
ပဲခူးတိုင်းက စာသင်ကျောင်းတချို့မှာ ကျောင်းသားတွေ အာဟာရပြည့်အောင်ဆိုပြီး ငှက်ပျောပင် စိုက်ဖို့ စစ်အာဏာရှင်လက်အောက်ခံ ပညာရေးဌာနက ညွှန်ကြားထားတယ်လို့ ပညာရေးဝန်ထမ်း တွေနဲ့ တာဝန်ကျဆရာမတွေဆီကနေ သိရပါတယ်။
ကျောင်းသားတွေ အာဟာရပြည့်ဝစေရေးဆိုတဲ့ ညွှန်ကြားချက်နဲ့ ကျောင်းသားတယောက်ချင်းစီရဲ့ အသက်၊ အရပ်အမြင့်နဲ့ ကိုယ်အလေးချိန်ကို တိုင်းတာမှတ်သား ပြုစုနေရတာရှိသလို၊ အခုထပ်ပြီး တစ်သျှူးငှက်ပျောပင်ပါ စိုက်ပျိုးနေရတာလို့ ဆိုပါတယ်။
ပဲခူးတိုင်း၊ ကဝမြို့နယ်အတွင်းက ကျေးရွာတရွာမှာ တတာဝန်ကျနေတဲ့ ကျောင်းဆရာမ တယောက်က "မြို့နယ်က ငှက်ပျောပျိုးပင်ပေးတယ်။ ကျောင်းအနေအထားနဲ့ ကျောင်းသားဦးရေကို ချိန်ပြီးပေးတာနေမယ်။ ငှက်ပျောပင် သီးလာရင် ကလေးတွေ အာဟာရပြည့်ဝအောင် ကျွေးရအောင် ဆိုပြီး ပြောတယ်။ အခုက စာမသင်ရဘဲ ငှက်ပျောပင် စိုက်နေရတာ" လို့ ပြောပါတယ်။
အဲဒီငှက်ပျောပင်ကို ဖြစ်မြောက်အောင် ပျိုးထောင်ဖို့နဲ့ စိုက်ပျိုးနေတဲ့ အခြေအနေ၊ ကြီးထွားမှု အနေအထားတွေကို ဓာတ်ပုံရိုက်ပြီး သတင်းပေးပို့ရမယ်ဆိုပြီးတော့လည်း ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကျောင်းသားတယောက်ချင်းစီရဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုနဲ့ ပတ်သက်တဲ့ တိုင်းတာ မှတ်သားထား တဲ့ အချက်အလက်တွေကိုလည်း တိုင်းပညာရေးမှူးရုံးကို ပေးပို့နေရတယ်လို့ တာဝန်ကျ ကျောင်းဆရာမတွေက ပြောပါတယ်။
ပဲခူးမြို့က ကျေးရွာမူလတန်းလွန်ကျောင်းမှ ကျောင်းဆရာမတယောက်ကလည်း "ဆရာအင်အား မလောက်ပါဘူးဆိုမှ စာသင်တဲ့အလုပ်တင် မဟုတ်ဘဲ တခြားဟာတွေ တွဲလုပ်နေရတာ အဆင် မပြေဘူး။ မဆိုင်တဲ့အလုပ်တွေ လျှောက်ခိုင်းနေတာ" လို့ ပြောပါတယ်။
အခုလို ငှက်ပျောပင် စိုက်ခိုင်းတာက စစ်အာဏာရှင်မင်းအောင်လှိုင်ရဲ့ အကြံဉာဏ်ဖြစ်တယ်လို့ ပညာရေးအသိုက်အဝန်းက ပြောပါတယ်။
မြန်မာနိုင်ငံရှိ စစ်အာဏာရှင်လက်အောက်ခံ စာသင်ကျောင်းတွေမှာ ကျောင်းသားတွေကို အသင်း တွေ ခွဲပြီး ကျောင်းသန့်ရှင်းရေး လုပ်ခိုင်းတာ၊ သီးပင်စားပင်တွေ စိုက်ခိုင်းတာ၊ ကိုယ်လက် လှုပ်ရှားချိန်မှာ အားကစားမလုပ်ရဘဲ ကျောင်းဝင်းထဲက မြက်ပင်နုတ်ခိုင်းတဲ့ အစဉ်အလာတွေလည်း ရှိခဲ့ဖူးပါတယ်။










