DVB Logo
Home
မြန်မာသတင်း
ခလရ ၂၉၉ နှင့် မလွှဲတောင်ဂိတ်စခန်း တိုက်ပွဲတွင် စစ်တပ်က ၆ ဦးသေပြီး ၃၀ ကျော် ဒဏ်ရာရ
DVB
·
April 18, 2024
ခလရ ၂၉၉ နှင့် မလွှဲတောင်ဂိတ်စခန်း တိုက်ပွဲတွင် စစ်တပ်က ၆ ဦးသေပြီး ၃၀ ကျော် ဒဏ်ရာရ
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့နယ် ကိုးမိုင်ကျေးရွာအနီးမှာရှိတဲ့ ခလရ ၂၉၉ တပ်ရင်းနဲ့ မလွှဲတောင် စစ်‌ဆေးရေးဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ဗိုလ် ၁ ဦး အပါအဝင် ၆ ဦး သေဆုံးခဲ့ပြီး ၃၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) က  ဧပြီ ၁၇ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

ရေးမြို့နယ်၊ ကိုးမိုင်ကျေးရွာအနီး အင်အား ၆၀ ခန့်ရှိတဲ့ ခလရ ၂၉၉ ကို ဧပြီ ၁၂ ရက်နေ့  မနက် ၈ နာရီကျော်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေက လက်နက်ကြီး၊ ဒရုန်းတွေနဲ့ပစ်ပြီး ချေမှုန်းရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

ခလရ ၂၉၉ ကို ဝင်တိုက်‌နေတဲ့အချိန် မနက် ၁၀ နာရီလောက်မှာ ဒရုန်းတပ်က အင်အား ၇၀ ကျော်ရှိ ရေး-ထားဝယ် လမ်းမပေါ်မှ မလွဲတောင်စစ်ဆေးရေးဂိတ်ကို ဒရုန်းဗုံးသီး ၁၅ လုံးချပြီး တိုက်ခိုက်ခဲ့ပါတယ်။

ခလရ ၂၉၉ နဲ့ မလွှဲတောင်ဂိတ်တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်မှ ဗိုလ် ၁ ဦးအပါအဝင် ၆ ယောက်သေဆုံးပြီး ၃၀ ကျော်ဒဏ်ရာရရှိကာ တော်လှန်ရေးပူးပေါင်းတပ်ဘက်မှာလည်း ၁ ဦးကျပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

MSRF ပြန်ကြားရေးတာဝန်ခံ နဲလ်နဂါး(နိုင်နဂါး) က “ကျနော်တို့က မနက်အစောကြီး ဝင်တိုက်ဖို့ စီစဉ်ထားပေမယ့် အ‌ရမ်းမှောင်ပြီး လမ်းပျောက်မှာဆိုးလို့ မိုးလင်းမှဝင်တိုက်ခဲ့တာ။ ခလရ ၂၉၉ ကို တိုက်နေတဲ့အချိန်မှာပဲ ဒရုန်းအဖွဲ့က မလွှဲတောင်ဂိတ်ကို ဝင်တိုက်တာ။ ကျနော်တို့ ကျည်ဆန်အနေအထားရရော လက်နက်အနေအထားအရကြောင့်ပါ ၁၀ နာရီ ၄၅ လောက်မှာ ပြန်ဆုတ်ခွာခဲ့ရတယ်" လို့ ပြောပါတယ်။

ရေးမြို့ ခလရ ၂၉၉ နဲ့ မလွှဲတောင်စစ်ဆေးရေးဂိတ်မှာ ရေး-ထားဝယ်ကားလမ်းမပေါ်မှာရှိတာကြောင့် ရေး-ထားဝယ်လမ်းပိုင်းကို တော်လှန်ရေးအဖွဲ့က အပြည့်အဝ စိုးမိုးနိုင်ဖို့နဲ့ မြို့သိမ်းတိုက်ပွဲမစမီ အနီးနားမှာရှိတဲ့တပ်တွေကို သိမ်းပိုက်နိုင်ဖို့အတွက် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဂျက်လေယာဉ် ၃ စီး၊ ရဟတ်ယာဉ် တစီးတို့နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သလို ကလော့ရွာအခြေစိုက် အမတ ၃၁၆ ကလည်း လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့တာကြောင့် ကိုးမိုင်ကျေးရွာရှိ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂ လုံး ပျက်စီးခဲ့ပါတယ်။

အဲဒီတိုက်ပွဲကြောင့် ကိုးမိုင်ရွာအပါအဝင် အနီးအနားကျေးရွာတွေက ဒေသခံတွေ စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး ဧပြီ ၁၅ ရက်မှ နေရပ်ပြန်နိုင်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီက မလွှဲတောင်စစ်ဆေးရေးဂိတ်ကို ဧပြီ ၁၁ ရက်ကစပြီး မြေသယ်ကားတွေ‌နဲ့ အင်အားဖြည့်တင်းနေတယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) က ပြောပါတယ်။

တိုက်ခိုက်မှုကို မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားတပ်မတော် ABSDF တပ်ရင်း - (၁)၊ ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (KBDF) - ဒေါနတပ်ခွဲ(၄)၊ ထားဝယ်ကာကွယ်ရေးအဖွဲ့ (DDT) - ဒေါနတပ်ခွဲ (၇)၊ ဝေဟင်‌ဒေါနတပ်ခွဲ (၆)၊ ထားဝယ် တပ်ရင်း(၁)၊ ရေးသိမ်းငှက်၊ Ye Defense Force(YDF)၊ ရေးပြောက်ကျားတပ် (YGF) ဒေါနတပ်ခွဲ - (၃)၊ Ye Air Force(YAF) ၊ Saw Dragon Drone Force(အထူးဒရုန်းတပ်ဖွဲ့ ) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။

ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းပိုင်းပိုင်းကို ဧပြီ ၁ ရက်ကစပြီး ည ၆ နာရီမှ မနက် ၆ နာရီအတွင်း ဖြတ်သန်းသွားလာခွင့်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ပိတ်ခဲ့ပြီး အရေးပေါ်ဖြတ်သန်းဖို့ လိုအပ်ပါက အကြောင်းကြားပြီးဖြတ်သန်းဖို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013