DVB Logo
Home
မြန်မာသတင်း
ပဲခူးတိုင်းတွင် စစ်ကောင်စီတပ်က ကိုရင်ဝတ်နေသူပါမချန် ဖမ်းဆီးပြီး အဓမ္မစစ်မှုထမ်းခိုင်း
DVB
·
April 24, 2024
ပဲခူးတိုင်းတွင် စစ်ကောင်စီတပ်က ကိုရင်ဝတ်နေသူပါမချန် ဖမ်းဆီးပြီး အဓမ္မစစ်မှုထမ်းခိုင်း
Donate to DVB

ပဲခူးတိုင်း မြို့နယ်တချို့မှာ စစ်မှုမထမ်းလိုတဲ့ လူငယ်တွေ ထွက်ပြေးတိမ်းရှောင်နေတာကြောင့် စစ်ကောင်စီက ကိုရင်ဝတ်နေသူတွေနဲ့ ဆိုင်ကယ်လိုင်စင်စစ်ရင်း အဖမ်းခံရသူတွေကိုပါ စစ်မှုထမ်းဖို့ ဖမ်းဆီး ခေါ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ပဲခူးတိုင်းထဲက ပြည်၊ နတ်တလင်း၊ ပေါင်းတည်၊ လက်ပံတန်း၊ သာယာဝတီ၊ ကြို့ပင်ကောက်၊ ဖြူး စတဲ့ မြို့နယ်တွေမှာ စစ်မှုထမ်းဖို့ ပုံစံမျိုးစုံနဲ့ ဖမ်းဆီးခေါ်ဆောင်နေတာလို့ ဆိုပါတယ်။

ပေါင်းတည်မြို့နယ်ထဲက ဗျက်ကြီးအုပ်စု ညောင်တန်းရွာမှာတော့ ဧပြီ ၁၉ ရက်က အုပ်ချုပ်ရေးမှူး ဦးဆောင်ပြီး ခေါ်လာတဲ့ စစ်သားတွေက သင်္ကြန်မတိုင်မီကတည်းက ကိုရင်ဝတ်နေတဲ့ လူငယ်တဦးကို ရွာပဋ္ဌာန်းပွဲထဲမှာပဲ အတင်းသင်္ကန်းချွတ်ပြီး ခေါ်ဆောင်သွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“အုပ်ကြီးကခေါ်လာတာ ပေါင်းတည်က ဗိုလ်မှူးပါ ပါတယ်။ စစ်သား ၁၅ ယောက်လောက်ပါ ပါတယ်။ ပဋ္ဌာန်းပွဲလုပ်နေတာကို အတင်းသင်္ကန်းချွတ်ပြီး စွပ်ကျယ်လေးနဲ့ ပါသွားတာ။ မဲမပေါက်ဘူးလို့ ပြောတော့ သူတို့ဟာနေ သူတို့နှိုက်ထားတာတဲ့၊ အဲ့ဒါ ပေါက်လို့ လာခေါ်တာတဲ့၊ ရွာမှာက သူတယောက်တည်းပါတာ၊ ကျွဲတလင်းက တယောက်နဲ့ဆို ၂ ယောက်။ ပထမတော့ ၆၆ တပ်ထဲမှာတဲ့၊ အခုတော့ ဘယ်ပို့လိုက်လဲမသိဘူး။”

ဖြူးမြို့မှာတော့ စစ်ကောင်စီက ဧပြီ ၂၁ ရက်လောက်ကစပြီး မြို့အဝင်တွေကနေ ဆိုင်ကယ်စစ်ရင်း အသက်ကိုမေးပြီး ဖမ်းသွားတာ လူငယ် ၁၀၀ လောက်ရှိသွားပြီလို့ သိရပါတယ်။

ဒါ့အပြင် ရပ်ကွက် ကျေးရွာတွေမှာလည်း စာရင်းတွေပြပြီး လိုက်ဖမ်းဆီးနေတယ်လို့ ဖြူးမြို့ခံတဦးက ပြောပါတယ်။

“၂၁-၂၂ လောက်က စဖမ်းနေတာ။ သူတို့က ဖြူးမြို့အဝင်လမ်းတွေမှာ ဆိုင်ကယ်တွေဖမ်းတာ။ အဲဒီမှာ လူငယ်တွေကို အသက်မေးပြီး ဖမ်းနေတာ ၁၅ ယောက်၊ အယောက် ၂၀ လောက်ရရင် နောက်တနေရာကို ပြောင်းပြီး လှည့်ပြီးဖမ်းနေတာ။ ရွာဘက်တွေ၊ ရပ်ကွက်တွေမှာတော့ စာရင်းတွေနဲ့ လာပြီးခေါ်တာ။ ရှောင်နေရင် ဘေးအိမ်ကလူတွေကို အစားထိုးခေါ်သွားတယ်။ ဒီမှာက နယ်ဘက်တွေပါအပါဆိုရင် လူ၁၀၀ လောက်ရှိနေပြီ။”

