DVB Logo
Home
မြန်မာသတင်း
စစ်တွေတွင် မိုင်းနင်းမိ ပစ်ခတ်ခံရပြီး ပြည်သူ ၅ ဦးထက်မနည်းသေ၊ မံစီစစ်ရှောင်များ နေရပ်ပြန်
DVB
·
April 21, 2024
စစ်တွေတွင် မိုင်းနင်းမိ ပစ်ခတ်ခံရပြီး ပြည်သူ ၅ ဦးထက်မနည်းသေ၊ မံစီစစ်ရှောင်များ နေရပ်ပြန်
1 / 3
Donate to DVB

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှာ ဧပြီ ၂၀ ရက်နေ့ ညပိုင်းက စစ်ကောင်စီ ထောင်ထားတဲ့ မိုင်းနင်းမိတာနဲ့ပစ်ခတ်ခံခဲ့ရတာကြောင့် စစ်ဘေးရှောင်ပြည်သူ ၅ ယောက်ထက်မနည်း သေဆုံး၊ အများအပြား ဒဏ်ရာရရှိပြီး ကချင်ပြည်နယ်၊ မံစီမြို့နယ်မှာတော့ စစ်ဘေးရှောင်တချို့ နေရပ်ပြန်နေကြပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်တွေမြို့နယ် ကံ့ကော်ကျွန်းကျေးရွာနားက ကွင်းပြင်မှာ ဧပြီ ၂၀ ရက် မနေ့ည ၉နာရီလောက်က စစ်ကောင်စီတပ်က လက်နက်ငယ်တွေနဲ့ ပစ်ခတ်လို့ ထွက်ပြေးရင်း မိုင်းနင်းမိလို့ ပြည်သူ ၅ ယောက်ထက်မနည်း သေဆုံး၊ အများအပြားဒဏ်ရာရကြသလို ၁၀၀ ကျော်လောက် ဖမ်းဆီးခံခဲ့ရတယ်လို့ ထွက်​ပြေးလွတ်မြောက်လာတဲ့ စစ်တွေမြို့နယ် စစ်ဘေးရှောင် ပြည်သူတယောက်က ပြောပါတယ်။

“ကျနော်တို့ စစ်တွေမြို့နယ်ဘက်က ကျေးရွာတွေကနေ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေး တိမ်းရှောင်လာတာ ပြည်သူ ၂၀၀ လောက်ရှိမယ်ဗျ။ ကံ့ကော်ကျွန်းရွာနားက ကွင်းပြင်မှာ ချောင်းကူးဖို့ လုပ်နေတဲ့ အချိန်မှာ အဲဒီကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့လို့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ထွက်ပြေးကြလို့ စစ်ကောင်စီတပ်က ထောင်ထားတဲ့မိုင်းနင်းမိပြီး ၅ ယောက်ထက်မနည်း သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်” လို့ ပြောပါတယ်။

စစ်တွေမြို့ ဒေသခံတယောက်ကတော့ ကံ့ကော်ကျွန်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားတွေက ဧပြီ ၂၀ ရက်နေ့ ညမှာ စစ်ဘေးရှောင်ပြည်သူ ၁၀၀ ကျော်လောက်ကို ဖမ်းဆီးပြီး စစ်ကား ၃ စီးလောက်နဲ့ စစ်တွေအခြေစိုက်ဒကစ ထဲကို ခေါ်သွားကြတယ်လို့ ဆိုပါတယ်။

