DVB Logo
Home
မြန်မာသတင်း
ရိုဟင်ဂျာဒုက္ခသည်စခန်းနှင့် ကျေးရွာအချို့တွင် ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီး လူ ၁၀၀  ခန့် သေဆုံး
DVB
·
April 23, 2024
ရိုဟင်ဂျာဒုက္ခသည်စခန်းနှင့် ကျေးရွာအချို့တွင် ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီး လူ ၁၀၀  ခန့် သေဆုံး
Donate to DVB

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းနဲ့  ရိုဟင်ဂျာတွေ နေထိုင်တဲ့ ကျေးရွာတွေမှာ အခုသီတင်းပတ်တွေအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်တာကြောင့် ကလေးငယ်တွေ အပါအဝင် လူ အယောက် ၁၀၀ လောက်သေဆုံးခဲ့ရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံထံက သိရပါတယ်။

ဒုက္ခသည်စခန်းအနီးကဆေးရုံမှာ ဆရာ၀န်နဲ့ သူနာပြုမရှိသလို ဆေးဝါးကလည်း မရှိတာကြောင့် အခုလို လူတွေသေဆုံးနေကြတာဖြစ်ပြီး စစ်တွေ မြို့ပေါ်ကဆေးရုံကြီးမှာလည်း ရိုဟင်ဂျာတွေသွားရောက် ဆေးကုသခွင့်မရကြလို့ လူ ၁၀၀ လောက်သေဆုံးသွားတာလို့ ဒေသခံ ရိုဟင်ဂျာတယောက်ကပြောပါတယ်။

“ဒုက္ခသည် စခန်းအနီးက ဆေးရုံမှာ ဆရာဝန်နဲ့ သူနာပြုမရှိတာ၊ ဆေးဝါးကလည်း မရှိဘူး။ ရွာထဲကခန့်ထားတဲ့ စေတနာ့ဝန်ထမ်းတွေပဲ အဲဒီမှာရှိနေ သူတို့ကဘာမှ လုပ်မပေးနိုင်ဘူး။ ဒါကြောင့် အခုလိုသေဆုံးနေကြတာ သူတို့က  မြို့ပေါ်က ဆေးရုံကြီးမှာလည်း သွားပြီး ဆေးကုသမှုခံယူလို့ မရဘူး။ အရင်က လိုင်းအခြေအနေကြောင့် ဒီသတင်းက လူတွေသိပ်မသိကြဘူး။ နောက်တော့များလာတော့ လန့်လာကြပြီး လူတွေသိလာကြတာ အခုဆို လူ ၁၀၀ လောက်သေဆုံးသွားပြီ။”

အခုလိုနွေရာသီမှာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်လေ့ဖြစ်ထ ရှိပေမဲ့ အခုကတော့ ဒုက္ခသည်စခခန်းတွေနဲ့ ရပ်ကွက်တွေထဲမှာ  သန့်ရှင်းမှုမရှိတာ။ သောက်သုံးရေ မသန့်တာ။ ဆေးရုံတွေမှာဆေးမရှိတာနဲ့ ဆေးကုသခွင့်မရှိလို့အခြေအနေပိုဆိုးသွားတာလို့ ကျန်းမာရေးစောင့်ရှောက်ပေးတဲ့ ဒေသခံတဦးက ပြောပါတယ်။

“အခုလိုနွေရာသီဆို ဖြစ်လေ့ရှိပါတယ်။ အခုကတော့ ဆေးရုံတွေမှာ ဆေးမရှိတာနဲ့ ဆေးကုသခွင့်မရှိလို့ဖြစ်သွားတာပါ။ အခုပိုများသွားတာက ရာသီဥတုပြင်းထန်တာနဲ့ ကန့်တွေထဲမှာက သန့်ရှင်းမှုမရှိတာ၊ သောက်ရေး  ၊သုံးရေမသန့်လို့ ဖြစ်တာပါ။ သေးတဲ့ကလေးငယ်အများစုရဲ့ ရောဂါလက္ခဏာက ဝမ်းလျောတယ်၊ တချို့ အမ်ကြတယ်။ အဖျားတက်တယ်၊ ခေါင်းမူးကြတယ်၊ အဖျားကတော့ ၂ ရက် ၃ ရက်ဆိုကျသွားပါတယ်၊ ဝမ်းလျောတာတော့ ရပ်မသွားဖူးပေါ့  ဆရာဝန်တွေကတော့ ဝမ်းရောဂါ  လို့ပြောပါတယ်။ သေဆုံးသွားတဲ့အထဲမှာမွေးကင်းစခလေးတွေလည်းပါတယ်။ အသက်အကြီးဆုံး ၆၀ ကျော်တွေလည်း ပါပါတယ်၊ ခလေးသေဆုံးမှုက ၉၀ ရာခိုင်နှုန်းလောက်ရှိပြီးအရွယ်ရောက်သူက ၁၀ ရာခိုင်နှုန်းလောက်ပဲပါပါတယ်။ ကူးစက်ရောဂါမဟုတ်တော့ တော်သေးတယ်”လို့ ပြောပါ တယ်။ 

