပ်သားတွေကို အစည်းအဝေးလို့ ခေါင်းစဉ်တပ် ဆင့်ခေါ် ကောက်ယူနေတာလို့ ဒေသခံတွေက ပြောပါတယ်။

ကိုယ်တွေ့ကြုံရတဲ့ ညောင်တုန်းဒေသခံတဦးက“အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်း မဲပေါက်တဲ့သူတွေကို ထောက်ပံ့ပေးဖို့ဆိုပြီး ဒေသခံတွေဆီမှာ အတင်းငွေကောက်နေတာ၊ တအိမ်ကို ငွေ ၂၀,၀၀၀ မဖြစ်မနေကို ထည့်ရတာ။ ကောက်တဲ့ငွေအတိုင်း မပေးရင် စစ်မှုထမ်းရမယ့်စာရင်းထဲ ထည့်လိုက်မှာလို့ ခြိမ်းခြောက်သေးတယ်။ ကြောက်တော့ ထည့်တဲ့သူ များတာပေါ့” လို့ ပြောပါတယ်။

ညောင်တုန်းမြို့နယ်မှာ အခုလို ရပ်ကွက်နဲ့ ကျေးရွာတွေမှာ စစ်မှုထမ်းမယ့်သူတွေကို ထောက်ပံ့ဖို့ဆိုပြီး ငွေကောက်တဲ့ အုပ်ချုပ်ရေးမှူးတွေဟာ စစ်ကောင်စီတက်လာပြီး ဒုအကြိမ်ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေဖြစ်ပြီး စစ်မှုထမ်းဖို့ကိစ္စတွေ မလုပ်ခင်ကလည်း အရပ်သားတွေဆီမှာ လမ်းကြေး၊ ကင်းကြေးဆိုပြီး ခေါင်းစဉ်အမျိုးမျိုးတပ် ကောက်ခဲ့သေးတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“အမျိုးမျိုး ခြိမ်းခြောက် ငွေကောက်နေတာ။ ကျမတို့ဘက်က အုပ်ချုပ်ရေးမှူးတွေက အတော်ဆိုးတယ်၊ မဆိုးတဲ့အုပ်ကြီး တယောက်မှမရှိဘူး။ သူတို့ကလည်း အထက်ကခိုင်းလို့ လုပ်တာတဲ့။ တအိမ် ၂၀,၀၀၀ မထည့်ရင် မိမိတာဝန်ပဲလို့ ပြောတယ်။ အဖမ်းမခံနိုင်တော့ ထည့်ရတာပေါ့” လို့  နောက်ထပ် ဒေသခံတယောက်က ပြောပါတယ်။

ဒါ့အပြင် ညောင်တုန်းမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ရဲတွေက ဦးဆောင်ပြီး စစ်မှုထမ်းဖို့ မစိုးရိမ်နဲ့၊ နိုင်ငံသားတာဝန်ကျေဖို့ စစ်မှုထမ်းစို့ ဆိုတဲ့ အချက် ၁၅ ချက်အထိပါတဲ့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေစည်းရုံးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ညောင်တုန်းမြို့နယ်မှာ စစ်မှုထမ်းမယ့်သူတွေကို ထောက်ပံ့ပေးဖို့ဆိုပြီး အုပ်ချုပ်ရေးမှူးတွေက ငွေကောက်တာကို ထည့်ရတဲ့အိမ်ခြေ ၄၀၀ ထက်မနည်းရှိပြီး ကျေးရွာဘက်ကအိမ်တွေ အများဆုံး ငွေထည့်နေရတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013