
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုး စီးနင်းပြီး လမ်းကြောင်းတွေကို ပိတ်ဆို့ထားတာကြောင့် ရွှေဘိုအနောက်ခြမ်းနဲ့ ဒီပဲယင်းအရှေ့ခြမ်းက ကျေးရွာတွေမှာ ကုန်စည် ပြတ်လပ်ပြီး ကုန်ဈေးနှုန်း အဆမတန် မြင့်တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်ဟာ စက်တင်ဘာ ၂၆ ရက်ကစပြီး ရွှေဘိုမြို့အဝင် အနောက်ပေါက်အနီးမှာ ရှိတဲ့ အိုးဖိုကျေးရွာကို စစ်ကြောင်းထိုး စီးနင်းခဲ့ပါတယ်။
အိုးဖိုရွာဘုန်းကြီးကျောင်းမှာ ယာယီအထိုင်ချ တပ်စွဲထားသလို ရွှေဘို-ဆိပ်ခွန်-မူးကမ်းကြီး-မုံရွာ သွား ကားလမ်းဘေးမှာရှိတဲ့ အိုးဖိုရွာ၊ ကင်းဗျားရွာနဲ့ ချီပါတံတား အရှေ့ဘက်က ချီပါ မျိုးသန့်စိုက်ခြံတို့ကိုပါ တပ်ဖြန့်နေရာယူထားတာပါ။
ဒီလို လမ်းကြောင်းတွေကို ထိန်းချုပ်ထားတာကြောင့် ရွှေဘိုအနောက်ခြမ်းနဲ့ ဒီပဲယင်းအရှေ့ခြမ်းကို သွားရောက်မဲ့ ကုန်တင်ယာဉ်တွေဟာ ဒီပဲယင်း၊ အရာတော်နဲ့ ဝက်လက်နယ်တွေကို ဝိုင်းပတ် မောင်းနှင်ပြီးမှ ရွှေဘိုမြို့ကို ဝင်ရောက် ကုန်စည်သယ်ယူနေကြရပါတယ်။
သယ်ယူချိန် ကြန့်ကြာမှုနဲ့အတူ သယ်ယူစရိတ်တွေ အဆမတန် မြင့်တက်သွားတာကြောင့် အခြေခံစား သုံးကုန် ဈေးနှုန်းတွေ ထိန်းမရအောင် တက်လာတာလို့ သိရပါတယ်။
သယ်ယူစရိတ် မြင့်တက်လာမှုနဲ့ ပတ်သက်ပြီး ဒေသခံ ကုန်တင်ယာဉ်မောင်းတယောက်က "အရင်က တနာရီခရီးကို အခု တနေကုန် သွားနေရတာ။ ဒီပဲယင်း၊ အရာတော်၊ ဝက်လက်ဘက်ကနေ ပတ်ပြီး ရွှေဘိုကို ဝင်ရတာပါ။ ဆီဖိုးနဲ့ ကုန်ကျစရိတ်ကလည်း နှစ်ဆမက ကုန်တယ်။ အရင်က အသွားအပြန် ဆီဖိုးရောမှ ၇၅,၀၀၀ ကျပ်ပဲ ကုန်တာ။ အခုကျတော့ လမ်းမှာလည်း စစ်ဆေးရေး ဂိတ်တွေကများ၊ လမ်းကြောကလည်း ရှည်တော့ ဓာတ်ဆီတင် ၃ ဂါလန်ကျော် ပိုကုန်တယ်။ ဂိတ်ကြေးနဲ့ ဆီဖိုးနဲ့ဆို ၂ သိန်းလောက် ကုန်နေပြီ။ အကြောင်းမလှလို့ မိုးရွာရင် ဒီထက်မက ပိုကုန်နိုင်တယ်။ အဲဒါကြောင့် သယ်ယူစရိတ်တွေ တက်ကုန်တာပါ" လို့ ပြောပါတယ်။
စစ်တပ်က မြို့အဝင်အထွက်ကို တင်းကျပ်စွာ စစ်ဆေးနေတာကြောင့် အရင်က ဆီပုံးဝါတပုံးကို သယ်ယူစရိတ် ကျပ် ၃,၀၀၀ ရှိခဲ့ရာကနေ အခုအခါ ကျပ် ၁၂,၀၀၀ အထိ၊ ကြက်သွန် ၁၀ ပိဿာဝင် တအိတ်ကို ကျပ် ၅,၀၀၀ မှ ကျပ် ၁၅,၀၀၀ အထိ၊ ခရမ်းချဉ်သီး တသေတ္တာကို ကျပ် ၃,၀၀၀ မှ ကျပ် ၁၀,၀၀၀ အထိနဲ့ ကြက်ဥ၊ ဘဲဥ ၁၀ ကတ်တွဲ တတွဲကို ကျပ် ၃,၀၀၀ မှ ကျပ် ၁၀,၀၀၀ အထိ သယ်ယူစရိတ် အသီးသီး မြင့်တက်သွားခဲ့တာပါ။
