DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတွင် အခွန်ကောက်ဂိတ်များနေသဖြင့် ကုန်စည်သယ်ယူရေးကုန်ကျစရိတ်ပိုများလာ
DVB
·
April 23, 2024
စစ်ကိုင်းတွင် အခွန်ကောက်ဂိတ်များနေသဖြင့် ကုန်စည်သယ်ယူရေးကုန်ကျစရိတ်ပိုများလာ
Donate to DVB

စစ်ကိုင်းတိုင်းကုန်သွယ်ရေးလမ်းမတွေမှာ စစ်ကောင်စီကရော ပြည်သူ့ကာကွယ်ရေးတပ် PDF တွေဘက်ကပါ နှစ်ဖက်စလုံးက အခွန်ကောက်တဲ့ဂိတ်တွေ များပြားလာတာကြောင့် ကုန်စည်သယ်ယူရေး ကုန်ကျစရိတ်တွေ ပိုများလာနေပါတယ်။

စစ်ကိုင်းတိုင်းမှာ အုပ်ချုပ်ရေးလေဟာနယ်ဖြစ်နေတာကြောင့် ဖြစ်ပေါ်နေတဲ့ဒီအခက်အခဲကို ပြည်သူတွေအနေနဲ့ သည်းခံပေးဖို့ စစ်ကိုင်းလွှတ်တော်ဥက္ကဋ္ဌက မေတ္တာရပ်ခံပါတယ်။

စစ်ကိုင်းတိုင်းမှာ မုံရွာမြို့ကို ဗဟိုပြုပြီး ဧရာဝတီတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တို့ဆီကို ကုန်တင်ပို့တဲ့ ပြည်နယ်ဖြတ်ကျော် ကုန်သွယ်ရေးလမ်းကြောင်း ၇ ခုအထိရှိပါတယ်။

စစ်ရေးအရှိန်မြင့်လာချိန်မှာ စစ်ကောင်စီဘက်ကရော PDF တွေဘက်ကပါ ငွေကြေးလို အပ်ချက်မြင့်မားနေတာကြောင့် လမ်းကြောင်းတွေအပေါ်မှာ အခွန်ကောက်ခံတဲ့ဂိတ်တွေ ပိုများလာပြီး ကုန်စည်သယ်ယူရေးကုန်ကျစရိတ်တွေပိုများလာတယ်လို့ ကုန်တင်ကားမောင်းသူတွေက ပြောပါတယ်။

မန္တလေး-မိုးညှင်းလမ်းတလျှောက်မှာဆိုရင် ကုန်ကားတစီး နှစ်ဖက်ဂိတ်တွေကို ပေးဆောင်ရတဲ့ငွေကြေးပမာဏဟာ အရင်တုန်းကထက် ငွေကျပ် ၅ သိန်းနဲ့အထက် ပိုများလာတယ်လို့ဆိုပါတယ်။

ကုန်တင်ယာဉ်မောင်းတဦးက "အစစ အရာရာ ကွာဟသွားတာ အရင်တုန်းက ဆီတလီတာမှ ၇၀၀-၈၀၀ နဲ့သွားတယ်၊ အခု တလီတာကို ၂၅၀၀-၃၀၀၀ နဲ့သွားနေရတယ်။ အဲ့လိုသွားနေရတဲ့အချိန်မှာ လမ်းမှာ ဂိတ်ပေါင်းများစွာ တိုးတိုးလာတယ်။ ကုန်ကျစရိတ်တွေက အဆမတန်များပြားလာတယ်။ တဖက်တည်းမှမဟုတ်ဘူး၊ ၂ ဖက်လုံးတိုးလာတာ ဂိတ်တွေက။ ကျွန်တော်တို့က အခုက အခွန်က ၂ ရပ်ဆိုတော့ ပိုဆိုးနေတာပေါ့။ သူတို့အခွန်ကောက်တာက ကုန်သည်တွေဆီမှာ ကောက်တယ်လို့ သူတို့ပြောတယ်နော်။ တကျပ်နဲ့ဝယ်ရတာကို အခွန်ကောက်လို့ ၁ ကျပ်ခွဲဖြစ်သွားရင် ဘယ်လောက်နဲ့ရောင်းမလဲ၊ ၂ ကျပ်နဲ့ရောင်းမယ်နော်။ မဖြစ်မနေ ဝယ်ယူပြီးစားသုံးရတဲ့သူတွေပဲထိခိုက်တာ။ ကုန်သည်တွေထိခိုက်တာမျိုးမဟုတ်ဘူး။ အခွန်ကောက်မယ် မကောက်ရဘူးမဟုတ်ဘူး ကျနော်ဖြစ်စေချင်တဲ့သဘောတရားက ဘယ်ပစ္စည်းကို ဘယ်လောက်ကောက်မယ်ဆိုတာ သတ်မှတ်ပြီး တရားဝင်စာထုတ်ပေးလိုက်၊ အဲ့ဒါဆို ကျနော်တို့ဆောင်မယ်၊ အခွန်စည်းမျဉ်းစာရွက်ကမရှိ၊ ဒါပေမဲ့ လမ်းမှာဆောင်တဲ့နေရာကြဆောင်နေရတယ်။"

