DVB Logo
Home
မြန်မာသတင်း
ဖားကန့်၊ ကော့ကရိတ်နှင့် ဆားလင်းကြီးတွင် စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံး
DVB
·
April 20, 2024
ဖားကန့်၊ ကော့ကရိတ်နှင့် ဆားလင်းကြီးတွင် စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံး
1 / 2
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်နဲ့ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးတွေ ကြဲချ တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၁ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရခဲ့ပြီး စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာတော့ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ပြည်သူ တဦး သေဆုံးခဲ့ပါတယ်။

ဖားကန့်မြို့နယ်၊ နန့်ယားကျေးရွာအနီးက ဆွတ်ကြိုင်မှော် (ခါချဉ်မှော်)နားကို စစ်ကောင်စီတပ်က ဧပြီ ၁၉ ရက် မနက်ပိုင်းမှာ လေယာဉ်နဲ့ ဗုံးကြဲသလို စက်သေနတ်နဲ့လည်း လှည့်ပတ် ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတယောက်က “နန့်ယား ပတ်ဝန်းကျင်ကို မနက်ကတည်းက ဗုံးကြဲလိုက် ပစ်လိုက် လုပ်နေတာ။ မနက် ၉ နာရီခွဲလောက်က ‌တကြိမ်၊ နေ့လယ် ၂ နာရီလောက်က တကြိမ် ဗုံးကြဲတယ်။ စက်သေနတ်တွေနဲ့လည်း ပစ်တယ်။ နန့်ယား အနီးမှာတော့ တိုက်ပွဲဖြစ်တာမရှိဘဲကို ဗုံးလာကြဲနေတာ” လို့ ပြောပါတယ်။

နန့်ယားကျေးရွာအနီးကို  စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံး မကြာခဏ လာကြဲတာကြောင့် နန့်ယားကျေးရွာ မီးလောင်ပျက်စီးခဲ့ရပြီး ကျေးရွာဒေသခံပြည်သူတွေလည်း ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၉ ရက်နေ့ကလည်း ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက နန့်ယား စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီက လေယာဉ်နဲ့ ၈ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင် ပျက်စီးခဲ့တာပါ။

နန့်ယားကျေးရွာအပါအဝင် ကပ်မှော်ဇွတ်ကျေးရွာ၊ ဆိုင်းဖရာကျေးရွာက ဒေသခံပြည်သူတွေဟာ ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းလောက်ကစပြီး တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာ တိမ်းရှောင်နေကြရပါတယ်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ဒီနေ့ ဧပြီ ၂၀ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီရဲ့ လက်နက်ကြီး ထိမှန်ပြီး ပြည်သူတယောက်သေဆုံးသွားပါတယ်။

မုံရွာမြို့အရှေ့ဘက်ကမ်းမှာရှိတဲ့ စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် နွားကျောင်းထွက်လာတဲ့ အသက် ၅၂ နှစ်အရွယ် ဦးမိုးဦးကို ထိမှန်သေဆုံးခဲ့တာလို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီနေ့မနက် ၈ နာရီခွဲလောက်မှာ နွားကျောင်းထွက်လာချိန် ကူးတို့ကုန်းရွာနဲ့ ပလောင်ရွာကြားကို လက်နက်ကြီးကျပြီး ဦးခေါင်းနဲ့ လည်ကုပ်ကြား ဒဏ်ရာရသေဆုံးခဲ့တာလို့ ဒေသခံတယောက်က ပြောပါတယ်။

သေဆုံးသူဟာ တောင်ယာလုပ်ကိုင်သူ ဖြစ်ပြီး မိသားစုဝင် ၇ ဦး ရှိတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီတပ်ဟာ တိုက်ပွဲမရှိဘဲ အခုလို မုံရွာအရှေ့ဘက်ကမ်းကနေ အနောက်ဘက်ကမ်းကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက်နေ့ကလည်း ကူးတို့ကုန်းကျေးရွာနေ အမျိုးသားတဦး သေဆုံးခဲ့ပါသေးတယ်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာက လူနေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေကို ဧပြီ ၁၇ ရက်နေ့မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးတွေ ကြဲချခဲ့လို့ ဒေသခံအရပ်သားပြည်သူ တဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

အသက် ၃၀ အရွယ် အမျိုးသားတယောက်ဟာ ခြေ၊ လက် ပြတ်ထွက် ဒဏ်ရာတွေနဲ့ နေရာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင် ရဲဘော်ဂျိုးက ဒီဗွီဘီကို ပြောပါတယ်။

“အခု ကြဲတဲ့နေရာမှာ ပေါင် ၅၀၀ ဗုံးတွေ အပါအဝင် တိုက်ပွဲဖြစ်တဲ့နေ့တွေမှာလည်း ပေါင် ၅၀၀၊ ၁၀၀၀ ဗုံးတွေ ကြဲချ တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိပါတယ်။ အခု လေကြောင်း ပစ်ကူ​ပေးနေရတဲ့ နယ်မြေတွေမှာတော့ စစ်ရေးပြင်းထန်တယ်လို့ ဆိုလို့မရပါဘူး။ ဘာကြောင့်လဲ ဆိုရင် စစ်ကောင်စီတပ်ဟာ လေယာဉ်ဆီ ရနေသမျှ ကာလပတ်လုံး တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာအားလုံးကို ပစ်ကူပေးလေ့ရှိပါတယ်။ ဒါကလည်း မြေပြင်မှာ သူတို့ စစ်ရှုံးနေတဲ့ အချက်အလက်တွေကြောင့်ပါပဲ” လို့ ပြောပါတယ်။

မတ် ၂၅ ရက်နေ့မှာ ကော့ဘိန်းနယ်မြေရဲစခန်းကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ရရှိခဲ့ပြီး နောက်မှာ အခုလို ဗုံးကြဲလာတာဖြစ်ပြီး ဒေသခံတွေကို ဆက်သွယ်ဖို့ ကြိုးစားနေပေမဲ့ နှစ်ဖက် တိုက်ပွဲတွေကြောင့် ဆက်သွယ်လို့မရရှိသေးသလို စစ်ကောင်စီကလည်း သီးခြား ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

လက်ရှိမှာ ကော့ဘိန်းနယ်မြေကို စစ်​ကောင်စီက ပြန်လည်ရရှိရေးအတွက် ကြည်း၊ ရေ၊ လေ သုံးမျိုးလုံးနဲ့ အကြမ်းဖက်မှုတွေကို ကျူးလွန်နေပြီး အရပ်သားပြည်သူတွေရော တော်လှန်ရေးရဲဘော်တွေပါ ထိခိုက်မှုရှိနေတယ်လို့ မြေပြင်ပြည်သူ့ကာကွယ်ရေးတပ်တွေက ဒီဗွီဘီကို ပြောပါတယ်။ 

ဓာတ်ပုံ - /Lion Battalion ဗျူဟာစစ်ကြောင်း/ ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများသပိတ်ကော်မတီ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013