DVB Logo
Home
မြန်မာသတင်း
မြန်မာဘက်ပို့မည့် ထိုင်းဘတ်ငွေ သန်းပေါင်း ၈၀ မဲဆောက်တွင် ဖမ်းဆီးရမိ 
DVB
·
April 18, 2024
မြန်မာဘက်ပို့မည့် ထိုင်းဘတ်ငွေ သန်းပေါင်း ၈၀ မဲဆောက်တွင် ဖမ်းဆီးရမိ 
Donate to DVB

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့နယ်ထဲမှာ မြန်မာဘက်ခြမ်း မြဝတီကို တရားမဝင် ပို့ဆောင်မယ့် ထိုင်းဘတ်ငွေ ဘတ်သန်းပေါင်း ၈၀ ဖမ်းဆီးရမိတယ်လို့ ထိုင်းနိုင်ငံ နည်းပညာနဲ့ တက်နိုလိုဂျီဆိုင်ရာ ရာဇဝတ်မှုနှိမ်နင်းရေးရဲတပ်ဖွဲ့  (ဆိုင်ဘာရဲတပ်ဖွဲ့ ) က ဧပြီ ၁၇  ညနေမှာ သတင်းထုတ်ပြန်ပါတယ်။ 

အဆိုပါငွေတွေဟာ ကောလ်စင်တာ အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှုတွေနဲ့ ပတ်သက်နေကြောင်း၊ ဒီမတိုင်ခင်ရှေ့က အွန်လိုင်းလိမ်လည်မှုဂိုဏ်းဟာ ထိုင်းငွေတွေကို မြန်မာဘက်ခြမ်းကို တရားမဝင် ပို့ဆောင်နေတယ်လို့  သတင်းရထားတာကြောင့် ဆိုင်ဘာရဲတပ်ဖွဲ့၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့ဝင်တွေဟာ နယ်မြေခံရဲ၊ နယ်ခြားစောင့် ရဲတွေနဲ့ ပူးပေါင်းပြီး နယ်စပ်ဂိတ်တွေမှာ စောင့်ကြပ်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ 

ဧပြီ ၁၇ မနက် ၈ နာရီခွဲလောက်က မဲဆောက်မြို့နယ် မယ့်လ မောအုပ်စု ဟွေ့လအူ ဂိတ်ထဲဖြတ်လာတဲ့ ကား ၁ စီးကို စစ်ဆေးရာမှာ အိတ် ၅ လုံးထဲ ထည့်လာတဲ့  ဘတ်သန်းပေါင်း ၈၀ ကို ဖမ်းဆီးရမိတာလို့ ထိုင်းအမျိုးသားဆိုင်ဘာရဲတပ်ဖွဲ့ ဒုရဲချုပ် ဝေါ်လဝပ် ဝပ်နခွန်းဘန်းချားက ဧပြီ ၁၇ ရက် ညနေပိုင်း သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

ယာဉ်မောင်းက အဆိုပါငွေတွေဟာ ထိုင်းအလယ်ပိုင်း အယုဒ္ဓယခရိုင် ဘန်ပအင်မြို့နယ်ကနေ သယ်လာပြီး မဲဆောက်ကို ပို့ပေးဖို့ဖြစ်တယ်၊ သယ်ခအနေနဲ့ ဘတ် ၅၀၀၀ ရတယ်၊ အဲဒီငွေတွေဟာ မဲဆောက်တောလမ်းကနေ မြန်မာနိုင်ငံ မြဝတီဘက်ပို့ဖို့ ဖြစ်တယ်လို့ ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ယာဉ်မောင်း နိုင်းစူရတ်နဲ့ အဖော်ဖြစ်သူ နိုင်းကန်းနဖွန်း တို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဆိုပါတယ်။ 

ထိုင်းဆိုင်ဘာရဲတပ်ဖွဲ့က “The Purge” ဆိုတဲ့ စီမံချက်နဲ့ ကောလ်စင်တာ အွန်လိုင်းလိမ်လည်မှုတွေ ဖမ်းဆီးနှိမ်နင်းနေကြောင်း၊ မဲဆောက်မှာ ဖမ်းမိတဲ့ ဘတ်သန်းပေါင်း ၈၀ ဟာ “Hybrid Scam” ဆိုတဲ့ ကောလ်စင်တာ ငွေလိမ်ဂိုဏ်းနဲ့ ပတ်သက်နေပြီး ဂိုဏ်းထဲက အရေးပါအရာရောက်တဲ့ လူ ၄ ဦးကို ဖမ်းဆီးကို ဖမ်းဆီးရမိတဲ့အပြင် သူတို့ရဲ့ ဘတ်သန်းပေါင်း ၂၅၀ ရှိ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေပါ သိမ်းဆည်းလိုက်တယ်။ အဲဒီထဲမှာ ဘဏ်မှာအပ်ထားတဲ့ငွေ၊ ဒစ်ဂျစ်တယ်ငွေ၊ ငွေသားတွေနဲ့ ဇိမ်ခံကားတွေ ပါဝင်ပြီး အဆိုပါ သိမ်းဆည်းရမိတဲ့ငွေတွေကို ငွေလိမ်ခံထားရသူ နစ်နာသူတွေကို ပြန်လည်ပေးအပ်သွားမယ်လို့ ဆိုင်ဘာ ရဲတပ်ဖွဲ့က ပြောပါတယ်။ 

