DVB Logo
Home
မြန်မာသတင်း
ထိုင်းဝန်ကြီး ၃ ဦး မြန်မာနယ်စပ်ပဋိပက္ခအခြေအနေ ကွင်းဆင်းကြည့်ရှု၊ စေ့စပ်ညှိနှိုင်းပေးရန် အသင့်ရှိဟုပြော     
DVB
·
April 24, 2024
ထိုင်းဝန်ကြီး ၃ ဦး မြန်မာနယ်စပ်ပဋိပက္ခအခြေအနေ ကွင်းဆင်းကြည့်ရှု၊ စေ့စပ်ညှိနှိုင်းပေးရန် အသင့်ရှိဟုပြော     
Donate to DVB

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖြစ်ပေါ်ဖို့အတွက် ထိုင်းနိုင်ငံက ကြားဝင်စေ့စပ်ညှိနှိုင်းပေးဖို့ အဆင်သင့်ရှိတဲ့အကြောင်းနဲ့  ပဋိပက္ခကြောင့် ဒုက္ခရောက်နေတဲ့ သူတွေကို ဘက်မလိုက်ဘဲ လူသားချင်းစာနာမှု အကူအညီပေးသွားမယ်လို့  ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ 

ကရင်ပြည်နယ် မြဝတီမြို့က စစ်ရေးပဋိပက္ခအခြေအနေတွေကြောင့် နယ်စပ်နေ ထိုင်းပြည်သူတွေအပေါ် ထိခိုက်မှုရှိမရှိကို ကြည့်ရှုစစ်ဆေးဆောင်ရွက်ဖို့  ထိုင်းအစိုးရ အဆင့်မြင့် ဝန်ကြီး  ၃ ဦး  ဧပြီ ၂၃  ညနေပိုင်းမှာ ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့ကို ရောက်ရှိလာစဉ် ပြောကြားခဲ့တာပါ။

ထိုင်းအစိုးရ ဒုဝန်ကြီးချုပ်လည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ပမ်ပရီ ဗဟီဒါနုကွန်း၊  ဒုဝန်ကြီးချုပ် ပြည်ထဲရေးဝန်ကြီး အနုထင်း ချန်းဝီရကွန်းနဲ့ ကာကွယ်ရေးဝန်ကြီး  ဆူထင်း ခလန်းဆိုင်တို့ဟာ မြန်မာပဋိပက္ခအခြေအနေနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံပေါ်သက်ရောက်မှုကို စောင့်   ကြည့် စီမံဖို့ အထူးဖွဲ့စည်းထားတဲ့ ကော်မတီဝင်တွေဖြစ်ပြီး အဲဒီထဲက နိုင်ငံခြားရေးဝန်ကြီး ပမ်ပရီက  ဥက္ကဋ္ဌဖြစ်ပါတယ်။ အဖွဲ့ဝင်ထဲမှာ နယ်ခြားစောင့်တပ်၊ ထိုင်းလုံခြုံရေးကောင်စီနဲ့ နယ်မြေခံ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေပါ ပါဝင်ပါတယ်။

ဝန်ကြီး ၃ ဦးတဲ့ ကော်မတီဝင်တွေဟာ နယ်စပ်ရေးရာအခြေအနေ စီမံပြင်ဆင်မှုတွေနဲ့ ပတ်သက်ပြီး အစည်းအဝေးကျင်းပခဲ့ကာ မဲဆောက်နယ်စပ် ကွင်းဆင်းစစ်ဆေးပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။

