
“မင်္ဂလာပါ။ ဘဏ်က ဆက်သွယ်တာပါ။ လူကြီးမင်းရဲ့ ဘဏ်အကောင့်မှာ မသင်္ကာစရာ ငွေလွှဲမှုတခု တွေ့ရှိထားပါတယ်။ အကောင့်မပိတ်ခံရအောင် အခုချက်ချင်း အတည်ပြုပေးပါ။”
ဒီလို ဖုန်းခေါ်ဆိုမှုမျိုး ရလာရင် ဘာလုပ်မိမလဲ။
ကိုယ့်ငွေတွေ ဆုံးရှုံးတော့မယ်ဆိုတဲ့ စိုးရိမ်စိတ်နဲ့ တဖက်လူ ပြောသမျှ လိုက်လုပ်မိနိုင်ပါတယ်။ တကယ်တော့ ဘဏ်စနစ်ကို ဖောက်ထွင်းထားတာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ကြောက်ရွံ့စိတ်နဲ့ ယုံကြည်မှုကို အသုံးချပြီး ကိုယ့်လက်နဲ့ကိုယ် အချက်အလက်တွေ ပေးမိအောင် လှည့်စားနေတာပါ။
နည်းပညာကို မဖောက်ထွင်းဘဲ လူကို လှည့်စားခြင်း
ဒီလိုလိမ်လည်နည်းကို Social Engineering လို့ ခေါ်ပါတယ်။ လူတယောက်ရဲ့ ယုံကြည်မှု၊ ကြောက်ရွံ့မှု၊ လောဘ၊ စာနာစိတ်နဲ့ အရေးပေါ်အခြေအနေတွေကို အသုံးချပြီး လျှို့ဝှက်အချက်အလက်တွေ ထုတ်ယူတာ၊ ငွေလွှဲခိုင်းတာ၊ မလုပ်သင့်တဲ့အရာတွေ လုပ်မိအောင် လှည့်စားတာ ဖြစ်ပါတယ်။
အွန်လိုင်းလိမ်လည်သူတွေအတွက် နည်းပညာကျွမ်းကျင်ဖို့တင် မလိုပါဘူး။ လူ့စိတ်ကို နားလည်ပြီး ယုံကြည်အောင် ပြောတတ်ဖို့လည်း အရေးကြီးပါတယ်။
လူလိမ်တွေ ဘယ်လိုချဉ်းကပ်ကြသလဲ။
၁။ ယုံကြည်ရသူအဖြစ် ဟန်ဆောင်ခြင်း
ဘဏ်ဝန်ထမ်း၊ ရဲအရာရှိ၊ ကုမ္ပဏီတာဝန်ရှိသူ၊ ဆရာ၊ မိတ်ဆွေ ဒါမှမဟုတ် မိသားစုဝင်အဖြစ် ဟန်ဆောင်ကြပါတယ်။ ဖုန်းနံပါတ်၊ အမည်နဲ့ ပရိုဖိုင်ဓာတ်ပုံတွေ တူနေပေမဲ့ တကယ့်ပိုင်ရှင်ဖြစ်ကြောင်း အာမခံလို့ မရပါဘူး။
၂။ ကြောက်ရွံ့စိတ်ကို အသုံးချခြင်း
“သင့်အကောင့် ပိတ်တော့မယ်။” “သင့်နာမည်နဲ့ တရားမဝင်ငွေလွှဲမှု ရှိနေတယ်။” “အခုချက်ချင်း မဖြေရှင်းရင် အရေးယူခံရမယ်။” ဒီလိုစကားတွေနဲ့ စဉ်းစားဆုံးဖြတ်ဖို့ အချိန်မပေးဘဲ အလျင်စလို လုပ်ဆောင်စေပါတယ်။
၃။ အခွင့်အရေးကောင်းတခုနဲ့ ဆွဲဆောင်ခြင်း
“နိုင်ငံခြားပညာသင်ဆု ရရှိထားပါတယ်။”
“အလုပ်လျှောက်ထားမှု အောင်မြင်ပါတယ်။”
“အိမ်ကနေ အလုပ်လုပ်ရုံနဲ့ ဝင်ငွေကောင်းကောင်းရမယ်။” အခွင့်အရေးကောင်းတခုလို ဖန်တီးပြီး မှတ်ပုံတင်ကြေး၊ စာရွက်စာတမ်းကြေး၊ အလုပ်အာမခံကြေး စတာတွေ ကြိုတင်ပေးခိုင်းတတ်ပါတယ်။
၄။ ချစ်ခင်မှုနဲ့ စာနာစိတ်ကို အသုံးချခြင်း
