Home
ဆောင်းပါး
မြန်မာ့အရေး တရုတ်ခြေလှမ်းများ 
DVB
·
April 18, 2024

နိုင်ငံရေးပဋိပက္ခကို ငြိမ်းချမ်းစွာဆွေးနွေးအဖြေရှာကြဖို့ တိုက်တွန်းချက်နဲ့အတူ တရုတ်အစိုးရရဲ့ မြန်မာ့အရေးဆောင်ရွက်မှု ခြေလှမ်းတွေဟာ ဒီလပိုင်းထဲ ခပ်စိတ်စိတ်မြင်တွေ့နေရပါတယ်။

မြန်မာနိုင်ငံမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲကြဖို့နဲ့  ပဋိပက္ခတွေအဆုံးသတ်ရေး  တွေ့ဆုံဆွေးနွေးမှုကတဆင့် ငြိမ်းချမ်းစွာ အဖြေရှာကြဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ဧပြီ ၁၆ ရက်မှာ တိုက်တွန်းပြောဆိုခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

တရုတ်-မြန်မာနယ်စပ် အပါအဝင် မြန်မာနိုင်ငံ ဒေသအနှံ့မှာ စစ်ကောင်စီတပ်တွေနဲ့ စစ်အာဏာရှင်ဆန့်ကျင် တော်လှန်ရေးအင်အားစုတွေအကြား လက်နက်ကိုင်တိုက်ပွဲတွေ ပိုမို ပြင်းထန်လာချိန်မှာပဲ တရုတ်အစိုးရက အခုလို ပြောဆိုခဲ့တာပါ။

ရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လင်ကျိအန်းက “(မြန်မာ့အရေးနဲ့) ပတ်သက်တဲ့ သတင်းတွေကို ကျနော်တို့ သတိပြုမိပါတယ်။ သက်ဆိုင်သူ အားလုံး အပစ်အခတ်ရပ်စဲ၊ တိုက်ခိုက်မှုတွေ ရပ်ဆိုင်းပြီး တင်းမာမှုရှောင်လွှဲနိုင်အောင် တွေ့ဆုံဆွေးနွေးရေးကတဆင့် မတူကွဲပြားမှုတွေကို ငြိမ်းချမ်းစွာဖြေရှင်းဖို့ တရုတ်အနေနဲ့ တောင်းဆိုပါတယ်”လို့ ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချန်းဟိုင်းဟာလည်း နေပြည်တော် ခြောက်လုံးတန်းမှာ နေထိုင်တဲ့ မြန်မာအာဏာရှင်ဟောင်း ဦးသန်းရွှေနဲ့ သမ္မတဟောင်း ဦးသိန်းစိန်တို့ကို ဧပြီ ၅ ရက်က နေအိမ်မှာသွားရောက်တွေ့ဆုံခဲ့ပါတယ်။

တရုတ်သံအမတ်သွားရောက် တွေ့ဆုံတဲ့အထဲမှာ နေပြည်တော် အချုပ်ထောင်မှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိပါဘူး။ 

ဧပြီ ၁၀ ရက်နဲ့  ၁၁ ရက်မှာတော့ တရုတ်သံအမတ်ကြီးက စစ်ကောင်စီရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဗိုလ်ချုပ်ကြီးမိုးအောင်နဲ့ရော ပြည်ထဲရေးဝန်ကြီး ရာပြည့်၊ နယ်စပ်ရေးရာဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့နဲ့ပါ တွေ့ဆုံပြီး အွန်လိုင်းလောင်းကစား ပူးတွဲတိုက်ဖျက်ရေး၊ တရားဥပဒေစိုးမိုးရေး လုံခြုံရေးဆိုင်ရာပ ပူးပေါင်းဆောင်ရွက်ရေး သီးသန့်လှုပ်ရှားမှု ဆက်လက် လုပ်ဆောင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။

ဧပြီ  ၁ ရက်ကလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် တိန်ရှီကျင်းဟာ နေပြည်တော်ကိုရောက်လာပြီး မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

တွေ့ဆုံရာမှာ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊  မူးယစ်ဆေးဝါးတားဆီး ကာကွယ်ရေး၊ အွန်လိုင်းလောင်းကစားမှု ပပျောက်ရေး၊ နယ်စပ်ဒေသနဲ့ ပြည်တွင်း တည်ငြိမ်အေးချမ်းရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆွေးနွေးနေတဲ့ကိစ္စ၊ မြန်မာပြည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တရုတ်နိုင်ငံအနေနဲ့ကူညီ ဆောင်ရွက်ပေးနေတဲ့ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ထားပါတယ်။

ဒါ့အပြင် မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး၊ အွန်လိုင်းလောင်းကစားမှုတွေနဲ့ အွန်လိုင်းလိမ်လည်မှုပပျောက်စေရေး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေတဲ့ ကိစ္စရပ်တွေ၊ နှစ်နိုင်ငံ နယ်စပ်ဒေသ ကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်တွေ၊ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေတွေကို  ဆွေးနွေးခဲ့ကြတယ်လို့လည်းဆိုပါတယ်။

