DVB Logo
Home
မြန်မာသတင်း
ပုလဲ မီးဘေးသင့်ပြည်သူများနှင့် ဒီးမော့ဆိုစစ်ရှောင်များ အကူအညီလိုအပ်
DVB
·
April 17, 2024
ပုလဲ မီးဘေးသင့်ပြည်သူများနှင့် ဒီးမော့ဆိုစစ်ရှောင်များ အကူအညီလိုအပ်
1 / 4
Donate to DVB

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် အိုင်ရောင်းကျေးရွာမှ မီးဘေးသင့်ပြည်သူ ၅၀၀ ကျော် အကူအညီလိုအပ်နေတယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။

အိမ်ခြေ ၂၀၀ နီးပါးရှိတဲ့ အိုင်ရောင်းကျေးရွာဟာ ဧပြီ ၁၃ ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်မှာ မီးလောင်မှုဖြစ်ခဲ့ပြီး လူနေအိမ် ၁၁၅ လုံး ဆုံးရှုံးခဲ့ပါတယ်။

ရွာခံ ၅၀၀ ကျော်အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ရပြီး နေထိုင်စားသောက်ရေးအတွက် စားနပ်ရိက္ခာနဲ့ အဝတ်အထည်အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်အကူအညီပေးနေသူတွေက ပြောပါတယ်။

“ရွာက အိမ်ခြေ ၂၀၀ နီးပါးလောက်ရှိတဲ့ရွာပါ၊ ၁၁၅ အိမ်က စပါးကျီတွေ နွားစာတိုက်တွေ ဘာမှမကျန်ပါဘူး၊ မြောက်ယမားဆည်ရဲ့ ရေသောက် ဧရိယာထဲက ရွာဆိုတော့လေ စပါးတွေလည်း ရိတ်သိမ်းပြီးတာ မကြာသေးဘူး၊ စပါးတင်းရေ ၁ သိန်းခွဲအထက်မီးထဲပါသွားတယ်ဗျ။ အခြား ကုလားပဲတို့၊ ကြက်သွန်တို့ကလည်း သိမ်းပြီးခါစရှိသေးတယ်။ သင်္ကြန်ရက် ကားတွေကလည်း မထွက်သေးတော့ မရောင်းဘဲ လှောင်ထားတာ” လို့ စစ်ဘေးရှောင်တွေကိုအကူအညီပေးနေတဲ့ တာဝန်ခံက ပြောပါတယ်။

မီးဘေးသင့်ပြည်သူတွေဟာ မီးထဲမပါတဲ့ ကျေးရွာစာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းမှာ ယာယီနေထိုင်နေကြပြီး အနီးဝန်းကျင်ရွာတွေက စားရေးသောက်ရေးအတွက် ကူညီပေးနေတယ်လို့ သိရပါတယ်။

“မီးကြွင်းမီးကျန်ကနေ ဘေးမှာ ဂတ်စ်မီးခြစ်ရှိတော့ အပူလွန်ကဲတော့ ဂတ်စ်ပေါက်ရာကနေ စလောင်တယ်လို့ သိရတယ်။ မီးလောင်တဲ့အချိန်က အပူချိန်က တအားများနေတယ်၊ လေကလည်းအရမ်းတိုက်တော့ တရွာလုံးနီးပါး ပတ်ဝိုက်ပြီးတော့ ကူးဆက်ပြီးလောင်သွားတယ်။ မီးဘေးသင့်တွေအတွက် အခုစားရေးသောက်ရေးက ပတ်ဝန်းကျင်ရွာတွေကနေ အလှည့်ကျ ထမင်းထုတ်တွေပို့ပေးနေတယ်၊ သူတို့အတွက် အဝတ်အစားတော့ အဓိကလိုအပ်နေတယ်ဗျ” လို့ စစ်ဘေးရှောင်တွေကိုအကူအညီပေးနေတဲ့ တာဝန်ခံက ဆက်ပြောပါတယ်။

အိုင်ရောင်းကျေးရွာမှ မီးဘေးသင့်ပြည်သူတွေကို ပုလဲမြို့နယ် လူသားစာနာအဖွဲ့နဲ့ တာဝန်ရှိသူတွေက မြို့နယ် အခွန်ခွဲတမ်းမှ ငွေကျပ် သိန်း ၂၀ ကူညီထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။

ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေလည်း စားဝတ်နေရေး အခက်အခဲကြုံနေတာကြောင့် နွားချေးကောက်ပြီး၏ ဖြေရှင်းနေကြတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

နွားချေးတွေကို တရက် အများဆုံး ၁၀ အိတ်လောက်အထိ ‌ကောက်နိုင်ကြတာကြောင့် နေ့စားခနဲ့ ပြန်တွက်လျှင် ပျမ်းမျှ တရက်ကို  ၁၅,၀၀၀ ကျပ်ခန့်အထိ ရရှိနိုင်လို့ စစ်ရှောင်အမျိုးသားတဦးက ပြောပါတယ်။

“နွေရာသီဆိုတော့ အလုပ်မရှိဘူး။ ဒီလိုနည်းနဲ့ပဲ ကြံဖန်ပြီး စားဝတ်နေရေး ဖြေရှင်းရတာ။ အဆင်ပြေပါတယ်။ ဒီဘက်က ကုန်ဈေးနှုန်းလည်း ကြီးတယ်လေ။ နေ့စားလိုက်တာနဲ့စာရင်တော့ ဒီနွားချေးကောက်တာက ပိုက်ဆံပိုရတယ်။ နွားချေးကလည်း နွေရာသီတခုပဲ ကောက်လို့ရတယ်” လို့  ပြောပါတယ်။

နွားချေးတွေကို နေအိမ်မှာ ပြန်စုထားပြီး တအိတ်ကို ၁၅၀၀ ကျပ်နှုန်းနဲ့ရောင်းချကြရပြီး စိုက်ပျိုးရေးလုပ်တဲ့ စစ်ရှောင်တွေကပဲ အဓိက ပြန်လည်ဝယ်ယူကြတယ်လို့ ပြောပါတယ်။

ဒီးမော့ဆို အနောက်ဘက်ခြမ်းမှာ စစ်ရှောင်စခန်း ၃၀ ကျော်ရှိပြီး စစ်ရှောင် ၁ သိန်းနီးပါးရှိကာ ကရင်နီပြည် စစ်ရှောင်အများဆုံးရှိရာနေရာ ဖြစ်ပြီး စားနပ်ရိက္ခာ၊ ဆေးဝါး စတဲ့ လူသားချင်း စာနာထောက်ထားမှုအကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013