လမ်းကြောင်း ပတ်မောင်းနေရမှုနဲ့ သယ်ယူစရိတ် မြင့်တက်မှုကြောင့် ဈေးကွက်အတွင်း ဓာတ်ဆီ တလီတာကို ကျပ် ၆,၅၀၀ မှ ကျပ် ၉,၀၀၀ အထိ၊ ဒီဇယ် တဂါလန်ကို ကျပ် ၂၂,၀၀၀ မှ ကျပ် ၃၀,၀၀၀ နဲ့ ၃၅,၀၀၀ အထိ၊ စားသုံးဆီ တပိဿာကို ကျပ် ၂၂,၀၀၀ မှ ကျပ် ၂၇,၀၀၀ အထိ၊ ဆန်အကြမ်း တပြည်ကို ကျပ် ၆,၀၀၀ မှ ကျပ် ၉,၀၀၀ အထိ၊ ကြက်ဥ၊ ဘဲဥ တလုံးကို ကျပ် ၅၅၀ မှ ကျပ် ၇၀၀ အထိ၊ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူ တပိဿာကို ကျပ် ၈,၀၀၀ မှ ကျပ် ၁၂,၀၀၀ နဲ့ ၁၅,၀၀၀ အထိ၊ အသား၊ ငါး တပိဿာကို ကျပ် ၂၅,၀၀၀ မှ ကျပ် ၃၀,၀၀၀ နဲ့ ၃၅,၀၀၀ အထိ အဆမတန် ဈေးမြင့်တက်သွားပါတယ်။
ဒေသခံပြည်သူတယောက်က "စားသောက်ကုန်တွေက လမ်းမပိတ်ခင်ကတည်းက တက်နေတာပါ။ အခု လမ်းပါ ပိတ်လိုက်တော့ ပိုတက်တာပေါ့။ အဓိကကတော့ ဆန်ဈေးနဲ့ ဆီဈေးက တအားတက် သွားတော့ ဘယ်လိုမှ လိုက်မမီတော့ဘူး။ ကျန်တာတွေကလည်း ၅၀၀ တန် ပစ္စည်းက ၈၀၀၊ ၁,၀၀၀ ဖြစ်လာတယ်။ ၅,၀၀၀ တန် ပစ္စည်းက ၆,၀၀၀ ဖြစ်လာတယ်။ အသား၊ ငါးဆိုတာ မပြောနဲ့တော့၊ ကြက်ဥတောင် နေ့တိုင်း စားဖို့ မလွယ်တော့ဘူး" လို့ ပြောပါတယ်။
ဒါ့အပြင် စစ်တပ်ဟာ ရွှေဘိုမြို့အနောက်ဘက် လမ်းကြောင်းကို စီးနင်းထားရုံတင် မကဘဲ တောင်မုဒ်ဂိတ်၊ ကိုးပင်ဂိတ်နဲ့ ကန်တော် စစ်ဆေးရေးဂိတ်တို့ကနေပါ မြို့အဝင်အထွက် ပြုလုပ်နေတဲ့ ဆိုင်ကယ်၊ သုံးဘီးနဲ့ ကုန်တင်ယာဉ်တွေကို တင်းကျပ်စွာ စစ်ဆေးနေပါတယ်။
ရပ်ကွက် ဒါမှမဟုတ် ကျေးရွာ အုပ်ချုပ်ရေးမှူး ထောက်ခံစာမပါရင် မြို့ထဲ ဝင်ခွင့်မပြုတော့တာ ကြောင့် ကုန်စည်စီးဆင်းမှု ရပ်ဆိုင်းသွားပြီး မြို့ပေါ်ရော ကျေးရွာတွေမှာပါ ကုန်စည်ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရပါတယ်။
ရွှေဘိုမြို့ခံတယောက်က "စစ်တပ်က မြို့အဝင်အထွက်တွေကို မတရားစစ်နေတာ။ အနောက်ပေါက် ကလည်း စစ်ကြောင်းထိုးနေလို့ ကုန်တင်ယာဉ်တွေ မလာနိုင်ကြဘူး။ မြို့ရဲ့ ဘာအပေါက်ကမှ အလွယ်တကူ ဝင်လို့မရအောင် ကျပ်နေတာပါ။ မြို့က ကုန်လည်း နယ်ကို မထွက်နိုင်၊ နယ်က ကုန်လည်း မြို့ကို မဝင်နိုင်နဲ့။ ကုန်ကားတွေရော နယ်က လူတွေရော မြို့ကို အဝင်အထွက် မရှိတော့ ပွဲရုံတွေလည်း အရောင်းအဝယ် မဖြစ်ဘူး။ ဈေးထဲက ဈေးသည်တွေလည်း ဈေးမရောင်းရဘဲ အလုပ်တွေ ပျက်ကုန်တယ်။ ကုန်စည်ပြတ်ပြီး ကုန်ဈေးနှုန်းတက်တော့ မြို့ရော နယ်ပါ အခက်အခဲ ကပ်ဆိုးကြီးနဲ့ ကြုံနေရတာပါ" လို့ ပြောပါတယ်။
လက်ရှိအချိန်မှာ စစ်အာဏာရှင်တပ်ဟာ ရွှေဘိုအနောက်ခြမ်းကို စစ်ကြောင်းထိုးပြီး မြို့အဝင်အထွက် အားလုံးကို ပိတ်ဆို့ထားတဲ့အပြင် မြို့တွင်းမှာပါ လှည့်ကင်း၊ ပတ်ကင်းတွေနဲ့ ပေါ်တာဆွဲ ဖမ်းဆီးတာ၊ အကြောင်းအမျိုးမျိုးပြပြီး ခြိမ်းခြောက် ငွေညှစ်တာတွေကို တိုးမြှင့် လုပ်ဆောင်နေတာကြောင့် ရွှေဘိုမြို့ခံတွေနဲ့ နယ်ကျေးရွာနေ ပြည်သူတွေဟာ အကျပ်အတည်း ပေါင်းစုံနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။