တရုတ်နယ်စပ် ကိုးကန့်ဒေသ ကျားဖြန့်  အွန်လိုင်းလောင်းကစားမှုတွေမှာ ပါဝင်ပတ်သက်တဲ့ သောင်းနဲ့ချီတဲ့ လူတွေကို  မြန်မာဘက်ကနေဖမ်းဆီးပြီး တရုတ်နိုင်ငံဘက်ကို ပို့ဆောင်ပေးခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကလည်း ပြီးခဲ့တဲ့ မတ်လတုန်းက ပြောဆိုချက်တခုလည်းရှိ ပါတယ်။

တရုတ်နိုင်ငံအနေနဲ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံကြီးတနိုင်ငံဖြစ်တာနဲ့အညီ နိုင်ငံတွေရဲ့ အပူတွေကို တတ်နိုင်သလောက်ဖြေရှင်းဖို့၊ မြန်မာ့အရေးနဲ့ပတ်သက်လို့လည်း အချုပ်အခြာအာဏာကို လေးစားပြီး အားလုံးငြိမ်းငြိမ်းချမ်းချမ်းဖြစ်အောင် စားပွဲဝိုင်းပေါ်ရောက်အောင် ဆောင်ရွက်ပေးဖို့ စတာတွေကို ပြောဆိုခဲ့တာပါ။

လက်ရှိတရုတ်ရဲ့ ကြိုးစားနေမှုတွေဟာ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိပြောဆိုခဲ့တဲ့ နောက်ဖြစ်ပေါ်လာတဲ့ ဖြစ်စဉ်တွေလို့ တရုတ်အရေးကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇောက သုံးသပ်ပါတယ်။ တရုတ်အနေနဲ့ ဘက်အသီးသီးပါဝင်တဲ့ ဆွေးနွေးပွဲတခုဖြစ်အောင် တွန်းအားပေးနေပုံရတယ်လို့ဆိုပါတယ်။

ဒေါက်တာလှကျော်ဇော “မြောက်ပိုင်းအဖွဲ့ကို အပစ်အခတ်ရပ်စဲပြီးတဲ့အခါ သူ(ဝမ်ယိ) ပြောတယ်လေ၊ အပစ်အခတ် ရပ်စဲရုံနဲ့ မလုံလောက်ဘူးတဲ့။ ဖြစ်ပျက်နေတဲ့သူတွေအ ားလုံးကို နိုင်ငံရေးစားပွဲဝိုင်းပေါ် ရောက်လာအောင်လုပ်ဖို့ ဝတ္တရားရှိသေးတယ်တဲ့။ နိုင်ငံရေးစားပွဲဝိုင်းပေါ် ရောက်လာပြီးတော့မှ အတိုးအလျော့တွေပေါ့နော် compromise လုပ်ပြီး ကြားမှာဆုံနိုင်ဖို့ ကြိုးစားရမယ်လို့ ပြောတယ်ဗျ။ အဲဒါကြောင့် ကျမကြည့်တာ တရုတ်က ကျမတို့ ပြည်တွင်းမှာ ဖြစ်ပျက်နေတဲ့ ဘက်အသီးသီးကလူတွေ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲပြီးတခု ဖြစ်အောင် တွန်းနေတယ် ထင်တယ်။ သူ(ဝမ်ယိ) ပြောသွားတဲ့ ဗျူဟာအတိုင်းပဲ တဆင့်ပြီးတဆင့် တိုးလုပ်နေပုံရတယ်” လို့ ပြောပါတယ်။

ဒါပေမဲ့ လက်ရှိအနေအထားတွေအရ စစ်ကောင်စီအနေနဲ့ကလည်း အလျှော့ပေးမယ့်ပုံမပေါ်သလို၊ တော်လှန်ရေးအင်အားစုတွေကလည်း ဆက်ပြီးထိုးစစ်ဆင်ဖို့ရှိနေတာကြောင့် တရုတ် မျှော်လင့်တဲ့ ဆွေးနွေးပွဲဆီကို လတ်တလောရောက်နိုင်ဖို့ကတော့ မလွယ်ကူသေးဘူးလို့လည်း ဒေါက်တာလှကျော်ဇောက ပြောပါတယ်။

“နှစ်ဖက်စလုံးရဲ့ တောင်းဆိုချက်တွေကတော့ အပြတ်အသတ်တွေချည်းပဲလေ။ အဲဒါတွေကို ကြားမှာဆုံအောင် လုပ်ဖို့ကတော့ သိပ်မလွယ်သေးဘူးဗျ။ စေ့စပ်ဆွေးနွေးပွဲတွေ ဖြစ်လာဖို့တော့ မလွယ်သေးဘူး။ စစ်တပ်ကလည်း ပေတေပြီးခံဦးမယ် ထင်တယ်။   ကျမတို့ နွေဦးတော်လှန်ရေး အင်အားစုတွေကလည်း ဆက်တိုက်စရာရှိတာ တိုက်ရလိမ့်မယ် ထင်တယ်။ တစုတစည်းတည်း ညီညီညွတ်ညွတ်နဲ့ လုပ်နိုင်သမျှတွေ ဆက်လုပ်နေဖို့တော့လိုတယ်။”

