DVB Logo
Home
မြန်မာသတင်း
ကရင်နီတွင် ဖမ်းမိထားသည့် တိုက်လေယာဉ်မှူးကို အရေးယူနိုင်ရန် အမှုတည်ဆောက်နေ
DVB
·
April 16, 2024
ကရင်နီတွင် ဖမ်းမိထားသည့် တိုက်လေယာဉ်မှူးကို အရေးယူနိုင်ရန် အမှုတည်ဆောက်နေ
Donate to DVB

ကရင်နီပြည်နယ်မှာ ဖမ်းမိထားတဲ့ တိုက်လေယာဉ်မှူးကို တရားရုံးမှာ စစ်ဆေးအရေးယူနိုင်ဖို့ အမှုတည်ဆောက်နေပြီး ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီရဲ့ တရားစီရင်မှုနဲ့ ဥပဒေကြောင်းအရ အမှုစစ်တာနဲ့ စီရင်ချက်ချတာတွေလုပ်သွားမယ်လို့ သိရပါတယ်။

၂၀၂၃ နိုဝင်ဘာလတုန်းက ကရင်နီပြည်နယ်မှာ တော်လှန်ရေးတပ်တွေရဲ့ ပစ်ချမှုကြောင့် ပျက်ကျပြီး ဖမ်းဆီးခံထားရတဲ့ စစ်ကောင်စီလေတပ် K-8 တိုက်လေယာဉ်မှူးကို တရားရုံးမှာ စစ်ဆေးအရေးယူနိုင်ဖို့ အမှုတည်ဆောက်နေဆဲ ဖြစ်ကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အထွေထွေအတွင်းရေးမှူး ခူးပလုရယ်က DVB ကို ပြောပါတယ်။

K-8 တိုက်လေယာဉ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်က ကရင်နီပြည်နယ်မှာ ဗုံးကြဲတိုက်ခိုက်နေချိန် တော်လှန်ရေးတပ်တွေရဲ့ ပစ်ခတ်မှုကြောင့် ပျက်ကျသွားခဲ့ပြီး တိုက်လေယာဉ်မှူး ဗိုလ်မှူးခိုင်သန့်မိုးကိုတော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၉ ရက်မှာ ဖမ်းမိခဲ့တာပါ။

ကရင်နီ အရပ်ဘက်တရားရုံးမှာ တရားစွဲဆိုနိုင်ဖို့ အမှုတည်ဆောက်နေပြီး သေချာစစ်ဆေးပြီးမှ တရားစွဲဆိုဖို့ ပြင်ဆင်နေကြောင်း၊ လက်ရှိမှာတော့ လေယာဉ်မှူး ခိုင်သန့်မိုးဟာ ကျန်းကျန်းမာမာ ရှိနေတယ်လို့လည်း ခူးပလုရယ်က ဆက်ပြောပါတယ်။

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ အထွေထွေအတွင်းရေးမှူး ခူးပလုရယ်က “လေယာဉ်မှူးဟောင်း ခိုင်သန့်မိုးကိစ္စက အမှုကြီးတာပေါ့နော်။ ဒါကြောင့် အမှုကို တည်ဆောက်နေရတယ်။ ခရိုင်တရားရုံးဘက်ကလည်း အဆင်သင့်ဖြစ်အောင် လုပ်နေရတဲ့အ နေအထားမျိုးပေါ့။ အခုက Process မှာပဲ ရှိပါသေးတယ်။ သေချာစစ်ဆေးပြီးတော့မှ တရားစွဲတင်ဖို့ကိစ္စတွေ လုပ်ဖို့လိုတဲ့အတွက် အဆင့်ဆင့်ပြင်ဆင်နေတဲ့ အနေအထားမျိုး ရှိနေတယ်ပေါ့။ အဲ့ဒါကြောင့် တရားစွဲမယ့် process မှာပဲ အမှုတည်ဆောက်တဲ့အခြေအနေမှာပဲ ရှိနေတယ်။ ကျန်းကျန်းမာမာနဲ့ရှိနေပါတယ်” လို့ ပြောပါတယ်။

မြန်မာမှာ စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ အခု ၂၀၂၄ ဧပြီလအထိ ၃ နှစ်ကျော် ကာလအတွင်း စစ်ကောင်စီရဲ့ တိုက်လေယာဉ် သယ်ပို့လေယာဉ်နဲ့ ရဟတ်ယာဉ်တွေ ၁၂ စီးအထိ ပျက်ကျခဲ့ပါတယ်။

အဲဒီထဲကမှ စစ်ကောင်စီရဲ့ တိုက်လေယာဉ်မှူးတဦးသာ အသက်ရှင်ကျန်ရစ်ပြီး သူ့ကိုလည်း တော်လှန်ရေးတပ်တွေဘက်က ဖမ်းမိထားခဲ့တာပါ။

သူ့ကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ဖော်ပြရာမှာလည်း  စစ်ရာဇဝတ်သားလို့ သုံးနှုန်းဖော်ပြထားပါတယ်။

တိုက်လေယာဉ်မှူးခိုင်သန့်မိုးကို ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီရဲ့ တရားစီရင်မှု ဥပဒေကြောင်းအရပဲ အမှုစစ်တာနဲ့ စီရင်ချက်ချတာတွေလုပ်မှာဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရနဲ့လည်း တရားစီရင်ရေးမှာ ဆက်စပ်မှု ရှိနိုင်တယ်လို့ ခူးပလုရယ်က  ပြောပါတယ်။

“ကရင်နီရဲ့ တရားစီရင်ရေးအတိုင်းပဲပေါ့။ ဥပဒေကြောင်းအရပဲ တရားစွဲဆိုတာတွေ အမှုစစ်တာတွေ စီရင်ချက်ချတာတွေ လုပ်ဖို့ရှိတယ်။ NUG နဲ့က တရားစီရင်ရေးမှာ တစုံတရာ ဆက်စပ်မှု ရှိကောင်းရှိနိုင်ပါတယ်။ သို့သော် ခုထိ သိရတာက ကရင်နီရဲ့ တရားစီရင်ရေးနဲ့ပဲ သွားဖို့ ရှိတယ်ပေါ့နော်။” 

အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုကနေ ၂၀၂၃ နှစ်ကုန်ပိုင်းအထိ စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှု ၁၆၅၂ ကြိမ် လုပ်ခဲ့ပြီး ဘာသာရေးအဆောက်အဦ ၁၃၇ ခု၊ စာသင်ကျောင်း ၇၆ ခုနဲ့ ဆေးရုံ ၂၈ ခု ပျက်စီးခဲ့ရတယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

သီဟ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013