DVB Logo
Home
မြန်မာသတင်း
မြင်းခြံတွင် စစ်သင်္ဘောနှင့်ဆီမီးခုံရဲစခန်း တိုက်ခိုက်ခံရပြီး စစ်တပ်က နေအိမ်ရာချီမီးရှို့၊ ရေတာ ရှည်တိုက်ပွဲ နှစ်ဖက် အကျအဆုံး များပြား
DVB
·
April 23, 2024
မြင်းခြံတွင် စစ်သင်္ဘောနှင့်ဆီမီးခုံရဲစခန်း တိုက်ခိုက်ခံရပြီး စစ်တပ်က နေအိမ်ရာချီမီးရှို့၊ ရေတာ ရှည်တိုက်ပွဲ နှစ်ဖက် အကျအဆုံး များပြား
Donate to DVB

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကြည်ရွာကို စစ်ကူသွားမယ့် စစ်သင်္ဘောနဲ့ ဆီမီးခုံရဲစခန်းကို ဧပြီ ၂၀ ရက် မနက် ၅ နာရီကစတင်ပြီး မနက် ၈ နာရီအထိ တိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ် စစ်ကူတွေကို အချိန်မီ တားနိုင်ခဲ့တယ်လို့ ဒေါင်းစစ်သည်အဖွဲ့ကနေ သိရပါတယ်။

ကြည်ရွာကို မဟာမိတ်ပူးပေါင်းအဖွဲ့တွေ ဧပြီ ၂၀ ရက် မနက်အစောပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နေချိန် ကြည်ရွာကို စစ်တပ်စစ်ကြောင်း မကူနိုင်အောင်လို့ စစ်ကြောင်းကို ဖြတ်တောက်ပစ်ခတ်ခဲ့တာလို့ ဒေါင်းစစ်သည်အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

“ကျနော်တို့က စစ်သင်္ဘောနဲ့ တပ်ကူသွားမှာစိုးလို့ ဖြတ်တောက်ပေးတာပါ။ သင်္ဘောနဲ့က ၁၀ မိနစ်လောက်မောင်းရင် အစောကပြောတဲ့ ကြည်ရွာကျေးရွာကို ရောက်တယ်။ သင်္ဘော အချိန်မီ မကူနိုင်အောင် တားနိုင်ခဲ့တယ်။ ဆီမီးခုံနဲ့ သိပ်မဝေးဘူး၊ ကြည်ရွာကို မဟာမိတ်အဖွဲ့တွေက ဝင်သိမ်းတာ။”

စစ်ကောင်စီတပ် စစ်ကူသင်္ဘောကို ၁၀၇ မမ ရှော့တိုက်ဒုံး၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တဲ့အပြင် ဆီမီးခုံရဲစခန်းကိုလည်း ဒရုန်း၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

“စခန်းထဲကိုလည်း တည့်တည့်ကျတယ်။ သင်္ဘောအထက်က ကုန်းပတ်ပေါ်ကိုလည်း တည့်တည့်ကျတယ်။ လေယာဥ်ပစ်လက်နက်တွေနဲ့ သင်္ဘောပေါ်ကနေ ပြန်ပစ်တယ်။ ကျနော်တို့ဘက်က ရဲဘော် ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်။”

ဆီမီးခုံရဲစခန်းနဲ့ စစ်သင်္ဘောပေါ်က စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်ပြီး အသေးစိတ် မသိရသေးပါဘူး။

ကြည်ရွာကိုလည်း မဟာမိတ်အဖွဲ့တွေ အောင်မြင်စွာ ​ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ပြီး အခုလက်ရှိအချိန်မှာတော့ စစ်တပ်ဘက်က ပြန်ပြီး သိမ်းထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီနဲ့ ပျူစောထီး အင်အား ၃၀ ကျော်က မြင်းခြံမြို့နယ်က ကျေးရွာတွေကို ဧပြီ ၂၀ ရက်ကစပြီး စစ်ကြောင်းထိုး မီးရှို့နေတာကြောင့် နေအိမ် ရာချီ ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီ ၂၀ ရက် ညနေမှာ ဆင်ချောင်းရွာက လူနေအိမ် ၁၀၀ ကျော်၊ ဧပြီ ၂၁ ရက်မှာ ရန္တပိုရွာ၊ ကိုင်းရွာ၊ ဥဒယရွာတို့ကို လူနေအိမ် ၁၅၀ ကျော် ဆုံးရှုံးခဲ့ပြီး အသက် ၇၀ အရွယ် ကိုင်းရွာခံ အဘွားတဦးကိုလည်း ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။

မြင်းခြံမြို့နယ် ပအဖ တာဝန်ရှိသူက “မြင်းခြံမြို့နယ်ထဲမှာရှိတဲ့ ရွာတွေကို ၂၀ ရက်နေ့ကစပြီး မီးရှို့နေတာပါ။ အရပ်သား အမျိုးသမီးတဦးကိုလည်း ပစ်သတ်သွားပါတယ်။ အသတ်ခံရတဲ့ အမျိုးသမီးကတော့ ကိုင်းကျေးရွာသူဖြစ်ပါတယ်။ ဆင်ချောင်းကျေးရွာကိုလည်း မီးရှို့ပါသေးတယ်။ စစ်မီးဘေးသင့် ပြည်သူတွေကိုတော့ မြို့နယ် ပအဖမှ လှူဒါန်းငွေနဲ့ ပကဖအဖွဲ့ဝင်တွေက မြေပြင်မှာ ကူညီပေးနေပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာ ၇ ရွာက ပြည်သူ ၃,၀၀၀ ကျော်ဟာ နီးစပ်ရာ ကျေးရွာတွေဘက် တိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာတွေလည်း အရေးပေါ် လိုအပ်နေတယ်လို့ သိရပါတယ်။

ဧပြီ ၂၂ ရက် မနက်ပိုင်းကလည်း မြင်းခြံမြို့နယ် ဂင့်ဂဲရွာကို ထပ်မံမီးရှို့နေပြီး ပျက်စီးမှု အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်ထဲမှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေ ဖြစ်ပွားတဲ့ တိုက်ပွဲမှာ နှစ်ဖက်ထိခိုက်ကျဆုံးမှု များပြားတယ်လို့ တောင်ငူခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၅၀၁ တပ်ရင်းဆီကနေ သိရပါတယ်။

၃၅၀၁ တပ်ရင်း တာဝန်ခံတဦးက “ပိတောက်ကုန်း၊ ဆွာရွာမ၊ ကြိတ်ပတီး ရွာတွေဘက်ကို ၁၇ ရက်နေ့ကတည်းက အင်အား ၄၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်နေတာ။ နှစ်ဖက်အကျအဆုံးရှိတယ်။ စစ်တပ်ဘက်ကတော့ ပိုများတယ်။ တိုက်ပွဲက အခုထိဖြစ်နေတုန်းပဲ” လို့ DVB ကို ပြောပါတယ်။

ဧပြီ ၁၇ ရက်ကတည်းက စစ်ကောင်စီတပ်နဲ့ ဒေသခံ ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားနေရာ ဧပြီ ၂၂ ရက်အထိ ဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့အပြင် လေယာဥ်နဲ့လည်း ဗုံးကြဲနေတယ်လို့ သိရပါတယ်။

“ဧပြီ ၂၂ ထိ သူတို့ဘက်က လက်နက်ကြီးတွေနဲ့လည်း ဆက်တိုက်ပစ်နေတယ်။ လေယာဥ်နဲ့ ဗုံးကြဲတာဆို ၁၀ ကြိမ်ကျော်ရှိနေပြီ” လို့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

စစ်ကောင်စီက လေယာဥ်တွေနဲ့ ဗုံးကြဲနေတဲ့အတွက် ပိတောက်ကုန်း၊ ဆွာရွာမ၊ ကြိတ်ပတီးကျေးရွာတွေ အပါအဝင် အနီးအနားက ကျေးရွာ ၁၀ ရွာကျော်မှာ လူနေအိမ်တွေကို ထိမှန်ပျက်စီးခဲ့တာကြောင့် ဒေသခံပြည်သူတွေ နီးစပ်ရာ တောတောင် လယ်ယာတွေထဲကို စစ်ဘေးရှောင် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပိတောက်ကုန်းရွာ စစ်ဘေးရှောင်တဦးက “စစ်တပ်က လက်နက်ကြီးတွေနဲ့လည်းပစ်၊ လေယာဥ်နဲ့လည်း ဗုံးကြဲတာ ကျနော့်ရွာနား ကျတယ်။ ရွာအစွန် အိမ်တွေတော့ ပျက်စီးကုန်တယ်။ တရွာလုံး ထွက်ပြေးလာတာ။ ထွက်ပြေးလာကြတာ ကျနော်တို့ရွာတင်မကဘူး။ ဟိုဘက်က ဆွာရွာမ၊ ကြိတ်ပတီး၊ ခင်တန်း၊ မြောင်းတူနဲ့ ရွာနီးချုပ်စပ်က ၇ ရွာလောက်က ရွာသားတွေလည်း စစ်ဘေးရှောင်ပြီး ထွက်ပြေးလာကြတာ များတယ်။ ၁,၅၀၀ ဝန်းကျင်တော့ ရှိလိမ့်မယ်ထင်တယ်” လို့ DVB ကို ပြောပါတယ်။

အခုဖြစ်ပွားနေတဲ့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၅၀ ဝန်းကျင်နဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ၅ ဦးကျဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013