DVB Logo
Home
မြန်မာသတင်း
အီရတ်တွင် ရောင်းစားခံရသည့် အမျိုးသမီး ၆ ဦး အကူအညီ မရသေး
DVB
·
April 23, 2024
အီရတ်တွင် ရောင်းစားခံရသည့် အမျိုးသမီး ၆ ဦး အကူအညီ မရသေး
Donate to DVB

အိမ်အကူ အလုပ်လုပ်ရမယ်ဆိုကာ ဒူဘိုင်းကို သွားရောက်ခဲ့တဲ့ မြန်မာအမျိုးသမီး ၆ ဦးဟာ အီရတ်နိုင်ငံမှာ ရောင်းစားခံနေရပြီး အခက်အခဲတွေကြောင့် မြန်မာနိုင်ငံကို ပြန်လာချင်ပေမဲ့ လက်ရှိအချိန်ထိ အကူအညီ မရသေးဘူးလို့ သိရပါတယ်။ 

ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ကို အလုပ်လုပ်ဖို့ သွားရောက်ခဲ့တဲ့ မြန်မာအမျိုးသမီး ၆ ဦးဟာ အီရတ်နိုင်ငံကို ရောင်းစားခံရတာကြောင့် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက လူမှုကွန်ရက်မှာ Live လွှင့် အကူအညီ တောင်းခံခဲ့ပါတယ်။

အဲဒီ အမျိုးသမီးတွေဟာ သက်ဆိုင်ရာ အစိုးရရုံးတွေ၊ သံရုံးတွေနဲ့ အလုပ်သမားအဖွဲ့တွေဆီ တိုင်ကြားထားပေမဲ့ လက်ရှိ အချိန်ထိ အကူအညီ မရသေးဘူးလို့ ကာယကံရှင်တွေက ပြောပါတယ်။

သူတို့ကို ဒူဘိုင်းမြို့မှာ အိမ်အကူ အလုပ်လုပ်ရမယ်ဆိုကာ မြန်မာနိုင်ငံက အေးဂျင့်တခုကနေ ပို့ဆောင်ပေးခဲ့တာဖြစ်ပြီး ဒူဘိုင်းကတဆင့် အီရတ်မှာ ရောင်းစားခံခဲ့ရတာလို့ ပြောပါတယ်။

လူမှုကွန်ရက်မှာ Live လွှင့် အကူအညီ တောင်းခံခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာလကစပြီး လက်ရှိအချိန်ထိ အီရတ်နိုင်ငံမှာ အတင်းအဓမ္မ လုပ်အားစေခိုင်းခံနေရတာပါ။ လုပ်အားခ ပြည့်ပြည့်ဝဝ မရသလို အချို့ အမျိုးသမီးငယ်တွေဆိုရင် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခံရမှုတွေနဲ့ ဘဝကို မလုံမခြုံ ဖြတ်သန်းနေရပါတယ်။

ရောင်းစားခံရတဲ့ အမျိုးသမီးတဦးက “မနက် ၇ နာရီကနေ ည ၂ ချက်ထိုးထိ မနားရဘူး။ ထမင်းစားချိန် တချိန်ပဲ ထိုင်ရတယ်။ ၇ နာရီကနေ ည ၂ ချက်ထိုးထိကျ ညီမ မလုပ်နိုင်တော့ဘူး။ မလုပ်နိုင်ဘူး ပြန်မယ်ဆိုတော့ နင် မပြန်ရဘူး၊ ပြန်မယ်ဆိုရင် ဒေါ်လာ လျော်ရမယ်တဲ့။ သမီးက ပိုက်ဆံ မလျော်နိုင်တော့ ဆက်လုပ်တာ ၁၅ ရက်လောက် ကြာတယ်။ ဘယ်လိုမှ မလုပ်နိုင်ဘူး။ ပြီးတော့ ဆေးတာကြောတာ ချွတ်ဆေးတွေနဲ့ဆိုတော့ လက်တွေလည်း ပေါက်ပြဲကုန်တာ။ သမီးတို့ ရဲစခန်းကို အကူအညီတောင်းတယ်။ ရဲစခန်းကို အကူညီတောင်းတော့ စခန်းပေါ်ကနေ ဆွဲချပြီး ကားပေါ်တင်ပြီး ရဲတွေက အေးဂျင့်ရုံးကို ပြန်ပို့တယ်။ အဲဒီလို လုပ်တယ်။ နောက်တခါ ရဲစခန်းကို ထပ်သွားတော့ ရဲတွေက.. ဖုန်းတွေ ပြန်ပေးဖို့၊ မြန်မာနိုင်ငံက အေးဂျင့်တွေ ဆက်သွယ်လာတဲ့အထိ ကတိတွေတောင်းပြီး ရုံးကို ပြန်လွှတ်လိုက်တယ်။ သမီးတို့ကို အလုပ်လုပ်ဖို့အကြောင်းပြောတယ်။ ၃ ရက်လောက် ကြာတော့ လူတယောက် ရောက်လာပြီး သမီးတို့ကို နင်တို့က ဘာလုပ်ချင်တာလဲ၊ ဘာဖြစ်ချင်တာလဲ။ ဒီနိုင်ငံမှာဖြစ်တဲ့ ပြဿနာတွေ ပြောရင် သတ်ပစ်မယ် ခြိမ်းခြောက်တယ်။ သမီးတို့ ဖုန်းတွေ ပြန်မပေးလို့ ပါးတွေ ရိုက်တယ်”လို့ ပြောပါတယ်။

