
ပိတ်ဆို့အရေးယူခံထားရပြီး နိုင်ငံမဲ့ဖြစ်နေတဲ့ “ဒါဗီနာ” အမည်ရှိ ရေနံတင်သင်္ဘောကြီးကို အမေရိကန်တပ်ဖွဲ့တွေ ကြားဖြတ်စီးနင်းနေတာကို ပြသထားတဲ့ ဗီဒီယိုဖိုင်တခုကို အမေရိကန်စစ်တပ်ရဲ့ အင်ဒို-ပစိဖိတ် စစ်ဌာနချုပ်က ဇွန် ၅ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒီကြားဖြတ်စီးနင်းမှုဟာ အင်ဒို-ပစိဖိတ်ဒေသတွင်းမှာ ဖြစ်ပွားခဲ့တာလို့ အင်ဒို-ပစိဖိတ် စစ်ဌာနချုပ်ရဲ့ ပြောကြားချက်အရ သိရပါတယ် ။
နောက်ဆုံးရရှိတဲ့ သင်္ဘောခြေရာခံ အချက်အလက်တွေအရ ဇွန် ၅ ရက်မှာ ဒီသင်္ဘောဟာ သီရိလင်္ကာနိုင်ငံတောင်ဘက် ကမ်းလွန် ပင်လယ်ပြင်မှာ ရှိနေခဲ့ပါတယ်။
“ဒါဗီနာ” သင်္ဘောကြီးဟာ ရေနံစိမ်းစည်ပေါင်း ၂ သန်းအထိ တင်ဆောင်နိုင်တဲ့ စူပါရေနံတင်သင်္ဘောကြီး ဖြစ်ပြီး၊ အီရန်ရေနံတွေ သယ်ယူရောင်းဝယ်မှုကြောင့် ၂၀၂၄ ခုနှစ် အောက်တိုဘာလကတည်းက အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုကို ခံထားရတာ ဖြစ်ပါတယ်။
သင်္ဘောရဲ့ တခြားအချက်အလက်တွေအရ သင်္ဘောရဲ့ ရေထဲမြုပ်နေတဲ့အနက်ကို ကြည့်ခြင်းအားဖြင့် သင်္ဘောပေါ်မှာ ရေနံတွေ အပြည့်နီးပါး တင်ဆောင်ထားတယ်လို့ ပြနေပါတယ်။
လက်ရှိမှာ ဝါရှင်တန်က အီရန်ရဲ့ ပင်လယ်ရေကြောင်းကုန်သွယ်မှုကို ပိတ်ဆို့ထားသလို၊ တီဟီရန် ဘက်ကလည်း အရှေ့အလယ်ပိုင်းပင်လယ်ကွေ့အဝင် “ဟော်မုဇ်ရေလက်ကြား” ကို သင်္ဘောတွေ ဖြတ်သန်းမောင်းနှင်လို့မရအောင် လှမ်းပြီးပစ်ခတ်မှုတွေ လုပ်နေတာပါ။
အမေရိကန်တပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်းမှာလည်း အိန္ဒိယသမုဒ္ဒရာထဲမှာ ကုန်တင်သင်္ဘောနဲ့ ရေနံတင်သင်္ဘော အတော်များများကို ကြားဖြတ်တားဆီးခဲ့ပါတယ်။
Source: Reuters











