DVB Logo
Home
မြန်မာသတင်း
ရန်ကုန်ရှိ ဟိုတယ်၊ ကလပ်နှင့် ဘားများတွင် သီးသန့်သင်္ကြန်ပါတီ ပိုများလာ
DVB
·
April 15, 2024
ရန်ကုန်ရှိ ဟိုတယ်၊ ကလပ်နှင့် ဘားများတွင် သီးသန့်သင်္ကြန်ပါတီ ပိုများလာ
Donate to DVB

ဒီနှစ် ၂၀၂၄ သင်္ကြန်ကာလမှာလည်း ရန်ကုန်မြို့က အထင်ကရ နေရာတွေမှာ စည်စည်ကားကား မရှိဘဲ ဟိုတယ်၊ ကလပ်နဲ့ ဘားတွေမှာ သီးသန့် သင်္ကြန်ပါတီတွေ ပိုလုပ်လာကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။ 

ဒီနှစ်သင်္ကြန်မှာ အာဏာသိမ်း စစ်ကောင်စီက တိုင်းပြည်အေးချမ်းနေသယောင် နိုင်ငံတကာကို ပြသဖို့  ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့ သူတို့ ထိန်းချုပ်လို့ရတဲ့ မြို့နယ်တွေမှာ သင်္ကြန် မဏ္ဍပ်တွေ၊ ဖျော်ဖြေပွဲနဲ့ စည်ကားအောင် ပြုလုပ်နေပါတယ်။

နေပြည်တော်မှာ ပြုလုပ်နေတဲ့ မြို့တော်ဝန်မဏ္ဍပ်နဲ့ လမ်းလျှောက်သင်္ကြန်ကိုလည်း ဧပြီ ၁၃ ရက်က ဖွင့်လှစ်ခဲ့ပြီး အဲဒီပွဲမှာ ကိုရီးယားနိုင်ငံက မထင်မရှား K-pop အဆိုတော်တွေ၊ ရုရှား၊ တရုတ်၊ အိန္ဒိယတို့က လူမသိတဲ့ အဆိုတော်တွေ လာဖျော်ဖြေခဲ့ကြပေမယ့် လာရောက် လည်ပတ်သူ နည်းပါးခဲ့ပါတယ်။

ရန်ကုန်မြို့ ဆူးလေရှိ မြို့တော်ခန်းမနဲ့ ပြည်သူ့ရင်ပြင်တို့မှာလည်း အဓိကမဏ္ဍပ် ၂ ခု အပါအဝင် ရေကစားမဏ္ဍပ်ပေါင်း ၂၀၀ ကျော်နဲ့ သင်္ကြန်ပွဲလုပ်နေပေမယ့် ပြည်သူလူထု ပါဝင်မှုက နည်းပါးလွန်းပါတယ်။

ရန်ကုန်မှာရှိတဲ့ လူလတ်စားတွေနဲ့ ပိုက်ဆံ သုံးနိုင်တဲ့ လူငယ်တချို့ကတော့ ဟိုတယ်၊ ဘားတွေနဲ့ ကလပ်တွေက ပြုလုပ်တဲ့ သင်္ကြန် EDM ပွဲတွေ၊ DJ တွေနဲ့ ဖျော်ဖြေတဲ့ သီးသန့် ရေကစားပွဲတွေကို ပါဝင်ဆင်နွှဲနေကြပါတယ်။

ရန်ကုန်မြို့က လူငယ်တဦးက “ရန်ကုန် Private ပါတီတွေကတော့ ဟိုတယ်တွေ တော်တော်များများမှာ ကျင်းပနေကြတယ်။ အင်းယားလိတ်မှာ ဆိုရင်လည်း အဆိုတော်တွေ ငှားပြီးတော့ တရက်ကို ၄ သိန်းကနေ စပြီးရှိတာ တွေ့ရတယ်။ ၄ သိန်းတို့၊ ၈ သိန်းတို့၊ VIP ဆို ၁၀ သိန်းလောက်အထိ ရှိတယ်။ Private party ဆို ပိုက်ဆံရှိတဲ့ လူငယ် တော်တော်များများ သွားကြတယ်။ ဆီဒိုနားတို့ ဘာတို့ဆိုရင်လည်း ဟိုတယ် ဘွတ်ကင်တောင် မရတော့ဘူး။ ဟိုတယ် ဘွတ်ကင်ဆို သင်္ကြန်တွင်းမှာ မပြည့်ဘူး။ နိုင်ငံရေးအခြေအနေက မကောင်းတော့ လူငယ်တွေ အပြင်ထွက် မကဲကြတော့ဘဲ ဟိုတယ်တွေမှာပဲ ဒီဂျေတွေ ငှားပြီး Private party တွေ ကျင်းပတယ်။ မြို့ထဲဆို ရန်ကုန်က ရပ်ကွက်တွေထဲမှာ ကလေးတွေပဲ။ လူငယ်တွေကတော့ ဘီယာဆိုင်တို့၊ ဘားတို့ အဲဒီလိုမှာပဲ သွားကဲကြတာ။ အပြင်ထွက် ကဲတာတော့ သိပ်မရှိဘူး”လို့ ပြောပါတယ်။

