Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက လူသားတံတိုင်းအဖြစ် အသုံးချနေဟု သားဖြစ်သူ ဝေဖန်
DVB
·
April 19, 2024

မိခင်ဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက လူသားတံတိုင်းအဖြစ် အသုံးချနေတယ်လို့ သားဖြစ်သူ ကင်မ်အဲရစ်က ဝေဖန်ပြောကြားလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ရှိ အကျဉ်းထောင်ကနေ နေရာရွှေ့ပြောင်းလိုက်တယ်လို့ စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ်က မီဒီယာတွေကို ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး သားဖြစ်သူ ကင်မ်အဲရစ်က ဝေဖန်လိုက်တာလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

ကင်မ်အဲရစ်က “ကျနော့်ဆီကို ကိုယ်တိုင်ကိုယ်ကျ ဘယ်သူမှ အသိပေးတာ မရှိပါဘူး။ ဘယ်သူမှ ဘာမှ မပြောပါဘူး။ သတင်းတွေထဲကနေပဲ သိရတာပါ။ ဒါကလည်း အနည်းအကျဉ်းပါပဲ။ ကျနော့်အမေကို နေရာရွှေ့တယ်ဆိုတာတော့ သေချာပါတယ်။ နေအိမ်အကျယ်ချုပ်ပုံစံမျိုး ရွှေ့လိုက်တာလား။ တခြားထောင်ကို ရွှေ့တာလားလည်း ရှင်းရှင်းလင်းလင်း မသိရပါဘူး။ ဒါပေမဲ့ ရွှေ့ရတဲ့အကြောင်းကတော့၊ ကျန်းမာရေးအတွက်လို့ အကြောင်းပြပေမဲ့ ဒါက ဖြစ်နိုင်ခြေမရှိပါဘူး။ သူတို့အကြောင်းနဲ့ သူတို့တော့ ရှိမယ်လို့ ထင်တယ်။ နာမည်တပ်ပြောရရင်တော့ အမေ့ကို လူသားတံတိုင်းလုပ်ချင်တာလား၊ အပေးအယူလုပ်ဖို့ အသုံးချချင်တာလား မသိဘူး” လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဘယ်မှာရှိနေမလဲ မစဉ်းစားတတ်သလို ထောင်ပိုင်ကြီးအိမ်ကို ရွှေ့တယ်လို့ တချို့ကပြောပေမဲ့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

“အမေ့ခမျာ အပူဒဏ်ခံနေရတယ် ကြားတာပဲ။ လတ်တလောမှာ တော်တော်ဆိုးဆိုး ဖြစ်နေပါတယ်။ ကွန်ကရစ်အခန်းငယ်လေးထဲမှာ အဲကွန်းလည်းမရှိတော့လေ။ အပူဒဏ်ကြောင့် သတိလစ် (heat stroke) ပါ ဖြစ်သွားတယ်ကြားတယ်။ အခြေအနေပိုကောင်းတဲ့ နေရာကို ရွှေ့ပေးတယ်လို့ပဲ မျှော်လင့်ရတာပဲ။”

ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ရာသီဥတု ပူပြင်းလွန်းတာကြောင့်ဆိုပြီး အကျဉ်းထောင်ကနေ လျှို့ဝှက်နေရာ တခုကို ရွှေ့ပြောင်းလိုက်တာလို့ စစ်ကောင်စီကပြောပေမဲ့ ဘယ်နေရာဆိုတာကိုတော့  ပြောဆိုခြင်းမရှိပါဘူး။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက  “ရာသီဥတုက အပူချိန်ပြင်းထန်နေတဲ့အချိန် ဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်မှ မဟုတ်ဘူး၊ ကျန်တဲ့ ကျန်းမာရေးအရ လိုအပ်တဲ့ အကျဥ်းသားတွေ၊ ပြီးရင် အသက်ကြီးတဲ့ အကျဥ်းသားတွေကို အပူဒဏ်ကာကွယ်နိုင်ရေးအတွက် လိုအပ်တဲ့ ကာကွယ်မှုတွေ လုပ်ဆောင်ပေးလျက် ရှိပါတယ်” လို့ ပြောထားပါတယ်။

မကြာသေးခင်က နေပြည်တော်ရှိ စစ်ကောင်စီပစ်မှတ်တွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို အခုလို နေရာရွှေ့ထားတာလည်း ဖြစ်ပါတယ်။

