DVB Logo
Home
နိုင်ငံတကာ
ဥရောပတွင် ရာသီဥတုဖောက်ပြန်ပြီး အပူချိန် ပြင်းထန်
DVB
·
April 22, 2024
ဥရောပတွင် ရာသီဥတုဖောက်ပြန်ပြီး အပူချိန် ပြင်းထန်
Donate to DVB

ဥရောပတိုက်မှာ ရာသီဥတုဖောက်ပြန်လို့ တိုးလာနေတဲ့ အပူချိန်တွေဟာ လူ့ခန္ဓာကိုယ်က မခံနိုင်တော့လောက်အောင် ပိုပြင်းထန်လာနေတယ်လို့ ဥရောပသမဂ္ဂ (EU) ရဲ့ ကော့ပါးနီးကပ်စ် ရာသီဥတုစောင့်ကြည့်ရေးဌာနနဲ့ ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO) က ဧပြီ ၂၂ ရက်မှာ ပြောလိုက်ပါတယ်။

မှတ်တမ်းထဲမှာ ဥရောပတောင်ပိုင်းရဲ့ ၄၁ ရာခိုင်နှုန်းကို အလွန်ပြင်းထန်ပြီး အလွန်အမင်း အပူဖိစီးမှု အခြေအနေအောက် တွန်းပို့ခဲ့တဲ့ ဇူလိုင်လ အပူလှိုင်း အပါအဝင် မနှစ်က ပြင်းထန်တဲ့ အခြေအနေတွေကို ဥရောပ ရာသီဥတုဆိုင်ရာ အစီရင်ခံစာထဲမှာ ကော့ပါးနီးကပ်စ်နဲ့ WMO တို့က မှတ်ချက်ပြုခဲ့ကြပါတယ်။

အပူလွန်ကဲလို့ ပြင်ပအလုပ်သမားတွေ၊ သက်ကြီးရွယ်အိုတွေ၊ နှလုံးသွေးကြောဆိုင်ရာ ရောဂါနဲ့ ဆီးချိုရောဂါလို ရောဂါအခံရှိသူတွေအတွက် ကျန်းမာရေးကို အထူးထိခိုက်စေပါတယ်။

အပူချိန်၊ စိုထိုင်းဆနဲ့ ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုလို အကြောင်းရင်းတွေကို ပေါင်းစပ်ပြီး “ခံစားရတဲ့” အပူချိန်ကို တွက်ချက်ပါတယ်။

ပြင်ပလေထု အပူချိန်နဲ့ မတူတဲ့ ခံစားရတဲ့ အပူချိန်ကို အပူရှိန်ဖိစီးမှုလို့လည်း ခေါ်ပြီး လူ့ခန္ဓာကိုယ်အပေါ် ပတ်ဝန်းကျင်ရဲ့ အပူသက်ရောက်မှုကို တိုင်းတာ တွက်ချက်ထားပါတယ်။

စပိန်၊ ပြင်သစ်၊ အီတလီနဲ့ ဂရိတို့ရဲ့ အစိတ်အပိုင်းတွေမှာ ၂၀၂၃ ခုနှစ်က ပြင်းထန်တဲ့ အပူဖိစီးမှု ၁၀ ရက်အထိ ခံစားခဲ့ရတာပါ။

အပူချိန် ၄၆ ဒီဂရီစင်တီဂရိတ်ထက် ပိုတယ်လို့ ခံစားရရင် အဲဒီအချိန်မှာ ကျန်းမာရေးပြဿနာတွေ၊ အပူဒဏ်နဲ့ တခြားအရာတွေကို ရှောင်ဖို့ ချက်ချင်းလုပ်ဆောင်ဖို့ လိုပါတယ်။

အပူနဲ့ ဆက်စပ်သေဆုံးမှုဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်း ဥရောပမှာ ၃၀ ရာခိုင်နှုန်းလောက် တိုးလာတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

ရာသီဥတုပြောင်းလဲမှုအတွက် ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေကို ပြင်ဆင်ဖို့ EU ရဲ့ သဘာဝပတ်ဝန်းကျင် အေဂျင်စီက အစိုးရတွေကို ပြီးခဲ့တဲ့လက တိုက်တွန်းခဲ့ပြီး ပြင်ပအလုပ်သမားတွေကို အပူဒဏ်ကနေ ကာကွယ်ဖို့ EU ဆိုင်ရာ စည်းမျဉ်းတွေ သတ်မှတ်ရေးအတွက် တောင်းဆိုခဲ့ပါတယ်။

၂၀၂၃ ခုနှစ်ဟာ စံချိန်မှတ်တမ်းတွေ စတင်ပြီးကတည်းက ကမ္ဘာမှာ အပူဆုံးနှစ် ဖြစ်ခဲ့ပါတယ်။ ဥရောပကတော့ ကမ္ဘာပေါ်မှာ အမြန်ဆုံး အပူချိန်တိုးနေတဲ့ တိုက်ကြီးဖြစ်လာပါတယ်။

Source/Photo - REUTERS/Massimo Pinca

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013