DVB Logo
Home
မြန်မာသတင်း
မိုးမောက်အနီး လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦး သေဆုံး
DVB
·
April 22, 2024
မိုးမောက်အနီး လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦး သေဆုံး
Donate to DVB

ကချင်ပြည်နယ်၊ မိုးမောက်မြို့နဲ့အနီးဝန်းကျင်မှာ ဧပြီ ၂၂ ရက် ဒီနေ့မနက်ပိုင်း စစ်ကောင်စီတပ်တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့အကြား လေကြောင်းအသုံးပြုတဲ့အထိ တိုက်ပွဲပြင်းထန်လို့ အနည်းဆုံး အရပ်သား ၃ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

မိုးမောက်မြို့နဲ့အနီးဝန်းကျင်မှာ ၂ ပတ်နီးပါး စစ်ရေးငြိမ်သက်ရာကနေပြီး ဧပြီ ၂၂ မနက်ပိုင်းမှာတော့ တိုက်ပွဲတွေ ပြန်ဖြစ်လာပါတယ်။

မနက် ၇ နာရီလောက်ကစတဲ့တိုက်ပွဲတွေကြောင့် မိုးမောက်မြို့၊ အလင်းကောင်ရပ်ကွက်က အမျိုးသား ၂ ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့ရပြီး  ဇောတိချောင်က မိန်းကလေးငယ် တဦး သေဆုံးခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မိုးမောက်မြို့ခံတဦးက “အခု ဒီမနက်မှပြန်ပြီးစနေတာ၊ စစ်ကြောင်းကလာတာကို ခါနန်ပိုင်းကို ရောက်သွားတဲ့အချိန်မှာ ဟိုဘက်မှာ ထိပ်တိုက်တွေ့ကြတယ် ထင်တယ်။ ပစ်နေကြတယ်။ အဲဒီနောက်ပိုင်းကစပြီး လက်နက်ကြီးတွေ အဆက်မပြတ် ပစ်တယ်။ အခုဖြစ်သွားတဲ့ဟာတွေ၊ တမနက်လုံး ၂ နာရီ၊ ၃ နာရီဆက်တိုက်လောက်ကို လက်နက်ကြီးတွေ ပစ်နေတယ်။ ဒီတိုင်းပဲ ပေါ့ပေါ့နေလိုက်တယ် ထင်တယ်။ ပြီးတော့မှ ၂ ယောက်က ကတုတ်ကျင်းကို သွားဖို့ကို ကတုတ်ကျင်းနဲ့ အိမ်နဲ့ကို ကူးလူးနေရင်းနဲ့ကို ထိသွားတာ”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က ခူးလီ-နန့်လှိုင်ဘက်ကနေ စစ်ကြောင်းထိုးလာလို့ တိုက်ပွဲဖြစ်ခဲ့တာလို့ KIO/ KIA သတင်းပြန်ကြားရေးတာဝန်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက DVB ကို အတည်ပြုပြောပါတယ်။

မိုးမောက်မြို့နယ်မှာ လှုပ်ရှားနေတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကို ရှင်းချင်တဲ့ပုံစံရှိသလို ဗန်းမော်မြို့နဲ့ နီးလာတဲ့အတွက် မြို့လုံခြုံရေးကြောင့် စစ်ကြောင်းထိုးလာတာလည်း ဖြစ်နိုင်ကြောင်း ရှေ့တန်းသတင်းရင်းမြစ်ကို ကိုးကားပြီး သူကဆက်ပြောပါတယ်။

ဗိုလ်မှူးကြီးနော်ဘူက “သူတို့ဆုတ်သွားတဲ့ စခန်းတွေကို ပြန်သိမ်းချင်လို့ ကြိုးစားနေတာလားပေါ့ နော်။ သုံးသပ်နေတာ ဖြစ်ပါတယ်။ စစ်ကြောင်းအင်အားက ဒီလောက်တော့ များပုံတော့မရပါဘူး။ ၅၀ ဝန်းကျင်လောက်ပဲ ဖြစ်လောက်တယ်လို့ သုံးသပ်ကြတယ်။ ဒါပေမဲ့ အတိအကျကတော့ မသိဘူးပေါ့နော်။ လောလောဆယ်ကတော့ အဲဒီဘက်ကတော့ စစ်ရေးကတော့ တင်းမာတဲ့ အနေအထား ဖြစ်ပါတယ်။ အချိန်မရွေးတိုက်ပွဲတွေ ဖြစ်နိုင်တဲ့အနေအထားပေါ့နော်”လို့ ပြောပါတယ်။

တိုက်ပွဲကြောင့် သေဆုံးခဲ့ရသူ ၃ ဦးရဲ့ ရုပ်အလောင်းတွေအပါအဝင် တခြားဒဏ်ရရတဲ့ အမျိုးသား ၃ ဦးလည်း ဗန်းမော်ဆေးရုံကိုရောက်ရှိလာခဲ့တယ်လို့ ဗန်းမော်မြို့ခံတဦးက ပြောပါတယ်။

မိုးမောက်မြို့ခံတွေကတော့ မြန်မာစံတော်ချိန် မွန်းလွဲ ၃ နာရီနီးပါးအထိ လက်နက်သံတွေ ကြားခဲ့ရတာကြောင့် ကတုတ်ကျင်းထဲမှာ နေနေကြရပါတယ်။

လတ်တလော မိုးမောက်မြို့ခံတွေ စစ်ရှောင်နေကြပေမဲ့ အိမ်စောင့်အဖြစ် ကျန်နေခဲ့သူက တအိမ် တယောက်လောက် အနည်းဆုံးရှိပြီး တချို့ဒေသခံတွေကတော့ မြို့မှာပဲ ဆက်နေကြလို့ တိုက်ပွဲထပ်ဖြစ်မှာကို စိုးရိမ်နေကြတယ်လို့ ပြောပါတယ်။

စိုးသူအောင်

ဓာတ်ပုံ - မိုးမောက်မြို့နယ် ကျောက်စခန်း၊ ခဝမ်ဘန် ကျေးရွာကို ဧပြီ ၃ ရက်နဲ့ ၄ ရက်တွေက စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲစဉ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013