ပေါင်းတလည်မြို့နယ်ထဲက သရက်ချဉ်ရွာမှာတော့ လူငယ်တွေကို မမိတဲ့အတွက် မိခင် ၂ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး တယောက်တော့ ပြန်လွှတ်ပေးလိုက်ပြီလို့ သိရပါတယ်။

နတ်တလင်းမြို့နယ်၊ တာပွန်မြို့ထဲကနေ ဧပြီ ၁၈ ရက်က အမျိုးသားတွေအစား ဖမ်းဆီးသွားခဲ့တဲ့ ဇနီးသည် ၂ ယောက်ကိုတော့ စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်ပြီး သူတို့အမျိုးသားတွေကို လာအပ်ပေးဖို့ ပြောဆိုသွားခဲ့တယ်လို့ သိရပါတယ်။

မင်းတဲလမ်းရပ်ကွက်မှာတော့ စစ်မှုထမ်းဖို့ လိုက်မယ့်သူမရှိတာကြောင့် တအိမ်ကို ၃  သောင်းကောက်ပြီး ကျပ်သိန်း ၂၀ နဲ့ လူတယောက် ငှားထည့်ပေမဲ့ အဆင်မပြေဘူးလို့ တာပွန်မြို့ခံတဦးက ပြောပါတယ်။

“မင်းတဲလမ်းရပ်ကွက်က လိုက်မယ့်သူမရှိလို့ဆိုပြီး အုပ်ကြီးက လူငှားဖို့အတွက် တအိမ်ကို ၃ သောင်းဆီ ကောက်ထားတာ။ သူတို့ငှားထည့်လိုက်တဲ့သူကို သိန်း ၂၀ ပေးမယ်လို့ဆိုပြီး ထည့်လိုက်တာ။ ပထမတော့ ဆေးစစ်ပြီး အောင်ရင်ပေးမယ်ပေါ့၊ လောလောဆယ် ၂ သိန်းတော့ ပေးလိုက်တယ်။ အခု ဘာအ‌ဝေမတည့်လဲမသိဘူး၊ ၁၂ သိန်းပဲပေးတော့မယ်ဆိုလို့ ဟိုလူက ပြန်ချင်နေလို့ဆိုပြီး သူ့အိမ်ကို ဖုန်းတွေဆက်နေတာ။ တကယ်ဆို အဲဒီရပ်ကွက်က အိမ်ခြေ ၇၀ ကျော်ရှိတာ၊ တအိမ် ၃ သောင်းနဲ့ဆို ပိုတောင်ပိုသေးတယ်။ အဲဒါကို အခုမပေးနိုင်လို့ဆိုပြီး ရပ်ကွက်ထဲမှာတော့ ပြောဆိုနေကြတယ်။”

ဖြူးနဲ့ ရေတာရှည် မြို့နယ်တွေကနေ စစ်မှုထမ်းဖို့ ခေါ်ဆောင်ခံရတဲ့ လူငယ်တွေကိုတော့ တောင်ငူမြို့ နှစ်ဆောင်မြိုင်မှာရှိတဲ့ ပညာရေး (၅) တပ်ထဲမှာ ထားရှိတယ်လို့ DVB က စုံစမ်းသိရှိရပါတယ်။

အဲဒီမြို့နယ်တွေမှာ တရပ်ကွက်ကို လူ ၂၀ လောက် ဖမ်းထားပြီး အဲဒီအထဲက  သစ်ပွဲစားတယောက်ရဲ့ ညီကတော့ သိန်း ၄၀ ပေးပြီး ပြန်လွတ်လာကြောင်း၊ တချို့နေရာတွေမှာလည်း ၁၀ သိန်းကနေ သိန်း ၄၀ အထိပေးပြီး ညှိနှိုင်းလို့ရကြောင်း သိရပါတယ်။

ကြို့ပင်ကောက်မြို့နယ်ထဲမှာတော့ ဧပြီ ၂၃ ရက်အထိ လူငယ် ၁၃၀ လောက် အဖမ်းခံထားရပါတယ်။

စစ်သင်တန်း အပတ်စဉ် ၂ အတွက် ခွဲတမ်းက တမြို့နယ်ကို ၆၅ ယောက်ပဲ သတ်မှတ်ထားတာလို့ သာယာဝတီခရိုင် ထွေအုပ်ဆီကနေ သိရပါတယ်။

မင်းညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013