တဘက်နိုင်ငံက ပဋိပက္ခကြောင့် နယ်စပ်နေထိုင်းပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်  လုံခြုံမှုရှိမရှိ စစ်ဆေးမေးမြန်းပြီး အန္တရာယ်ရှိပါက အတွင်းပိုင်းကို ရွှေ့ပြောင်းနေရာချထားဖို့ ဆွေးနွေးခဲ့တယ်၊ ဒေသခံတွေ ပြောပြချက်အရ အန္တရာယ်မရှိသေးကြောင်း၊ တိုက်ပွဲတွေ ငြိမ်သက်နေတဲ့အတွက် မြန်မာစစ်ဘေးရှောင် ၂၀၀၀ ကျော် မိမိဆန္ဒအလျောက် နေရပ်ပြန်ပြီး ၆၀၀ ကျော်ပဲ ကျန်တယ်။ သူတို့လည်း အခြေအနေတည်ငြိမ်ရင် နောက် ၁- ၂ ရက်အတွင်း အကုန်ပြန်ပါလိမ့်မယ်လို့  နိုင်ငံခြားရေးဝန်ကြီး ပမ်ပရီက ပြောပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ မိမိနိုင်ငံ အချုပ်အခြာအာဏာကို ထိပါးမှု မခံရအောင်၊ ထိုင်းပြည်သူတွေရဲ့ လုံခြုံရေးမထိပါးအောင် အတတ်နိုင်ဆုံး ကာကွယ်သွားမယ်၊  မြန်မာစစ်တပ်ဘက်ကဖြစ်စေ၊ တော်လှန်ရေးအဖွဲ့အစည်းဘက်ကဖြစ်စေ ဘယ်အဖွဲ့ကမှ ထိုင်းပိုင်နက်ကို အသုံးပြုပြီး တိုက်ခိုက်တာတွေကို လက်ခံမှာမဟုတ်၊  ပဋိပက္ခကြောင့် ဒုက္ခရောက်နေရတဲ့သူတွေကို ဘက်မလိုက်ဘဲ လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးသွားမယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖြစ်ပေါ်ဖို့အတွက် ဒေသတွင်းအဆင့်မှာရော နိုင်ငံအဆင့်မှာပါ ကြားဝင်စေ့စပ်ညှိနှိုင်းပေးဖို့ အဆင်သင့်ရှိတယ်၊ မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်လို့  မြန်မာငြိမ်းချမ်း‌ရေးအတွက် အာဆီယံ အသင်းကြီးကပါ ဝင်ရောက်စေ့စပ်ညှိနှိုင်းပေးဖို့  တိုက်တွန်းတယ်၊ ဒါနဲ့ပတ်သက်လို့ စာတစောင် ပေးပို့ထားတယ်၊ အကြောင်းပြန်ကြားချက်တော့ မရသေးဘူး၊  နောက်ထပ်အဖွဲ့ဝင်နိုင်ငံ ၈ - ၉ နိုင်ငံတွေရဲ့ သဘောထားကို စောင့်နေတာလည်း ဖြစ်နိုင်ပါတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောသွားပါတယ်။

ထိုင်းပြည်ထဲရေးဝန်ကြီး အနုထင်းကလည်း ထိုင်းနိုင်ငံအချုပ်အခြာအာဏာကို ထိပါးမှုမရှိ အောင် ကာကွယ်စောင့်ရှောက်ရေးနဲ့ စစ်ဘေးရှောင်ပြည်သူတွေကို လူသားချင်းစာနာ ကူညီပေးရေးကို ထပ်လောင်းပြောဆိုပါတယ်။

ကာကွယ်ရေးဝန်ကြီး ဆူထင်းခန်းဆိုင်ကလည်း နယ်စပ်လုံခြုံရေးအတွက် ကြည်းတပ်နဲ့ လေတပ် ပူးပေါင်းဆောင်ရွက်နေတယ်၊ လေကြောင်းကာကွယ်ရေးအတွက် F - 16 လေယာဉ်နဲ့ရော ဒရုန်းတွေနဲ့ပါ ကင်းလှည့်နေတယ်၊ မြေပြင်တပ်သားတွေလည်း Stand By အသင့်ပြင်ထားတယ်လို့ ပြောသွားပါတယ်။ 

Source: Thai PBS/PPTV

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013