ဒေသကာကွယ်ရေးအဖွဲ့တွေအနေနဲ့ စစ်ရေးအတွက်ငွေ ကြေးလိုအပ်ချက်ကိုဖြည့်ဆည်းဖို့ ရုန်းကန်နေရတာ၊ အမျိုးသားညီညွတ်ရေးအစိုးရဗဟိုက မြေပြင်လိုအပ်ချက်တွေကို ပြည့်စုံ အောင် မပံ့ပိုးပေးနိုင်သေးတာတွေအပြင် အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ စစ်ဘေးမီးဘေးသင့်ပြည်သူတွေကို အကူအညီပေးရေးစတာတွေအတွက် တော်လှန်ရေး အင်အားစုတွေဘက်က ငွေကြေးလိုအပ်ချက်မြင့်မားနေတာပါ။

စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဋ္ဌ ဦးမြင့်ထွေးက " ကတခုချင်းစီအလိုက်မှာ တိတိကျကျ ညွှန်ကြားချက်တွေ အကုန်ထွက်ထားပြီးသားဖြစ်ပါတယ်။ စိုက်ပျိုး ပစ္စည်း ပစ္စယတွေ ဘယ်လို့နေရာမှာ ဘယ်လိုကောက်မယ်။ ဘယ်ပစ္စည်းက ဘယ်လိုကောက်မယ်ဆိုတာ အသေးစိတ်ညွှန်ကြားထားပြီးသားဖြစ်တယ်ပေါ့နော်။ ညွန်ကြားချက်နဲ့အညီ ကောက်ခံရေးအဖွဲ့ တာဝန်ရှိသူအသီးသီးကလည်း စနစ်တကျကောက်ခံပေးဖို့လိုသလို တဖက်မှာလည်း ကျနော်တို့ ပစ္စည်းတိုင်းကို ကောက်နေတာမဟုတ်ပါဘူး။ ဆန်စပါးနဲ့ပတ်သက်ရင် အခွန်ကင်းလွတ်ခွင့် တွေအကုန်ပေးထားသလို တချို့နေရာတွေကြတော့လည်း အထူးကုန်စည်ခွန်အနေနဲ့ သတ်မှတ်ပေးထားတာတွေလည်းရှိတယ်။ နောက်တခုက ယစ်မျိုးခွန်အနေအထားအရ ကျနော်တို့ UTL လို့ပြောထားတဲ့ ပြည်ထောင်စု အခွန်ဥပဒေအရကောက်ခံရတာတွေလည်း ရှိပါတယ်။ အခွန်ကလည်း ကောက်ခံပြီးရင် ပြည်သူ့ကို ဝန်ဆောင်မှုပြန်ပေးရမယ်ဆိုတဲ့ တိုက်ရိုက် အချိုးကျမှုကိုလည်း အကောင်အထည်ဖော်နိုင်ဖို့လိုတယ်။ အဲ့ဒီတော့ စိုက်ပျိုးပစ္စည်းထုတ်လုပ်တာတွေနဲ့ပတ်သက်လို့လည်း ထောက်ခံသူများအဖွဲ့ကလည်း ညွှန်ကြားချက် အတိုင်းဆောင်ရွက်ဖို့တော့ လိုအပ်မယ်လို့ ကျနော် သုံးသပ်ပါတယ်”လို့ ပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေက အလုံးစုံမလွှမ်းခြုံနိုင်သေးတဲ့ကာလမှာ မြေပြင်တော်လှန်ရေး အစုအဖွဲ့အသီးသီးကို တိုင်းအဆင့်မှာ အစိုးရဖွဲ့ပြီး မကွပ်ကဲနိုင်သေးဘဲ ပြည်ထောင်စုအစိုး ရအဆင့်က တိုက်ရိုက်ကွပ်ကဲနေရတဲ့အခြေအနေကြောင့် ကြားထဲမှာအုပ်ချုပ်ရေးလေဟာနယ် ဖြစ်နေတယ်လို့ဆိုပါတယ်။