“အမေ၊ ဖုန်းပျောက်သွားလို့ ဒီနံပါတ်အသစ်ကို ဆက်သွယ်ပါ။”
“အရေးပေါ် ငွေလိုနေလို့ အခုလွှဲပေးပါ။” မိသားစုဝင်တယောက်ရဲ့ နာမည်နဲ့ ဓာတ်ပုံကို အသုံးပြုထားရင်တောင် တခြားသိထားတဲ့ ဖုန်းနံပါတ်ကနေ ပြန်လည်အတည်ပြုသင့်ပါတယ်။
AI ခေတ်မှာ ပိုသတိထားရမဲ့ အန္တရာယ်
အခုခေတ်မှာ လူလိမ်တွေဟာ AI နည်းပညာကို အသုံးပြုပြီး အသံတု၊ ရုပ်သံတုနဲ့ စာသားအတုတွေ ဖန်တီးနိုင်လာကြပါတယ်။
ကိုယ့်သားသမီးအသံလို၊ ကိုယ့်အထက်လူကြီးအသံလို ကြားရပေမဲ့ တကယ့်သူဖြစ်ကြောင်း သေချာမဆိုနိုင်ပါဘူး။
“မျက်စိနဲ့ မြင်ရတိုင်း၊ နားနဲ့ ကြားရတိုင်း အမှန်လို့ မယူဆပါနဲ့။”
ကိုယ့်ကိုယ်ကိုယ် ဘယ်လိုကာကွယ်မလဲ
၁။ ရပ်ပါ -> ကြောက်ရွံ့စိတ်နဲ့ အလျင်စလို မဆုံးဖြတ်ပါနဲ့။
၂။ စစ်ဆေးပါ -> ဆက်သွယ်လာသူရဲ့ အမည်၊ ရာထူးနဲ့ အဖွဲ့အစည်းကို သီးခြားစစ်ဆေးပါ။
၃။အတည်ပြုပါ -> သူပေးတဲ့ ဖုန်းနံပါတ်ကို မသုံးဘဲ သက်ဆိုင်ရာအဖွဲ့အစည်းရဲ့ တရားဝင်ဖုန်းနံပါတ်ကို ကိုယ်တိုင်ရှာပြီး ဆက်သွယ်ပါ။
၄။ လျှို့ဝှက်ချက် မပေးပါနဲ့။ ဘဏ်စကားဝှက်၊ တကြိမ်သုံးအတည်ပြုကုဒ် (OTP) နဲ့ ကိုယ်ရေးအချက်အလက်တွေကို မမျှဝေပါနဲ့။
၅။ ငွေမလွှဲခင် စဉ်းစားပါ။ ဘယ်လောက်ပဲ အရေးပေါ်ဖြစ်နေပါစေ ငွေလက်ခံမယ့်သူကို သီးခြားအတည်ပြုပါ။
ဒီတပတ်ရဲ့ မှတ်သားစရာ
အွန်လိုင်းလိမ်လည်မှုတိုင်းဟာ နည်းပညာကို ဖောက်ထွင်းခြင်းကနေ စတင်တာ မဟုတ်ပါဘူး။ တခါတလေ လူတယောက်ရဲ့ ယုံကြည်မှုကို ရယူနိုင်တာနဲ့တင် လိမ်လည်မှု စတင်နိုင်ပါတယ်။
နည်းပညာကို ကာကွယ်ဖို့ စကားဝှက်လိုပါတယ်။
ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့တော့ သတိနဲ့ ဆင်ခြင်ဉာဏ် လိုပါတယ်။
မိမိသိထားတဲ့ အသိပညာလေးတခုကို မိသားစု၊ မိတ်ဆွေတွေဆီ မျှဝေပေးခြင်းဟာ သူတို့ရဲ့ စုဆောင်းငွေနဲ့ ဘဝကို ကာကွယ်ပေးနိုင်ပါတယ်။
မယုံခင် စစ်ပါ။ မလုပ်ခင် စဉ်းစားပါ။ မလွှဲခင် အတည်ပြုပါ။
ကိုးကားရင်းမြစ်များ—
Ref: Federal Trade Commission (FTC) — How to Avoid a Scam
Ref: Cybersecurity and Infrastructure Security Agency (CISA) — Recognize and Report Phishing
Ref: INTERPOL — Social Engineering and Online Scam Awareness











