DVB Logo
Home
မြန်မာသတင်း
ဆီဆိုင်မြို့နယ်ရှိ စစ်ဘေးရှောင်များကို စစ်ကောင်စီတပ်က အတင်းအကျပ် နေရပ်ပြန်ခိုင်း
DVB
·
April 23, 2024
ဆီဆိုင်မြို့နယ်ရှိ စစ်ဘေးရှောင်များကို စစ်ကောင်စီတပ်က အတင်းအကျပ် နေရပ်ပြန်ခိုင်း
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်းမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာပြီး စစ်ဘေးရှောင်ရတဲ့ ပြည်သူတွေကို အာဏာသိမ်းစစ်တပ်နဲ့ ပြည်သူ့စစ်တွေက နေရပ်တွေကို အတင်းအကျပ်ပြန်ခိုင်းနေတယ်လို့ ဒေသခံတွေနဲ့ ပအိုဝ်းအရပ်ဘက်အဖွဲ့တွေဆီက သိရပါတယ်။

တိုက်ပွဲတွေဟာ အခုချိန်မှာ ဆီဆိုင်တင် မကတော့ဘဲ ဟိုပုံး၊ ပင်လောင်း၊ ညောင်ရွှေစတဲ့ ဒေသတွေကိုပါ ပျံ့နှံ့လာပြီး စစ်ဘေးရှောင်ပြည်သူ ၇၀၀၀၀ ကျော်အထိ ရှိနေပါတယ်။

သင်္ကြန်တွင်းနဲ့ သင်္ကြန်အပြီးမှာ ဆီဆိုင်မြို့မြောက်ဘက်က ရွာတွေမှာ  စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တွေက စစ်ရှောင်ပြည်သူတွေကို အတင်းအကျပ်နေရပ်ပြန်ခိုင်းပြီး မပြန်ရင် ဒဏ်ငွေဆောင်ရမယ်ဆိုပြီး ပြောဆိုတာတွေရှိတယ်လို့ ပအိုဝ်း လူငယ်အစည်းအရုံးက ပြောပါတယ်။

အခုတပတ်ထဲမှာလည်း တိုက်ပွဲတွေပြင်းထန်လာတဲ့အတွက် တောထဲတောင်ထဲမှာ စစ်ရှောင်နေကြရတဲ့ ပြည်သူတွေ ထပ်တိုးလာတယ်လို့ သိရပါတယ်။

ပအိုဝ်း လူငယ်အစည်းအရုံးတာဝန်ရှိသူတဦးက “အဓိကက ဆီဆိုင်မြောက်ဘက်က ကျေးရွာတွေပေါ့။ အဲ့ဒီမှာပြည်သူ့စစ်ကတပ်စွဲနေရာယူထားဆဲဖြစ်တယ်။ ဒေသခံတွေက စစ်ရှောင်ကြတယ်။ သူတို့ကို  အိမ်ပြန်ဖို့ပြောတယ်။ မပြန်ရင်ဒဏ်ကြေးဆောင်ခိုင်းမယ်ဆိုပြီး ပြောတာပေါ့ ဒေသခံတွေက စားဝတ်နေရေးခက်ခဲနေတော့ ပေးဖို့အဆင်မပြေတဲ့ အနေအထားရှိတယ်။ အဲ့ဒါကြောင့်ဒေသကိုပြန်သွားတယ်။ ပြန်သွားပြီးတော့မှ ပြန်နေတာသုံး ရက်လောက်ရှိချိန်မှာ လက်နက်ကြီးနဲ့တိုက်ပွဲ ပစ်ခတ်မှုနဲ့ဆိုတော့ ပြန်တိမ်းရှောင်ကြရတယ် ပြန်ထွက်လာတဲ့အပေါ်မှာ ဟန့်တားတာတော့မရှိဘူး”လို့ ပြောပါတယ်။

ဆီဆိုင်မြို့ကိုထိန်းချုပ်ထားနိုင်ပြီလို့ စစ်ကောင်စီက ဝါဒဖြန့်မီဒီယာတွေမှာပြောဆိုထားပေမယ့် မြို့ထဲမှာ နေ့စဉ်တိုက်ပွဲတွေဖြစ်နေဆဲဘဲလို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)က DVBကို ပြောပါတယ်။

ဆီဆိုင်မြို့ပေါ်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းကနေ ဗုံးကြဲမှုကြောင့် အရပ်သားနေ အိမ်တွေ အကောင်းအတိုင်းမကျန်သလောက်ဖြစ်နေတယ်လို့လည်းသိရပါတယ်။

တိုက်ပွဲဇုန်ထဲမှာ ရောက်နေတဲ့အတွက် ပြည်သူတွေ နေရပ်ပြန်ဖို့မဖြစ်နိုင်သေးဘဲ စစ်ကောင်စီက ထောင်ထားတဲ့မိုင်းတွေလည်း အများကြီးရှိနေတယ်လို့ PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောပါတယ်။

ပအိုဝ်းအမျိုးသားလွတ်‌မြောက်ရေးအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ  ခွန်ရိန်းယံက “အခုက ဘယ်လိုမှ နေအိမ်တွေပြန်လို့ အဆင်မပြေသေးဘူး။ တိုက်ပွဲတွေဖြစ်နေဆဲဖြစ်တယ်။ ပြန်စရာအိမ်လည်း မရှိတော့ဘူး။ စစ်ကောင်စီကဖျက်ဆီးခဲ့ပြီ။ တိုက်ပွဲဇုန်ထဲမှာ ရောက်နေတဲ့အတွက် စစ်ကောင်စီကထောင်ထားတဲ့ မိုင်းတွေလည်း အများကြီးရှိနေပါတယ်။ မြို့ပေါ်မှာ စစ်ကောင်စီနဲ့ပြည်သူ့စစ်က ဖျက်ဆီးလို့ အိမ်တွေက မရှိသလောက်ဖြစ်ကုန်ပြီ။ ပြန်စရာအိမ်မရှိတော့တာတွေ အများကြီးရှိတယ်”လို့ ပြောပါတယ်။

ရှမ်းတောင်တိုက်ပွဲတွေအတွင်းမှာ အပြစ်မဲ့အရပ်သားပြည်သူ ၆၁ ဦးသေဆုံးခဲ့ရတယ်လို့ ပအိုဝ်း လူငယ်အစည်းအရုံးကဆိုထားပြီး တိုက်ပွဲတွေမရှိချိန် နေအိမ်တွေကိုပြန်ပြီး ပစ္စည်းတွေပြန်ယူတဲ့ အရပ်သား ၂၀ ထက်မနည်း အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ  ၂၁ ရက်နေ့က  ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ဟိုပုံးမြို့နယ် စံဖူးရွာမှာ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA/PNLO) ရဲ့ ယာဉ်တန်းကို စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် အဖွဲ့တွေက တားဆီးရာကနေ တိုက်ပွဲတွေ စဖြစ်ခဲ့ပါတယ်။

သီဟ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013