ဦးမြင့်ထွေးက "ကျနော်တို့လည်း အကုန်ကြားသိနေရပါတယ်။ အခွန်တွေ ၃ ပေ ၁ ဂိတ်တို့။ ဒီလိုမျိုးကျနော်တို့ကြားသိရတာမျိုးဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျနော်တို့ NUG အစိုးရနဲ့ အခွန်ကောက်ခံရေး မြို့နယ်အသီးသီးရဲ့ ပကဖ၊ ပအဖ အားလုံးရဲ့စီမံကွပ်ကဲမှုတွေနဲ့ ကျနော်တို့ ဖြေလျှော့ပြီးတော့ မှန်မှန်ကန်ကန်ဖြစ်အောင် ဆောင်ရွက်သင့်တယ်။ နောက်တခုက ကုန်ကျစရိတ်နဲ့ စစ်သုံးစရိတ်တွေကလည်း အရမ်းများတယ် အဖွဲ့တိုင်း အဖွဲ့တိုင်းမှာ။ ဖြေရှင်းနိုင်အောင် အစိုးရတာဝန်ရှိသူ ဝန်ကြီးဌာနအသီးသီးကလည်း ဖြည့်စွက်ပေးနိုင်ခြင်းမရှိသေးဘူး။ ဒီ့အတွက်လည်း အားလုံးက ညှိညှိနှိုင်းနှိုင်းဆောင်ရွက်နိုင်ရင် ပိုကောင်းမယ်။ မြို့နယ်အဆင့် ကောက်ခံတဲ့ ချွတ်ချော်မှု တိမ်းစောင်းမှု အကုန်လုံးကို ပြည်ထောင်စုအစိုးရအဆင့်က တိုက်ရိုက်လှမ်းပြီး ထိန်းကျောင်းရတဲ့အခြေအနေရှိတယ်။ အုပ်ချုပ်မှုလေဟာနယ်ဖြစ်တယ်လို့ ကျနော်တို့ ဒီလိုသုံးသပ်ပါတယ်။ ဒီအချိန်ကာလမှာလည်း ပြည်သူလူထုအနေနဲ့ ဒါလေးကိုဖြည့်စွက်နားလည်ပေးဖို့ လိုလိမ့်မယ်လို့ သုံးသပ်ပါတယ်။"

မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းနဲ့မန္တလေးမှာ ဖြစ်ပေါ်နေတဲ့ စစ်ရေးအခြေအနေတွေရဲ့ နောက်ဆက်တွဲအဖြစ် ကုန်စည်စီးဆင်းမှုတုံ့ဆိုင်းတာ၊ လမ်းတွေပိတ်တာ၊ စက်သုံးဆီဈေးမြင့်တာ၊ ဂိတ်တွေမှာ ငွေကြေးပေးဆောင်ရတာများလာတာတွေကြောင့် ကုန်ဈေးနှုန်းပိုပြီး တက်လာမယ့်အခြေအနေတွေဖြစ်ပေါ်နေတာပါ။

ကိုဗစ်ကာလကတည်းကဖြစ်ခဲ့တဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းတွေရပ်တန့်မှုဟာ နောက်ပိုင်းမှာ စစ်ရေးပြဿနာတွေကြောင့် အချိန် ၄ နှစ်နီးပါးအထိ ဆက်လက်ဖြစ်ပေါ်နေခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013