ရန်ကုန်မှာ တချိန်က နာမည်ကျော် ပြည်လမ်းနဲ့ ကန်တော်ကြီးတဝိုက်၊ ရန်ကုန်မြို့ထဲ နေရာတွေမှာတော့ စီးပွားဖြစ် ရေကစားမဏ္ဍပ်ကြီးတွေ ဆောက်လုပ် ဆော့ကစားတာ မတွေ့ဘူးလို့ မြို့ခံတွေက ပြောပါတယ်။

သင်္ကြန်အကျနဲ့ အကြတ်နေ့အထိ ရန်ကုန်မြို့ရဲ့ လမ်းမကြီးအများအစုမှာ အသွားအလာတွေ ခြောက်ကပ်နေပြီး မြို့နယ်တချို့ရဲ့ လမ်းမပေါ်တွေနဲ့ ရပ်ကွက်အတွင်းမှာတော့ ကလေးတွေ ရေပက် ဆော့ကစားလောက်ပဲ ရှိနေပါတယ်။

ဒီနှစ် သင်္ကြန်မှာတော့ အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ ပြည်ပထွက်ခွာသူ ပိုများပြီး ပြည်ပ မထွက်နိုင်တဲ့ လူငယ်တွေကတော့ ကိုယ့်နီးကိုယ့်ဟန်ကို သင်္ကြန်ကို ပါဝင်ဆင်နွှဲနေကြတယ်လို့ ပြောပါတယ်။

သင်္ကန်းကျွန်းမြို့နယ်နေလူငယ်တဦးက “Music Festival ဆိုတာ ဈေးနှုန်းက နေ့နဲ့အလိုက်ပေါ့။ ဥပမာ - သင်္ကြန်အကြိုနေ့ဆို ၄ သောင်းကနေ စတယ်။ သင်္ကြန်အကျနေ့ဆို ၅ သောင်းကစတယ်။ အကြတ်နေ့ဆို ၆ သောင်း၊ အတက်နေ့ဆို ၇ သောင်း၊ ၈ သောင်း၊ ၁ သိန်း အဲ့လိုလုပ်ပေးတယ်။ Private party လို့ မဟုတ်ပေမဲ့ ညဘက်ဖွင့်တဲ့ ကလပ်တွေက နေ့ခင်းဘက်ကို Day ကို သင်္ကြန်ဆိုပြီး ကလပ်အတွင်းမှာ လုပ်ပေးတာ ရှိတယ်။ လူငယ်တွေ အများဆုံးသွားကြတယ်။ နိုင်ငံခြားမထွက်နိုင်တဲ့ လူငယ်တွေ သွားကြတယ်။ တော်တော်များများ သွားကြတယ်။ အစ်ကိုတို့ ပတ်ဝန်းကျင်မှာ အစ်ကိုနဲ့ သိတဲ့ လူငယ်တွေဆို သွားကြတယ်”လို့ ပြောပါတယ်။

ရေဘဝဲပြည်သူ့အကျိုးပြုလူငယ်အဖွဲ့ကတော့ သင်္ကြန်ကာလမှာ လူငယ်တွေ မိသားစုတွေနဲ့ အေးအေးချမ်းချမ်း ဖြတ်သန်းဖို့နဲ့ စစ်ကောင်စီနဲ့ ပတ်သက်တဲ့ မဏ္ဍပ်တွေ၊ နေရာတွေကို ရှောင်ရှားဖို့ တိုက်တွန်း ထားပါတယ်။

ရေဘဝဲပြည်သူ့အကျိုးပြုလူငယ်အဖွဲ့ခေါင်းဆောင်က  “အားလုံးသိတဲ့အတိုင်း သင်္ကြန်ဆိုတာ မြန်မာ့ရိုးရာ နှစ်သစ်ကူးပွဲတော် ဖြစ်ပါတယ်။ တော်လှန်ရေးကာလအတွင်း ရိုးရာပွဲတော်တွေ ဖြတ်သန်းရတဲ့အခါမှာ ပျော်ပါ၊ မပျော်ပါ၊ မဆင်နွှဲပါနဲ့ ