DVB Logo
Home
မြန်မာသတင်း
တရုတ်ဘက် တင်ပို့သည့် ဖရဲသီးများ လမ်းခရီး ကြန့်ကြာမှုကြောင့် အများအပြား စွန့်ပစ်နေရ
DVB
·
April 21, 2024
တရုတ်ဘက် တင်ပို့သည့် ဖရဲသီးများ လမ်းခရီး ကြန့်ကြာမှုကြောင့် အများအပြား စွန့်ပစ်နေရ
Donate to DVB

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ အထူးဒေသ ၄၊ မိုင်းလား ကနေ တရုတ်ဘက် တာလော့ကို တင်ပို့နေတဲ့ ဖရဲသီးတွေ လမ်းခရီးကြန့်ကြာပြီး အရည်အသွေး ကျသွားတာကြောင့် ရောင်းမရတော့ဘဲ အများအပြား စွန့်ပစ်နေရတယ်လို့ သစ်သီးပို့ကုန်လုပ်ငန်းရှင်တွေနဲ့ ကုန်တင်ယာဉ်မောင်းတွေက ပြောပါတယ်။

သစ်သီးပို့ကုန် လုပ်ငန်းရှင်တဦးက "ဖရဲသီးက အခု ဒီနှစ်ကတော့ အဓိက ဒီလမ်းကြောင်း ကြန့်ကြာတာပေါ့နော်။ လမ်းကြောင်းကြန့်ကြာတယ်၊ မိုးပေါ့။ ခါတိုင်းနှစ်တွေက အဲလောက် မဆိုးဘူး။ ဒီနှစ်က ဒီ မိုးရွာလိုက်လို့ ရှိရင် ဒီမိုးမှာပဲ အက်ဆစ်တွေ၊ ပါသလားတော့ မပြောတတ်ဘူးပေါ့နော်။ မိုးရွာပြီးပြီ၊ ခူးလာတဲ့ အသီးတွေ မှန်သမျှအားလုံး ဒီဘက်ရောက်ရင် အကုန်ပုပ်တာ။ ဒီရောင်းကွင်းပေါ့နော်။ ကျမတို့ အခုက ဒီ ဖရဲသခွားတော့ နည်းနည်း တော်သေးတယ်။ ဖရဲက ပိုဆိုးတယ်ပေါ့နော်" လို့ ပြောပါတယ်။ 

အသီးတွေ ပုပ်သွားရတဲ့ အကြောင်းရင်းကတော့ မိုးအရမ်းရွာလို့ သစ်သီးတွေက ရေအဝ သောက်ထားတာတွေ၊ အသီးတွေ မသိသာတဲ့ အပေါက် ဖြစ်နေတာတွေ၊ လမ်းခရီးမှာ ရက်ပေါင်း များစွာ ကြန့်ကြာနေကြရတဲ့အပြင် ရာသီဥတုပူတာကြောင့် အရည်အသွေး မကောင်းတော့တဲ့အတွက် တရုတ်ဘက်က မဝယ်တော့တာလို့ ဆိုပါတယ်။

သစ်သီးပို့ကုန် လုပ်ငန်းရှင်က “လမ်းကြောင်းမှာက မိုးရေလည်း အဝသောက်ထား၊ လမ်းကလည်း ကြမ်းတမ်းတဲ့ဒဏ်နဲ့ သယ်လာ ပြုလာတာနဲ့ ရောင်းကွင်း ရောက်တဲ့အချိန်မှာ အစောဆုံး ၇ ရက်ဆို ၁၀ စီးမှာ ၁ စီး မဝင်နိုင်ဘူး။ ၁၀ ရက်၊ တချို့ကားဆို ၁၅ ရက်။ အဲတော့ ဒီဒဏ် မခံနိုင်တာပေါ့နော်။ အတွင်းရောက်တော့ အသီးတွေက အဲဒီ အပ်ပေါက်လောက်ကနေ ကြက်ဥလောက် အကွက်လိုက် အကွက်လိုက် ဖြစ်ကုန်တာ။ တချို့က မပျက်စီးပေမယ့်လည်း အတွင်းထဲမှာ ရေအဝ သောက်ထားတော့ ခွဲလိုက်တော့ အတွင်းထဲက ရေတွေပဲလေ။ စားလိုက်လို့ရှိရင် အသီးက အပုပ်နံ့ ဖြစ်နေတာ။ စားလို့ အဆင်မပြေဘူး။ အဲလိုဖြစ်တာ” လို့ ရှင်းပြပါတယ်။

တရုတ်ဘက်က ဖရဲတွေ မဝယ်တော့တာကြောင့် ဖရဲပို့ကုန်တွေ တော်တော်များများ စွန့်ပစ်နေရကာ ယာဉ်မောင်းရော၊ ကားပိုင်ရှင်ရော၊ ကုန်သည်တွေရော ဆုံးရှုံးနေရတယ်လို့ ယာဉ်မောင်းတဦးက ပြောပါတယ်။

“ဘာ့ကြောင့် တရုတ်ဘက် ဖရဲ အဝင်မခံတာတော့ သေချာမသိဘူး။ မိုင်းလား အေးဂျင့်တွေက လက်မခံတော့တာ။ ကားခ တဝက်လောက်ပဲ ရတာ၊ ကျန်တာ အရှုံး။ စွန့်ပစ်လိုက်ရတာ အစီး ၇၀ လောက်တော့ ရှိမယ်ထင်တယ် လောလောဆယ်။ ဖရဲက တင်ပို့လို့ မရတာ။ သခွားကတော့ ရသေးတယ်လို့ ပြောတယ်။”

ခါတိုင်းနှစ်တွေမှာလည်း နယ်စပ်ဂိတ်တွေ ဖြစ်တဲ့ မိုင်းလား၊ မူဆယ်၊ လွယ်ဂျယ်၊ ကံပိုင်တည် နယ်စပ်ဂိတ်တွေဘက် တရုတ်ဘက်က မဝယ်တော့တာတွေ ကြုံရတယ်လို့ ဆိုပါတယ်။

ကုန်သည်တွေနဲ့ တောင်သူတွေကတော့ ခါတိုင်းနှစ်ထက် ဒီနှစ်က လမ်းခရီး ကုန်ကျစရိတ်တွေ သုံးလေးဆ ဈေးကြီးနေပြီး စိုက်စရတ် သိန်း ၁၀၀ ဆိုရင် ကားခက သိန်း ၂၀၀ လောက် ကုန်ကျနေလို့ သစ်သီးတွေ စွန့်ပစ်ရတဲ့ လုပ်ငန်းရှင်တွေက ကားခတောင် ပြန်မရှင်းနိုင်အောင် ဆုံးရှုံးမှု ဖြစ်နေတယ်လို့ ပြောပါတယ်။

မြောက်ပိုင်း မဟာမိတ်ညီနောင်တွေရဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်တဲ့ ၂၀၂၃ အောက်တိုဘာ ၂၇ ရက်နေ့ကစ မြန်မာနိုင်ငံရဲ့ အရှေ့မြောက် စီးပွားရေး တံခါးပေါက်တွေဖြစ်တဲ့ မူဆယ် ၁၀၅ မိုင် နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းနဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေ ရပ်တန့်သွားကာ ကုန်သည်လုပ်ငန်းရှင်နဲ့ ကုန်တင်ယာဉ်မောင်းတွေအနေနဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်းက ကုန်သွယ်ရေးလမ်းကြောင်းဘက် ပြောင်းလဲ ကုန်သွယ်နေကြရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013