တဖက်မှာလည်း  တရုတ်-မြန်မာနယ်စပ် ယူနန်ပြည်နယ်ထဲမှာ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် (PLA) က မြေပြင်ကြည်းတပ်နဲ့ လေတပ်တွေကို စုပေါင်းပြီးတော့ ဧပြီ ၂ ရက်မှာ တကြိမ် ဧပြီ ၁၇ ရက်မှာတကြိမ် ကျည်အစစ်တွေနဲ့ စစ်ရေးလေ့ကျင့်နေပါတယ်။

အငြိမ်းစား စစ်တပ်အရာရှိတဦးကတော့ တရုတ် လှုပ်ရှားမှုတွေဟာ လိုချင်တာရသွားပြီးတဲ့နောက် ရွှေပြည်အေးတရားဟောဖို့ ကြိုးစားနေတာလို့ ပြောပါတယ်။

အထူးသဖြင့် သူ့အကျိုးစီးပွားဖြစ်တဲ့ ရေနံပိုက်လိုင်းတလျှောက်ဖြစ်တဲ့ ရခိုင်နဲ့ ရှမ်းမြောက်မှာ လိုချင်တဲ့ ခြေကုပ်တခု တည်ဆောက်ပြီးတာကြောင့် ငြိမ်းချမ်းရေးစကား ပြောနေတာလို့လည်း သူက ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့လည်း မြောက်ပိုင်းညီနောင်မဟာမိတ်တွေနောက်မှာ တရုတ် ရှိနေတာကို သိပြီးသားဖြစ်ပြီး မယုံကြည်ပေမဲ့ မဖြစ်သာလို့ တရုတ်ကို ဆက်ဆံနေရကာ တရုတ်ရဲ့ ကြိုးစားမှုတွေဟာ အောင်မြင်မှာမဟုတ်ဘူးလို့လည်း အငြိမ်းစား စစ်တပ်အရာရှိက ဆက်ပြောပါတယ်။

“တရုတ်ကိုတော့ နစကအစိုးရက အစကတည်းက ယုံကြည်လှတယ်တော့ မဟုတ်ဘူး။ ဒါပေမဲ့ လောလောဆယ်မှာ သူက မဟာအင်အားကြီးနိုင်ငံ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူ့ကို ဂရုမပြုလို့ မရဘူး ဆိုတာကတော့ ၁၀၂၇ က သင်ခန်းစာပေးသွားတယ်ပေါ့နော်။ အဲဒီတော့ ဘာပဲပြောပြော သူ့ကိုတော့ ကျနော်တို့က ဆက်တော့ဆက်ဆံနေမယ်။ ယုံကြည်မှုတော့ ကင်းမဲ့စွာနဲ့ ဆက်ဆံတာမျိုး ဖြစ်နေလိမ့်မယ်။”

တရုတ်-မြန်မာနယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ညီနောင်တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ ဖော်ဆောင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာလည်း တရုတ်ရဲ့ ကြားဝင် စေ့စပ်ဆွေးနွေးပေးမှုကြောင့် ယာယီ အပစ်အခတ်ရပ်စဲသွားခဲ့တာဖြစ်ပါတယ်။

သိမ်းပိုက်ထားတဲ့မြို့တွေကိုတော့ ညီနောင်မဟာမိတ်အဖွဲ့တွေက ဆက်လက်ထိန်းချုပ်ထားတာပါ။ စစ်ကောင်စီအနေနဲ့ကတော့ ဒီဆုံးရှုံးမှုတွေကို ပြန်ယူလိမ့်မယ်လို့လည်း အငြိမ်းစားတပ်အရာရှိက ပြောပါတယ်။

နောက်ထပ် ထူးခြားတဲ့အချက်ကတော့ တရုတ်ရဲ့ ကြားဝင်မှုတွေရှိလာပြီးတဲ့နောက်မှာပဲ စစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို အကျဉ်းထောင်အသီးသီးကနေ နေအိမ်ကို ရွှေ့ပြောင်းခဲ့ပါတယ်။

ဘယ်အိမ်ကို ရွှေ့ပြောင်းထားတယ်ဆိုတာကိုတော့ စစ်ကောင်စီက ထုတ်ပြောတာမရှိသေးပါဘူး။ ဒါဟာ တရုတ်ရဲ့ ကြားဝင်မှုကြောင့် ဖြစ်လာတာလားဆိုတာက ပြောဖို့ခက်ပေမဲ့ စစ်ရေးနဲ့ နိုင်ငံတကာသံတမန်ရေးမှာ အရေးနိမ့်နေတဲ့ စစ်ကောင်စီက ပြည်သူတွေကို ချွေးသိပ်ဖို့ ကြိုးစားတာလို့လည်း လေ့လာသူတွေက သုံးသပ်ကြပါတယ်။ 

ထက်အောင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024