DVB Logo
Home
မြန်မာသတင်း
အာရှလမ်းမကြီးတွင် စစ်ကောင်စီတပ် အထိနာ အကျအဆုံးများပြီး အင်အားဖြည့်တင်းနေရ
DVB
·
April 18, 2024
အာရှလမ်းမကြီးတွင် စစ်ကောင်စီတပ် အထိနာ အကျအဆုံးများပြီး အင်အားဖြည့်တင်းနေရ
Donate to DVB

ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးမှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က အထိနာပြီး အကျအဆုံးများတာကြောင့် နေ့တိုင်းလိုလို အင်အားဖြည့်တင်းနေတယ်လို့ တောင်ပိုင်းတိုင်းစစ်ဒေသ၊  အမှတ် ၃၁ စစ်ဗျူဟာ ဒုတိယစစ်ဆင်ရေးမှူးရုံး တာဝန်ရှိသူက ပြောပါတယ်။

ဧပြီ ၁၀  ရက်နေ့ ည ၁၀ နာရီက ကရင်ပြည်နယ် မြဝတီမြို့အနီးက စစ်ကောင်စီတပ်ရင်းတွေ၊ ဗျူဟာတွေကို KNLA၊ PDF ပူးပေါင်းစစ်ကြောင်းတွေက အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပါတယ်။ 

ဧပြီ ၁၂ ရက်ကစတင်ပြီး စစ်ကောင်စီက မြဝတီမြို့ကို အာရှလမ်းအတိုင်း နိုင်ငံတော်အဆင့် အောင်ဇေယျ စစ်ဆင်ရေးအမည်နဲ့ ထိုးဖောက်ဝင်ရောက်နိုင်ဖို့ ကြိုးစားနေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတာလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊  အမှတ် ၃၁ စစ်ဗျူဟာ ဒုတိယစစ်ဆင်ရေးမှူးရုံး တာဝန်ရှိသူက ပြောပါတယ်။ 

“ရန်သူက ဒီရက်ပိုင်းကို နေ့စဉ်လို တိုးနေတာ။ အင်အား ၅၀ ပါ စစ်ကြောင်းမျိုး၊ အင်အား ၃၀၀ ပါတဲ့ စစ်ကြောင်းမျိုး တိုးလာတယ်။ တိုးလာပြီးတဲ့နောက်မှာ စစ်ကြောင်းတကြောင်းလုံးလိုလို ပြုတ်သွားတယ်။ နောက်မှာ ၁၀၀ လောက် စစ်ကြောင်းတိုးလာတယ်၊ ၅၀ လောက် စစ်ကြောင်းတိုးလာတယ်။ အဲဒါမျိုးတွေတော့  သူတို့ဆီက လျော့သွားတဲ့ အင်အားကို ပြန်ဖြည့်နေတယ်။”

ဧပြီ ၁၇ ရက် နေ့လယ် ၂ နာရီခွဲလောက်က ကော့ကရိတ်မြို့မြောက်ပိုင်း ကန့်မာလာ၊ ဆိတ်ဖူးကုန်း၊ မြပဒိုင်း ကျေးရွာအနီးတဝိုက်ကို လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ပစ်ခတ်ခဲ့တဲ့အပြင် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ 

လေကြောင်းကနေ မထင်မှတ်ဘဲ တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတွေဟာ ဘေးလွတ်ရာ ကိုယ်လွတ်ရုန်း ထွက်ပြေးခဲ့ရပြီး ထိခိုက်သေဆုံးသူတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဧပြီ ၁၈ ရက်နေ့မှာလည်း စစ်ကောင်စီက စစ်ကား၊ အရပ်သားသုံး VIGO ယာဉ်တွေနဲ့ပါ လူ၊ လက်နက်ခဲယမ်းတွေ ဖြည့်တင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “စစ်ကောင်စီက စစ်ကားတွေနဲ့ လူအင်အားတွေ တိုးချဲ့တာကို တွေ့တယ်၊ ကြားတယ်။ ဒီနေ့ ဆိုရင် စစ်ကား ၁၆ စီးနဲ့ စစ်သားဦးရေ ခန့်မှန်းခြေကတော့ ၇၀၊ ၈၀ လောက်ပါမယ်။ VIGO ကားနဲ့ ၁၀ စီးတောင်ကျော်တယ်။ အဲဒီကားထဲမှာ စစ်လက်နက်ခဲယမ်း မီးကျောက်လို့ ယူဆရတယ်။ တာလပတ်တွေဖုံးပြီးတော့ သွားတာတွေ့ရတယ်” လို့ ပြောပါတယ်။

ဧပြီ ၁၃ ရက်က ‌ကော့ကရိတ်မြို့၊ တတန်ကူး​ကျေးရွာ၊ အာရှလမ်းမပေါ်မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းစစ်ကြောင်းတွေက စောင့်ကြိုတိုက်ခိုက်ခဲ့တာကြောင့် အထိနာပြီး သံချပ်ကာယာဉ်နဲ့ ဖောကားတွေကို စွန့်ခွာထွက်ပြေးသွားခဲ့ပါတယ်။ 

ဒါ့အပြင် ဧပြီ ၁၇ ရက်က ကော့ကရိတ်မြို့တွင်းကို စစ်ကောင်စီတပ်က မစ်ဇိုင်းဒုံးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ချောင်းတောင်၊ အထက်ရွာနဲ့ ဝင်းကြီးရပ်ကွက်အတွင်း ကျရောက် ပေါက်ကွဲပြီး စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ပြီး ဆုံးရှုံးမှု အရေအတွက် အတိအကျကိုတော့ မသိရဘူးလို့ မြို့ခံတွေက ပြောပါတယ်။ 

အောင်ခန့်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013