DVB Logo
Home
မြန်မာသတင်း
ဂျိုင်းမြစ်တလျှောက် ကျေးရွာများကို ကြည်း၊ ရေ၊ လေ ပူးပေါင်းထိုးစစ်ဆင်
DVB
·
April 24, 2024
ဂျိုင်းမြစ်တလျှောက် ကျေးရွာများကို ကြည်း၊ ရေ၊ လေ ပူးပေါင်းထိုးစစ်ဆင်
Donate to DVB

မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ် နယ်စပ် ဂျိုင်းမြစ်တလျှောက်က ကျေးရွာတွေကို စစ်ကောင်စီက ကြည်း၊ ရေ၊ လေ ပူးပေါင်းပြီး အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင်းက ကော့ဘိန်း၊ ကော့ပေါက်၊ ဓမ္မသ၊ သံက‌လောင်၊ တရနာ၊ ကော့စွယ်၊ ကော့သပ် စတဲ့ကျေးရွာတွေကို  ဂျိုင်းမြစ်အတွင်းကနေ စစ်ကောင်စီစစ်သင်္ဘောက လက်နက်ကြီးပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်ပြီး မြေပြင်ကနေလည်း သံချပ်ကာကားတွေသုံးပြီး အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာပါ။

ဧပြီ ၂၂ ရက်က ဓမ္မသကျေးရွာမှာ စစ်ကောင်စီတပ်တွေနဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)၊ ပူးပေါင်းစစ်ကြောင်းတွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

စစ်ကောင်စီက ဆုံးရှုံးထားတဲ့ နယ်မြေတွေ ပြန်ပြီးရယူလိုတာကြောင့် ထိုးစစ်ဆင်နေတာလို့  မြေပြင်စစ်ရေးသတင်းရင်းမြစ် တာဝန်ရှိသူက ပြောပါတယ်။

“အဓိကကတော့ သူတို့ဆုံးရှုံးထားတဲ့နယ်မြေတွေ လက်လွှတ်ထားရတဲ့ နယ်မြေတွေ ပြန်ပြီးရယူလိုတာရယ် နောက်ထပ် နယ်မြေတွေ မဆုံးရှုံးအောင်ရယ်လို့ ထိုးစစ်ဆင်နေတာ။”

ဧပြီ ၁၉ ရက် မနက်ပိုင်းကလည်း ကျိုက်မရောမြို့နယ် ကျွန်းကုန်းကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ Lion Battalion Commando ဗျူဟာစစ်ကြောင်း၊ ပူးပေါင်းတပ်ဖွဲ့တွေနဲ့  တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းကနေ ရဟတ်ယာဥ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံနေအိမ်တချို့ ပျက်စီးခဲ့ပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဘက်က မျက်မြင် ၆ ဦး သေဆုံးပြီး ကျဆုံးသူနဲ့ ဒဏ်ရာရရှိသူ အရေအတွက် အတိအကျကိုတော့ အတည်မပြုနိုင်သေးဘူးလို့ Lion Battalion Commando ဗျူဟာစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက ထိုးစစ်ဆင်နေတာကြောင့် ဒေသခံပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ငဲ့ညှာပြီး ခွာစစ်ဆင် ဆုတ်ခွာပေးထားတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

“သူတို့(စကစ)က နေ့စဉ်လိုလို ပစ်ခတ်မှုတွေလုပ်တယ်။ ရေတပ်က ပစ်တယ်။ ပြီးရင် လေယာဉ်ပျံနဲ့ ပစ်တယ်။ တိုက်ပွဲမဖြစ်ပွားဘဲနဲ့ လေယာဉ်ပျံနဲ့ လာလာပစ်နေတာ။ တော်လှန်ရေးဘက်က ဒေသခံပြည်သူ ပြည်သားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ငဲ့ညှာသောအားဖြင့် ကျနော်တို့ဘက်က စစ်ကို ခွာစစ်ဆင်ပြီး ဆုတ်ခွာပေးထားတယ်။”

မတ် ၂၅ ရက်က ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာနယ်မြေရဲစခန်း သိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီစစ်သင်္ဘော၊ မြေပြင်လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဓမ္မသကျေးရွာ အပါအဝင် အနီးအနား ကျေးရွာက အိမ်ခြေ ၅၀၀ နီးပါး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။

ဒါ့အပြင် ဂျိုင်းမြစ်တလျှောက်က ကော့ဘိန်း၊ ကော့ပေါက်၊ ဓမ္မသ၊ သံက‌လောင်၊ တရနာ၊ ကော့စွယ်၊ ကော့သပ် စတဲ့ကျေးရွာ ၁၀ ရွာနီးပါးက အိမ်ထောင်စု ၂၀,၀၀၀ ကျော်၊ ဒေသခံ ၁၀၀,၀၀၀ လောက်ဟာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

စစ်ရှောင်ပြည်သူတွေဟာ နေရပ်ပြန်ချင်ပေမဲ့ စစ်ကောင်စီတပ်က ကျေးရွာအတွင်း တပ်စွဲထားပြီး  သွားလာခွင့်မပြုတာကြောင့် နေအိမ်ပြန်လို့မရသေးဘူးလို့ မွန်ဖက်ဒရယ်ကောင်စီ (MSFC) လူသားချင်းစာနာထောက်ထားမှုနှင့် ကယ်ဆယ်ရေးဌာနမှူး မိဆုတဂျိုက ပြောပါတယ်။

"စစ်ရှောင်ပြည်သူတွေ ရပ်ရွာကိုပြန်ချင်ကြပြီ။ စကစ စစ်ကြောင်းက နေအိမ်တွေပေါ်မှာ တက်နေတယ်။  ဘုန်းကြီးကျောင်းမှာ။ နောက်ပြီး သွားလာခွင့်မပြုတဲ့အတွက် ပြန်လို့မရတဲ့ အခက်အခဲတွေရှိတယ်။ အိမ်ရှိတာတောင်မှ ပြန်လို့မရတဲ့ အနေအထားတွေရှိတယ်။"

ဧပြီ ၁၄ ရက် မွန်းလွဲ ၁၂‌ နာရီလောက်က ကျိုက်မရောမြို့နယ် တရာနာကျေးရွာအဝင် နတ်စင်ကျွန်း လမ်းဆုံမှာ သံကလောင်ကျေးရွာ ကျောင်းထိုင်ဆရာတော် လိုက်ပါလာတဲ့ယာဉ်ကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာကြောင့် ဆရာတော် ပျံလွန်တော်မူခဲ့ပါတယ်။

စစ်ကောင်စီက ကော့ဘိန်းရဲစခန်း လက်လွှတ်ခဲ့ရပြီးနောက် ခရုံဂူလမ်းဝကနေ ရမ္မာဝတီ ကားလမ်းတလျှောက်ကို ထိန်းချုပ်ထားပါတယ်။

အောင်ခန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013