DVB Logo
Home
မြန်မာသတင်း
ထီးလင်းတွင် စစ်သားများ ၃ ရက်ဆက် တိုက်ခိုက်ခံရ၊ မြင်းခြံက တပ်စွဲသည့်ရွာကို PDF သိမ်းပိုက်
DVB
·
April 21, 2024
ထီးလင်းတွင် စစ်သားများ ၃ ရက်ဆက် တိုက်ခိုက်ခံရ၊ မြင်းခြံက တပ်စွဲသည့်ရွာကို PDF သိမ်းပိုက်
1 / 2
Donate to DVB

မကွေးတိုင်း ထီးလင်းမှာ စစ်ကောင်စီ တပ်စွဲထားတဲ့ နေရာတွေ ၃ ရက်ဆက် တိုက်ခိုက်ခံရပြီး မန္တလေးတိုင်း၊ မြင်ခြံမြို့နယ်မှာလည်း စစ်တပ် အထိုင်ချ တပ်စွဲထားတဲ့ ကြည်ရွာကို ဧပြီ ၂၀ ရက်နေ့ ပြည်သူ့ကာကွယ်ရေးတပ်က ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ထီးလင်းမြို့က စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ ထွေအုပ်ရုံး၊ တရားရုံး အပါအဝင် ရေမျက်နီကျေးရွာ နယ်မြေရဲစခန်းတို့ကို ၃ ရက်ဆက်တိုက် တိုက်ခိုက်ခဲ့တယ်လို့ Yaw Revolution Army-ထီးလင်းက ဧပြီ ၂၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဧပြီ ၁၇ ရက် ညနေ ၄ နာရီခွဲအချိန်မှာ ၃၀ ထီးလင်းမြို့ ထွေအုပ်ရုံးနဲ့ တရားရုံးကို ၆၀ မမ ဒရုန်းဗုံးသီး ၂ လုံး ကြဲချပြီးနောက် ရေမျက်နီရဲစခန်းကိုလည်း ၄၀ မမ ၃ လုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဧပြီ ၁၈ ရက်နေ့ ညနေ ၆ နာရီမှာလည်း ရေမျက်နီရဲစခန်းကို ဒရုန်းနဲ့ ဗုံးကြဲသလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဧပြီ ၁၉ ရက်နေ့ ညနေ ၆ နာရီမှာတော့ ထီးလင်းမြို့မရဲစခန်းနဲ့ ရုပ်သံရုံးကို ၆၀ မမ ဒရုန်းဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

YRA-ထီးလင်းအဖွဲ့ခေါင်းဆောင် သခင်ဇော်က “သူတို့က မြို့ပြင်က ပြည်သူတွေကို မြို့ထဲ ဝင်ခွင့် မပေးထားဘူး။ တော်လှန်ရေးဘက်ကလည်း စစ်ကောင်စီရိက္ခာတွေကို မြို့ထဲ ပေးမဝင်ဘူး။ တင်းမာနေတဲ့ အနေအထား ရှိတယ်။ နှစ်ဆန်း တရက်နေ့ကစပြီး ၃ ရက်ဆက်တိုက် မြို့ပေါ်က စကစရုံးတွေနဲ့ ရေမျက်နီစခန်းကို တိုက်ခိုက်တာပါ။ မြို့ထဲမှာက အင်အား ၂၀၀ ကျော် ၃၀၀ နီးနီးလောက် ရှိသေးတယ်။ သူတို့ စားနပ်ရိက္ခာက အနီးအနားကျေးရွာတွေမှာ ခိုးယူ လုယက်တာတွေ လုပ်တယ်။ တလ တကြိမ်လောက် ထောက်ပို့လေယာဉ်နဲ့ ရိက္ခာလာပို့ပေးတယ်” လို့ ပြောပါတယ်။

တိုက်ခိုက်မှုတွေအတွင်း စစ်​ကောင်စီတပ်သား ၆ ယောက် ဒဏ်ရာရရှိခဲ့ပြီး သက်ဆိုင်ရာ စခန်းတွေမှာပဲ ကုသနေကြတယ်လို့ သိရပါတယ်။

မန္တလေးတိုင်း၊ မြင်ခြံမြို့နယ်၊ ဆီမီးခုံအုပ်စုက စစ်တပ်အထိုင်ချ တပ်စွဲထားတဲ့ ကြည်ရွာကို ဧပြီ ၂၀ ရက်နေ့ မနက် ၅ နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်က ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကြည်ရွာဟာ စစ်တပ်အထိုင်ချထားတဲ့ ဆီမီးခုံရွာနဲ့ ၆ မိုင်လောက်အကွာမှာရှိပြီး အိမ်ခြေ ၃၀၀ ကျော်ရှိတဲ့ရွာ ဖြစ်သလို ရွာသားအများစုက စစ်တပ် ထောက်ခံသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒေသခံတယောက်က “တိုက်ပွဲစတာက မနက်ခင်း ၅ နာရီလောက်က ပစ်ခတ်သံတွေ ကြားရတယ်ဗျ။ မနက်ခင်း ၇ နာရီအချိန်လောက်ကျတော့ ပစ်ခတ်သံတွေ ငြိမ်သွားတယ်။ ကျနော်တို့ သိရသလောက်ကတော့  စစ်တပ်ဘက်က ဗိုလ်တဦး ကျဆုံးပြီး စစ်သား ၅ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်က ဖမ်းသွားတယ်။ လက်နက်အချို့လည်း ပြည်သူ့ကာကွယ်ရေးတပ်က သိမ်းဆည်းသွားတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က မြင်းခြံမြို့ကနေ စစ်ကြောင်းတကြောင်း၊ တလုပ်ရွာဘက်ကနေ စစ်ကြောင်း တကြောင်းနဲ့ ကြည်ရွာဘက်ကို စစ်သားအင်အား ဖြည့်တင်းနေသလို ကျည်ရွာအနီးတဝိုက်ကို လက်နက်ကြီးများနဲ့ ရမ်းသန်းပစ်ခတ်နေတယ်လို့ သိရပါတယ်။

မြောင် ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူတယောက်က “ကြည်ရွာမှာ ကျနော်တို့အဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ကြတာ ဟုတ်ပါတယ်ဗျ။ တိုက်ပွဲဖြစ်ပြီး ကြည်ရွာစစ်ကောင်စီစခန်းကနေ ၆၀ မမ ပြောင်းအရှည် ၁ လက်၊ ၆၀ မမ ကျည်အဖူး ၉ ခု၊ M1 ၂ လက်၊ M2 ၁ လက်၊ ကျည်ဘောက် ၄ ခုကို သိမ်းဆည်းနိုင်ခဲ့တယ်‌ဗျ။ နောက်ပြီး စစ်ကောင်စီတပ်သား ၅ ဦး အရှင်ဖမ်းမိတယ်။ ကိုယ့်ဘက်ကတော့ တိုက်ပွဲအတွင်း ရဲဘော် ၁ ဦး ကျဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့တယ်"လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013