သေဆုံးသူအရေအတွက် စာရင်းကောက်လို့ရသလောက် သေဆုံးသူ ၈၆ ဦးရှိပြီး တချို့နေရာတွေက သတင်းရပေမဲ့  စာရင်းကောက်လို့မရသေးဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် စခန်းတွေနဲ့မွတ်စလင်ရွာတွေကို အပြင်လူတွေနဲ့ အဖွဲ့အစည်းတွေ ၀င်မရတာကြောင့် ကူညီမဲ့သူ မရှိဖြစ်နေပြီး လတ်တလောမှာတော့ WFP နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကိုတော့ အကြောင်းကြားထားတယ်လို့ အုန်းတော်ကြီး‌ ဒုက္ခသည်စခန်းမှာ နေသူတဦးက ပြောပါတယ်။ 

“စကစက ကန့်တွေမှာက အပြင်က လူတွေဝင်ခွင့်မပြုတော့ တခြားကလာပြီး ကူညီမဲ့သူတွေရှိရင်တောင် လာလို့မရဘူး။ NGO တွေလည်း လာခွင့်မပေးဘူး၊ အခုက အုန်းတော်ကြီး‌တောင်မှာ ၂၇ ယောက်၊ ဆေးသမကြီးမှာ ၂၇ ယောက်၊ အုန်တော‌ချေမှာ ၃ ယောက်၊ အုန်းတောကြီးမြောက်မှာ ၈ ယောက်၊ ဒါးပိုင်မှာ ၅ ယောက်၊ သက္ကယ်ပြင်မှာ ၁ ယောက်၊ ဘဆရာကန့်မှာ ၁ ယောက်၊ ဘဆရာရွာမှာ ၂ ယောက်၊ ဘုမေမှာ ၂ ယောက်၊ အောင်မင်္ဂလာမှာ ၁၀ ယောက်၊ စာရင်းလုပ်လို့ရတာတင် ၈၆ ယောက်ဖြစ်နေပြီ။ စာရင်းကောက်လို့ မရသေးတာရှိသေးတယ်၊ ထပ်ကြားနေတာတွေလည်းရှိသေးတယ်၊ ခန့်မှန်းဆိုရင် ၁၀၀ လောက်ဖြစ်နေပြီ။ WFP နဲ့ နိုင်ငံတကာ အဖွဲ့တွေဆီကိုတော့ သတင်းပို့ထားတယ်။ သူတို့လည်း သိတယ်လို့ ပြောတယ်။ သူတို့လည်း ကူညီဖို့ ကြိုးစားနေတယ်လို့ ပြောတာပဲ။ တခြားရခိုင် ရက်ကွက်တွေ၊ ရွာတွေဘက်မှာတော့  အဲ့လိုဖြစ်တယ် မကြားမိသေးဘူး အခုထိတော့။ မွတ်စလင်တွေဘက်ပဲ ကြားတယ်။” 

အခု ကိစ္စနဲ့ပတ်သက်ပြီး WFP နဲ့ UNHCR အဖွဲ့ကို ဘယ်လိုအကူအညီပေးနိုင်မလဲဆိုတာကို DVB က အီးမေးပို့ပြီး မေးမြန်းထားပေမဲ့ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

စစ်ကောင်စီဘက်ကလည်း  ဒုတ်ခသည်စခန်းတွေ၊ ရပ်ကွက်တွေကို ဆေးဖြန်းတာ ဆေးဝါး ကုသပေးတာ မရှိသေးဘူးလို့ သိရပါတယ်။

စစ်တွေဆေးရုံကြီးကလည်း ရိုဟင်ဂျာတွေကို ဆေးကုသပေးဖို့ကို အခန်းတခန်းထဲမှာပဲ သတ်မှတ်ပေးထားပြီး အဲ့ဒီအခန်းကလွဲလို့ တခြားနေရာတွေကို သွားလာခွင့်မပြုဘူးလို့ အောင်မင်္ဂလာရပ်ကွက်နေက ပြောပါတယ်။

  မင်းညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013