DVB Logo
Home
မြန်မာသတင်း
အပစ်ရပ်ပြီး မြန်မာပဋိပက္ခ ငြိမ်းချမ်းစွာ အဖြေရှာရန် တရုတ် တိုက်တွန်း
DVB
·
April 17, 2024
အပစ်ရပ်ပြီး မြန်မာပဋိပက္ခ ငြိမ်းချမ်းစွာ အဖြေရှာရန် တရုတ် တိုက်တွန်း
Donate to DVB

မြန်မာနိုင်ငံမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲကြဖို့နဲ့  ပဋိပက္ခတွေအဆုံးသတ်ရေး  တွေ့ဆုံဆွေးနွေးမှုကတဆင့် ငြိမ်းချမ်းစွာ အဖြေရှာကြဖို့  တရုတ်အစိုးရက တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံထဲမှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးအင်အားစုတွေအကြား တိုက်ပွဲတွေ ပြင်းထန်လာချိန်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ဧပြီ ၁၆ ရက်မှာ တိုက်တွန်းပြောဆိုခဲ့တာလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ 

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လင်ကျိအန်းက “(မြန်မာ့အရေးနဲ့) ပတ်သက်တဲ့ သတင်းတွေကို ကျနော်တို့ သတိပြုမိပါတယ်။ သက်ဆိုင်သူ အားလုံး အပစ်အခတ်ရပ်စဲ၊ တိုက်ခိုက်မှုတွေ ရပ်ဆိုင်းပြီး တင်းမာမှု ရှောင်လွှဲနိုင်အောင် တွေ့ဆုံဆွေးနွေးရေးကတဆင့် မတူကွဲပြားမှုတွေကို ငြိမ်းချမ်းစွာဖြေရှင်းဖို့ တရုတ်အနေနဲ့ တောင်းဆိုပါတယ်”လို့ ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချန်းဟိုင်းဟာလည်း နေပြည်တော် ခြောက်လုံးတန်းမှာ နေထိုင်တဲ့ မြန်မာအာဏာရှင်ဟောင်း ဦးသန်းရွှေနဲ့ သမ္မတဟောင်း ဦးသိန်းစိန်တို့ကို ဧပြီ ၅ ရက်က နေအိမ်မှာသွားရောက်တွေ့ဆုံခဲ့ပါတယ်။

တရုတ်သံအမတ်သွားရောက် တွေ့ဆုံတဲ့အထဲမှာ နေပြည်တော် အချုပ်ထောင်မှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိပါဘူး။

မြန်မာ့နှစ်သစ်ကူးအခါသမယ သွားရောက်နှုတ်ဆက် ဆုတောင်းပေးဖို့ သွားရောက်တာ ဖြစ်တယ်လို့ တရုတ်သံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

တွေ့ဆုံရာမှာ တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်အောင်မြင်မှု နောက်ဆုံးအခြေအနေတွေကို ဆွေးနွေးပြောဆိုခဲ့ကြပြီး မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် တရုတ်နိုင်ငံက အကူအညီတွေ ဆက်ပေးသွားမယ်လို့ တရုတ်သံအမတ်က ပြောပါတယ်။

မြန်မာခေါင်းဆောင်ဟောင်းတွေကလည်း ပြီးခဲ့တဲ့နှစ်တွေမှာ မြန်မာနိုင်ငံအတွက် ကဏ္ဍအားလုံးမှာ ကူညီထောက်ပံ့ပေးမှုတွေအတွက် တရုတ်နိုင်ငံကို ကျေးဇူးတင်တဲ့အကြောင်း၊ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး၊ ပြန်လည်သင့်မြတ်ရေး၊ စီးပွားရေးနဲ့ လူမှုဘဝ ဖွံ့ဖြိုးရေးတွေမှာ အောင်မြင်ဖို့ တရုတ်နိုင်ငံက ဆက်လက်ကူညီမယ်လို့ မျှော်လင့်ကြောင်းနဲ့ မြန်မာ-တရုတ် ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးတိုးတက်ဖို့ ဆက်လက်ကြိုးစားသွားဖို့ ဆန္ဒရှိတဲ့အကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

တရုတ်-မြန်မာနယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ညီနောင်တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ ဖော်ဆောင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာလည်း တရုတ်ရဲ့ ကြားဝင် စေ့စပ်ဆွေးနွေးပေးမှုကြောင့် ယာယီ အပစ်အခတ်ရပ်စဲသွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013