အဆိုပါ ၄ ဦးအနက် နိုင်းတုန်ကျိန့် (၄၅ နှစ်) တရုတ်နိုင်ငံသားကို ချင်းမိုင်မြို့ ဆန်ဖီဆေ့ ရပ်ကွက်ထဲမှာလည်းကောင်း၊ နိုင်းဝေခိန့်ခစ် (၄၁ နှစ်) စင်ကာပူနိုင်ငံသားကို ချွန်းပူရီးမြို့ထဲမှာ လည်းကောင်း၊ နိုင်းဝါ့ဆစ် (၃၁ နှစ်) ထိုင်းနိုင်ငံသားကို ဘန်ကောက် ကျဲန့်ဝပ်ထနနယ်မြေမှာလည်းကောင်း၊ နန်းဆင်လ်ဖတ် (၂၅ နှစ်) ကို တာ့ခ်ခရိုင်မှာ လည်းကောင်း အသီးသီး ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။ 

ဆိုင်ဘာရဲတပ်ဖွဲ့က တနိုင်ငံလုံးရှိ နေရာပေါင်း ၂၇ နေရာကို သွားရောက်စစ်ဆေးရာမှာ နောက်ထပ်အမှုမှာ ပါဝင်ပတ်သက်သူပေါင်း ၂၆ ဦးကို ဖမ်းဆီးထားတယ်၊ အများစုကတော့ အခကြေးငွေယူပြီး  ငွေလိမ်ဂိုဏ်းအတွက် အမည်ခံ ဘဏ်စာရင်းဖွင့်ပေးသူတွေလို့ ဆိုပါတယ်။ 

အဆိုပါငွေလိမ်ဂိုဏ်းဟာ သူတို့နဲ့အတူ ဒစ်ဂျစ်တယ်ရင်းနှီးမြှုပ်နှံမှု လုပ်မယ်ဆိုရင် အစုရှယ်ယာအလိုက် အတိုးငွေတွေ ရမယ်ဆိုပြီး လူမှုကွန်ရက်အွန်လိုင်းကနေ အဖွဲ့ဝင်တွေ စည်းရုံးခဲ့တယ်၊ အစပိုင်းမှာ အမြတ်ငွေတွေ ပို့ပေးပေမဲ့ လူတွေရဲ့ လောဘကြောင့် ရင်းနှီးမြှုပ်နှံမှု ပမာဏများလာရင် အရင်းရော အတိုးပါ မပေးတော့ဘဲ အဆက်အသွယ်ဖြတ်တယ်၊ ထိုင်းနိုင်ငံသားက သူတို့နာမည်နဲ့ အိမ်ရာမြေရောင်းဝယ်ရေးကုမ္ပဏီ အယောင်ပြပြီး လိမ်လည်မှုက ရလာတဲ့ငွေတွေကို ငွေဖြူဖြစ်အောင် ခဝါချပေးတယ်၊  အမှန်လုပ်နေတာက တရုတ်၊ ထိုင်း၊ စင်ကာပူ၊ မြန်မာ စတဲ့နိုင်ငံက ပြည်သူတွေကို လိမ်လည်ညာစားနေတာ ဖြစ်တယ်၊ ဒီလုပ်ငန်းမှာ လိမ်လည်ရင်းနှီးမြှပ်နှံမှုတင်မကဘဲ အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှု၊  မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေပါ ပါဝင်ပြီး ရင်းနှစ်မြှုပ်နှံ လည်ပတ်ငွေမှာ နှစ်စဉ်ဘတ် သန်းပေါင်း ၃၀,၀၀၀ ကျော်တယ်၊ ပါဝင်ပြီး နိုင်ငံတကာရာဇဝတ်မှု ကျူးလွန်ရာလည်း ရောက်တယ်လို့  ဆိုင်ဘာရဲတပ်ဖွဲ့က ပြောသွားပါတယ်။ 

Source:BangkokBiznews

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013