ဒေသခံတယောက်က “ကျနော်တို့ တရွာတည်းကနေ မျက်စိရှေ့မှာ သေဆုံးသွားတာ ၃ ယောက်နဲ့ တခြားရွာက ၂ ယောက်လောက်ရှိပြီး ၂ ယောက်ကတော့ ခြေထောက်တွေ ပြတ်ထွက်သွားလို့ အရေးပေါ် ဆေးဝါးကုသမှုခံယူနေရတယ်။ ကျနော့်ခန္ဓာကိုယ်မှာလည်း မိုင်းစထိမှန်ပြီး ပွန်းပဲ့ဒဏ်ရာတွေ ရရှိခဲ့တယ်။ ကျနော်တို့က အရှေ့ဆုံးက ချောင်းကူးလာတာဆိုတော့ နောက်မှာ ကျန်ခဲ့တဲ့သူတွေထဲက ဘယ်နှယောက် သေဆုံး ဒဏ်ရာရရှိကာ၊ အဖမ်းခံရသူရှိ မရှိကို အတိအကျ မသိရသေးဘူး” လို့ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ တကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အပြင် မြေမြှုပ်မိုင်းတွေကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၁၇၀ ကျော်လောက် သေဆုံးပြီး ၂၀၀ နီးပါး လောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်၊ မံစီမြို့နယ်က စီခမ်းကြီးစစ်ကောင်စီစခန်း တိုက်ပွဲကြောင့် ဖေဖော်ဝါရီ ၁၉ ရက်နေ့ကတည်းက ဗန်းမော်မြို့ကို ၃ လနီးပါး ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ဒေသခ့တွေဟာ အခု ဧပြီလအတွင်း စီခမ်းကြီးကျေးရွာမှာ ပြန်လည်အခြေချနေထိုင်နေကြပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတယောက်က “တိုက်ပွဲဖြစ်တုန်းက မပျက်စီးဘဲ ကျန်ခဲ့တဲ့အိမ်တွေမှာ မိသားစု ၂ စု ၃ စု နေနေကြတာ။ ရွာသစ်ကုန်းဘက်မှာက အကုန်နီးပါး မပျက်စီးဘူး။ စစ်တပ်က ရွာမကြီးဘက် ထိုင်ထားတော့ ရွာမကြီးဘက်ပဲ ပျက်စီးကုန်တာ။  ပျက်စီးထားတဲ့ ချောင်းကူးကြိုးတံတားကြီးကို ရွာသားတွေ ပြုပြင်နေကြပြီ၊၊ ပန်တိုင်းရွှေမှော်လည်း နီးတော့ ရွှေလုပ်ငန်းလုပ်ရင်း မိုးတွင်းကျရင်လည်း လယ်လုပ်ကြမယ်” လို့ ပြောပါတယ်။

မပြန်ရဲကြသေးတဲ့ မိသာစုတချို့နဲ့ အိမ်အကုန်လုံး မီးလောင်သွားတဲ့ မိသားစုတချို့ကတော့ ဗန်းမော်မြို့ သိမ်တော်ကြီးကျောင်းမှာ ဆက်လက်နေထိုင်နေကြပြီး တချို့ကလည်း နောင်ဟူးနဲ့ မံသာမှာ နေကြတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ပျက်စီးသွားတဲ့ အိမ်တွေအတွက် အခြေခံအိမ်ဆောက်ပစ္စည်းတွေနဲ့ မိုးကာတွေ လိုအပ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

စီခမ်းကြီးရွာမှာ အိမ်ခြေ ၃၀၀ လောက်ရှိပြီး မံစီမြို့နယ်က ရှမ်းပြည်မြောက်ပိုင်းကိုသွားတဲ့ လမ်းမကြီးပေါ်မှာ ရှိတာကြောင့် စစ်ရေးအရ အရေးပါပြီး စစ်ကောင်စီက ရှေ့တန်းစခန်းတခု အထိုင်ချထားပါတယ်။

အဲဒီ ခမရ ၃၄၈ စခန်းကို KIA၊ AA နဲ့ KPDF ပူးပေါင်းတပ်တွေက ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး နှစ်ဖက် ထိခိုက်သေဆုံးတာတွေရှိသလို ဒေသခံ ၆ ဦးထက်မနည်းလည်း သေဆုံးခဲ့ပါတယ်။

Photo -ဒေသသတင်းရင်းမြစ်၊ ဒေသခံCJ

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013