DVB Logo
Home
မြန်မာသတင်း
ကျောက်ဖြူတွင် လက်နက်ကြီးကြောင့် နေအိမ် ၂၇ လုံး မီးလောင်၊ တနင်္သာရီ ကျေးရွာ ၃ ရွာကို စစ်တပ်က ဗုံးကြဲ 
DVB
·
April 23, 2024
ကျောက်ဖြူတွင် လက်နက်ကြီးကြောင့် နေအိမ် ၂၇ လုံး မီးလောင်၊ တနင်္သာရီ ကျေးရွာ ၃ ရွာကို စစ်တပ်က ဗုံးကြဲ 
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ ဧပြီ ၂၁ ရက်နဲ့ ၂၂ ရက်နေ့တွေမှာ စစ်ကောင်စီတပ် ထောင်ထားတဲ့ မိုင်းနင်းမိပြီး ပြည်သူ ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိကာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ နေအိမ် ၂၇ လုံး မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ကျောက်ဖြူမြို့နယ်၊ ပြိုင်းစေ့ကေရွာနားက ဝက်ခုတ်တောင်မှာ ဧပြီ ၂၂ ရက် မနက် ၇ နာရီကျော်လောက်က စစ်ကောင်စီတပ်ထောင်ထားတဲ့ မိုင်းနင်းမိပြီး အမျိုးသား ၂ ဦး အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ ကျောက်ဖြူမြို့ ဒေသခံတဦးက DVB ကို ပြောပါတယ်။

ဒဏ်ရာရရှိခဲ့သူတွေကတော့ ပြိုင်းစေ့ကေရွာက အသက် ၄၅ နှစ်အရွယ် ဦးတင်ဝင်းနဲ့ အသက် ၃၀ အရွယ် ဦးမောင်မြင့်ဝင်းတို့ ဖြစ်ပြီး ဝက်ခုတ်တောင်မှာ အိမ်တိုင်သွားထမ်းတဲ့အချိန်မှာ လူသွားလမ်းပေါ်မှာ စစ်ကောင်စီတပ်က ထောင်ထားတဲ့မိုင်းကို နင်းမိပြီး ဦးတင်ဝင်းရဲ့ ဘယ်ဘက်ခြေထောက်တဖက် ပြတ်ထွက်သွားကာ ဦးမောင်မြင့်ဝင်းရဲ့ ခန္ဓာကိုယ်အနှံ့ မိုင်းစထိမှန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ကျောက်ဖြူမြို့နယ် ဒွေးချကျေးရွာကို ဧပြီ ၂၁ ရက် မနက် ၁၀ နာရီခွဲလောက်မှာ စစ်ကောင်စီရဲ့ တောင်မော်ကြီး ရေတပ်စခန်းနားက မြစ်ပြင်မှာရပ်ထားတဲ့ ဇက်နေဗီ ၃ စီးက လက်နက်ကြီးတွေနဲ့ အချက် ၃၀ ကျော်လောက် ပစ်ခတ်ခဲ့ကြတယ်လို့ ပြောပါတယ်။

အဲဒီလက်နက်ကြီးကျည်တွေဟာ ဒွေးချရွာနဲ့ အနီးနားရွာတွေမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ် ၂၇ လုံး မီးလောင်ကျွမ်းခဲ့တယ်လို့ ဆိုပါတယ်။

ကျောက်ဖြူမြို့နယ်မှာ ဧပြီ ၂၀ ရက်ကလည်း စစ်ကောင်စီတပ်က ထောင်ထားတဲ့ မိုင်းနင်းမိပြီး ပြည်သူတဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်မှာ ဧပြီ ၂၂ ရက် မနက် ၉ နာရီက ကျေးရွာတွေထဲကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

တကူတိုက်နယ်ထဲက သိန္ဓောကျေးရွာနဲ့ သူဌေးကျေးရွာကြားကို စစ်ကောင်စီရဲ့ Mi-2 တိုက်ခိုက်ရေးရဟတ်ယာဉ်တစင်းကနေ ဗုံးသီး ၁၅ လုံးခန့် ကြဲချခဲ့ပြီး အဆိုပါကျေးရွာတွေနဲ့ ရွာချင်းဆက်နီးစပ်တဲ့ ဘန်းပြည်ကျေးရွာကိုလည်း စစ်ကောင်စီက တချိန်တည်းမှာ ဗုံးကြဲခဲ့ကြောင်း ဒေသခံတွေက ဆိုပါတယ်။

ဒေသခံပြည်သူတဦးက “ပထမတကြိမ် ၁၅ လုံးချသွားတယ်။ ဒုတိယအကြိမ် ညနေမှာတော့ လာပြီးဝဲတာပါပဲ။ ဘန်းပြည့်အနောက်ကမ်းမှာ တလုံးကျတယ်။ ၁၅ လုံး ၃ နေရာကျတယ် ပြောတယ်။ သူဌေးမှာလည်း ကျတယ်” လို့ ပြောပါတယ်။

အဲဒီကျေးရွာတွေမှာ ပြီးခဲ့တဲ့ လဝက်လောက်တည်းက အင်တာနက်လိုင်းနဲ့ ဖုန်းလိုင်းတချို့ ဖြတ်တောက်ခံထားရတယ်လို့ သိရပြီး သိန္ဓောကျေးရွာနဲ့ သူဌေးရွာကြား ဘုရားစေတီတောင်ပေါ်မှာ စစ်ကောင်စီစခန်းတခုလည်း အခြေစိုက်ထားကြောင်း ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူတဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ်တချို့ ဗုံးသီးထိမှန် ပျက်စီးခဲ့ကြောင်း၊ လက်ရှိမှာ အဆိုပါကျေးရွာတွေနဲ့ အနီးတဝိုက် ကျေးရွာတချို့က ဒေသခံပြည်သူတွေ ဘေးလွတ်ရာနေရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

“တကူသံတိုက်ရွာရဲ့ လှမ်းဝေးတဲ့နေရာတွေ ရွှေ့ခိုင်းထားတယ်။ ဒီနေ့ လေကြောင်းရန် သတိရှိဖို့လည်း နှိုးဆော်ထားတယ်” လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

စစ်ရေးတင်းမာနေတဲ့ တနင်္သာရီမြို့နယ်မှာ အခုနှစ် ဖေဖော်ဝါရီ ၂ ရက်ကစပြီး ဘန်လောကျေးရွာအုပ်စုဘက်ကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးသီးချ တိုက်ခိုက်မှု ပထမဆုံးအကြိမ် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်လာတဲ့ တနင်္သာရီမြို့နယ်မှာ ဒေသခံပြည်သူတွေကို  လေကြောင်းအန္တရာယ် ကြိုတင်ကာကွယ်မှု လုပ်ဆောင်ဖို့နဲ့ ဗုံးခိုကျင်းတွေ ဆောက်လုပ်ထားဖို့ အသိပညာပေးလုပ်ငန်းတွေကို တော်လှန်ရေးအင်အားစုတွေဘက်ကနေ ကူညီ‌ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013