ကင်မ်အဲရစ်က “စစ်တပ်ရဲ့ အခိုင်အမာ ခြေကုပ်ယူထားတဲ့ နေရာတွေအထိ တိုက်ပွဲတွေက နီးသည်ထက် နီးလာပါပြီ။ အမေ့ကို နီးနီးနားနားမှာထားပြီး လူသားတံတိုင်းအနေနဲ့ သုံးချင်တာလည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် အမေ့ကိုလွှတ်ပေးမယ်ဆိုပြီး တော်လှန်ရေး အင်အားစုတွေနဲ့ ညှိနှိုင်းချင်တာလည်း ဖြစ်နိုင်တယ်။ အနာဂတ်အတွက် ခိုင်မာတာတခု လုပ်ထားဖို့ ကြိုးစားတာပေါ့။ စစ်တပ်က အစီအစဉ်တွေက ဘာတွေလဲတော့ ကျနော်လည်း မပြောနိုင်ဘူးလေ။ အမေ့ကို ဘယ်လိုအသုံးချမလဲ ဆိုတာတော့ ပြောဖို့ခက်တယ်” လို့ ပေြာပါတယ်။

မြန်မာ့နှစ်သစ်ကူးမှာ အကျဉ်းသားတချို့ လွှတ်ပေးပြီး စစ်တပ်က လူသားဆန်ချင်ယောင် ဆောင်ပြနေကာ  နိုင်ငံတကာအမြင်ကောင်းအောင် လုပ်ဆောင်ခဲ့တာလို့လည်း ဆိုပါတယ်။

“အရင်တုန်းက ခေါင်းဆောင်တယောက်အနေနဲ့ ရှိခဲ့တဲ့နေရာကနေ ခြေတလှမ်း ပြန်ဆုတ်နိုင်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။ ဒါပေမဲ့လည်း အမေက သူ့တိုင်းပြည်ကို အရာအားလုံးထက် ဦးစားပေးတဲ့သူ ဆိုတော့လေ၊ သူအကြံပေးဖို့လိုတယ် ဆိုရင်တော့ ရှိနေမှာပါ။ အနာဂတ်မှာ အရမ်းအရေးပါတဲ့ အခန်းကဏ္ဍမှာ တာဝန်ယူမယ်လို့ ကျနော်တော့ မထင်ဘူး။ အနည်းဆုံး အဲဒီလိုမျှော်လင့်တာပေါ့လေ။ ဘာလို့ဆိုတော့ အမေ အနားရစေချင်တယ်လေ။ မြန်မာနိုင်ငံဟာ စစ်တပ်အာဏာမသိမ်းခင်အထိက ကမ္ဘာမှာ အနုပျိုဆုံး ဒီမိုကရေစီနိုင်ငံ ဖြစ်ခဲ့ပါတယ်။ အဲဒီတုန်းကတော့ တော်တော်ကို ဖွံ့ဖြိုးခဲ့တာပေါ့။ အခုတော့ သုံးနှစ်ကျော်အတွင်းမှာ ဒီဖွံ့ဖြိုးမှုတွေအားလုံး ဆုံးရှုံးသွားပြီ၊ နိုင်ငံက နောက်ကို အနှစ် ၅၀ ပြန်ရောက်သွားပြီ။ ကျနော့်တသက်မှာ အဆိုးဆုံးပဲလို့ ပြောလို့ရတယ်။ အခုဖြစ်ပျက်နေတာတွေကိုမြင်ရင် ကျနော့်အမေ တော်တော်ဝမ်းနည်းရှာမှာ။ အမေက ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ပဲ အခြေအနေကို ဖြေရှင်းဖို့ အမြဲကြိုးစားခဲ့တာ၊ အခုတော့ သွေးထွက်သံယို ဖြစ်ခဲ့ရပြီလေ။”

ဒေါ်အောင်ဆန်းစုကြည်ဟာ အရင်စစ်အစိုးရလက်ထက်တွေတုန်းကလည်း စုစုပေါင်း ၁၅ နှစ်လောက် နေအိမ်အကျယ်ချုပ်နဲ့ နေထိုင်ခဲ့ရပါတယ်။

အသက် ၇၈ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၁ ခုနှစ် အာဏာသိမ်းကတည်းက စစ်တပ်က ဖမ်းဆီးထားခဲ့တာဖြစ်ပြီး အမှုအမျိုးမျိုးနဲ့စွပ်စွဲပြီး ထောင်ဒဏ် ၂၇ နှစ်အထိ ချမှတ်ထားပါတယ်။

Source/Photo: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024