DVB Logo
Home
မြန်မာသတင်း
ဒေါက်တာခလမ်ဆမ်ဆွန်ကို ငြိမ်းချမ်းရေးဆွေးနွေးရန် ခေါ်ထားခြင်းဖြစ်ဟု စစ်ကောင်စီ ပြော
DVB
·
April 20, 2024
ဒေါက်တာခလမ်ဆမ်ဆွန်ကို ငြိမ်းချမ်းရေးဆွေးနွေးရန် ခေါ်ထားခြင်းဖြစ်ဟု စစ်ကောင်စီ ပြော
Donate to DVB

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို အကျဉ်းထောင်ကနေ လွှတ်ပေးပြီးညမှာပဲ ပြန်လည်ဖမ်းဆီးသွားတာဟာ ငြိမ်းချမ်းရေး ပူးပေါင်းဆွေးနွေးဖို့ ခေါ်တာဖြစ်တယ်လို့ ခေါ်ထားတာဖြစ်တယ်လို့ စစ်ကောင်စီက ပြောပါတယ်။

စစ်တပ်က  ဖမ်းဆီးတာမဟုတ်ဘဲ ငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆွေးနွေးဖို့ ခေါ်ထားတာ ဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက တုံ့ပြန်ပြောဆိုလာတာပါ။

စစ်ကောင်စီက ဖမ်းဆီးပြီး ထောင် ၆ နှစ်ချခံထားရတဲ့ ဒေါက်တာခလမ်ဆမ်ဆွန်ကို  ဧပြီ ၁၇ ရက် မနက်က မြစ်ကြီးနားအကျဉ်းထောင်ကနေ ပြန်လွှတ်ပေးခဲ့ပြီး ည ၁၁ နာရီခွဲမှာ စစ်တပ်က ပြန်လည်ဖမ်းဆီးခဲ့ပြီးနောက် ဒီနေ့မှာ Viber Group မှာပါတဲ့  သတင်းဌာနတွေရဲ့ မေးမြန်းတာကို စစ်ကောင်စီက ပြန်လည်ဖြေဆိုခဲ့တာဖြစ်ပါတယ်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “သူက KBC မှာ ငြိမ်းချမ်းရေးအကျိုးဆောင်လည်း လုပ်တဲ့သူ ဖြစ်တယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ဆက်လက်ဆွေးနွေးနိုင်အောင်၊ သူ့ဆီကလည်း အခြေအနေ မေးမြန်းနိုင်အောင် ခေါ်ထားတာ ဖြစ်ပါတယ်။ ဖမ်းတာမဟုတ်ပါဘူး။ ငြိမ်းချမ်းရေး လုပ်ဆောင်တဲ့နေရာမှာ ပူးပေါင်းဆွေးနွေးဖို့ပါ” လို့ ပြောဆိုထားပါတယ်။

မြစ်ကြီးနားအကျဉ်းထောင်ကနေ လွတ်မြောက်ပြီး တရက်မပြည့်ခင်မှာ ပြန်လည်ဖမ်းဆီးခံရတဲ့ သတင်းတွေ ပျံ့နှံ့လာချိန်မှာ စစ်ကောင်စီဘက်က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက တုံ့ပြန်ပြောဆိုတာ ဖြစ်ပါတယ်။

ဒေါက်တာခလမ်ဆမ်ဆွန်ဟာ ထိုင်းမှာ ဆေးကုသမှုခံယူဖို့ မန္တလေး တံတားဦးလေဆိပ်ကို ရောက်ချိန် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်မှာ ဖမ်းဆီးခံခဲ့ရပြီး မတရားအသင်း ဆက်သွယ်မှုဥပဒေ ၁၇(၁)၊ အကြမ်းဖက်မှုပုဒ်မ ၅၂(က)၊ ပုဒ်မ ၅၀၅(က) နဲ့ ၂၀၂၃ ဧပြီ ၇ ရက်မှာထောင်ဒဏ် ၆ နှစ် ချမှတ်ခဲ့ပြီး မြစ်ကြီးနားအကျဉ်းထောင်ကို ပို့ခဲ့တာဖြစ်ပါတယ်။

ဒေါက်လာခလမ်ဆမ်ဆွန် လွတ်ငြိမ်းသက်သာ ဒါမှမဟုတ် အမြန်ဆုံးလွှတ်ပေးဖို့ KBC က တောင်းဆိုခဲ့ပြီး ၁ နှစ်ကျော်အကြာ ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။

သိက္ခာတော်ရဆရာ ဒေါက်တာခလမ်ဆန်ဆွမ်ဟာ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) အတွင်းရေးမှူးအဖြစ် ၈ နှစ်၊ ဥက္ကဋ္ဌအဖြစ် ၄ နှစ် တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိမှာလည်း KBC ရဲ့ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခြင်းခံထားရသူ ဖြစ်ပါတယ်။

ဧပြီ ၁၇ ရက် နှစ်ဆန်းတရက်နေ့မှာ စစ်ကောင်စီက ဖမ်းဆီးထားသူ ၃၃၀၀ လွှတ်ပေးတဲ့အထဲမှာ မြစ်ကြီးနားအကျဉ်းထောင်က ပြန်လည်လွတ်မြောက်လာသူ ၄၀၀ နီးပါးရှိပြီး အဲဒီအထဲမှာ  ဒေါက်တာခလမ်ဆမ်ဆွန်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်က ကချင်ပြည်နယ်၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးဇော်ဝင်းနဲ့ လူမူရေးဝန်ကြီး ဦးနေဝင်းတို့လည်း လွတ်မြောက်လာပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013