အခုလို လူကုန်ကူးခံရမှု၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို သက်ဆိုင်ရာနိုင်ငံရဲ့ ရဲတပ်ဖွဲ့ဆီ ဆက်သွယ် တိုင်ကြားပေးမဲ့ ရဲတပ်ဖွဲ့က အရေးယူပေးမှု မရှိတဲ့အပြင် လက်ရှိ ရောက်ရှိနေတဲ့ နေရာမှာသာ ပြန်လည်နေထိုင်ရတယ်လို့ ကာယကံရှင် အမျိုးသမီးတွေက ပြောပါတယ်။

ရောင်းစားခံရတဲ့ အမျိုးသမီးတွေဟာ အီရတ်နိုင်ငံ ကာကတ်မြို့နဲ့ ဆူလေမားနီးယားမြို့တို့မှာ ရောက်ရှိနေပြီး အချို့အမျိုးသမီးတွေကတော့ နေအိမ်ထဲမှာသာ နေရပြီး အပြင်မထွက်ရတဲ့အတွက် သူတို့ ရောက်ရှိနေတဲ့ မြို့နာမည်ကို အတိအကျ မသိကြောင်း ဒီဗွီဘီကို ပြန်လည် ဖြေကြားပါတယ်။

ဒီအမှုကို မြန်မာနိုင်ငံက လူကုန်ကူးတားဆီးတိုက်ဖျက်ရေးအဖွဲ့အပါအဝင် သက်ဆိုင်ရာ သံရုံး၊ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးဝန်ကြီးဌာန၊ အလုပ်သမား ဝန်ကြီးဌာနတို့ကို တိုင်ကြားထားပေမဲ့ လက်ရှိအချိန်ထိ ထူးခြားတဲ့ တုံ့ပြန်မှုမျိုး မရှိဘူးလို့ ဆိုပါတယ်။

အလုပ်သမားအရေး ကူညီပေးနေသူ ကိုစိုင်းယုမောင်က “လက်ရှိ အခြေအနေကတော့ သူတို့ ပြန်လာလို့ ရအောင် အမှုဖွင့်ထားတာ ရှိတယ်။ ပြီးတော့ နိုင်ငံတော်အဆင့် ပြည်ထဲရေးဝန်ကြီးဌာန၊ လူကယ်ပြန်၊ ICRC, ILO အကုန်လုံး တင်ထားတယ်။ အီရတ်ကျတော့ အီဂျစ် သံရုံးပါ စာပို့တယ်။ IOM, ILO အကုန်လုံး စာပို့တယ်။ ဒါပေမဲ့ အခုချိန်ထိ ဘာမှ ထူးခြားတာ မရှိသေးဘူး။ အခုချိန်ထိ အလုပ်သမားတွေက အီရတ်နိုင်ငံမှာပဲ ဒုက္ခကို ရင်ဆိုင်ပြီး နေရတယ်။ ဒီဘက်က ဘာမှလုပ်ပေးတာ မရှိဘူး။ မိသားစုကို ဘာမှ ဆက်သွယ် အကြောင်းကြားလာတာ မရှိဘူး။ အဲ့လို ကြုံနေရတယ်။ ဒီဟာက တကယ်တမ်းတော့ နိုင်ငံရေးကို အကြောင်းပြပြီး မလုပ်ပေးနေတာက မဖြစ်သင့်ဘူး။ ကိုယ့်နိုင်ငံသား ဒုက္ခရောက်နေတာကို အာဏာပိုင်တွေ၊ တာဝန်ယူထားတဲ့ အာဏာပိုင် အဆက်ဆက်က တာဝန်မယူပေးဘူး။ အခုလည်း ရန်ကုန် လေဆိပ်ကနေ အမြဲတမ်း ဆက်ဆက် သွားနေတာပဲ။ သိသိလျက်နဲ့ လုပ်နေကြတာပေ့ါ” လို့ ပြောပါတယ်။

အခုလို အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရမှုတွေကို မြန်မာနိုင်ငံကနေ တိုက်ရိုက်ကူညီဖို့ ခက်ခဲတာကြောင့် မြန်မာဘက်အခြမ်းက အေးဂျင့်တွေကိုသာ အရေးယူနိုင်ဖို့ ချိတ်ဆက် ဆောင်ရွက်ပေးနေရတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။

အလုပ်အေးဂျင့်တွေဟာ အိမ်အကူလုပ်ချင်တဲ့ မြန်မာအမျိုးသမီးတွေကို လစာ ကောင်းကောင်းရမယ်ဆိုကာ ဒူဘိုင်းနဲ့ အိုမန်ဘက်ကို ပို့ဆောင်ပေးပေမဲ့ တကယ် လက်တွေ့မှာတော့ အလုပ်ခေါ်စာ နည်းပြီး၊ အလုပ်မရဘဲ အခန်းတခန်းမှာ လူ ၅၀ လောက် ပိတ်မိနေတဲ့ အခြေအနေတွေ ရှိပါတယ်။ ဒါ့အပြင် အဲဒီအမျိုးသမီးတွေကို အခြား နေရာတွေဖြစ်တဲ့ ဆီးရီးယားနဲ့အီရတ်နိုင်ငံတွေဆီ ရောင်းစားခံရတာတွေ ကြုံနေပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ စစ်ရေးပဋိပက္ခနဲ့ နိုင်ငံရေး မတည်ငြိမ်တာတွေကြောင့် ပြည်ပထွက် အလုပ်လုပ်ကိုင်သူတွေ ပိုများလာပြီး ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ယူအေအီး နိုင်ငံတွေကို အများဆုံး သွားရောက် အလုပ်လုပ်ကိုင်နေကြပါတယ်။ 

ဇွဲသစ်

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
အီရတ်တွင် ရောင်းစားခံရသည့် အမျိုးသမီး ၆ ဦး အကူအညီ မရသေး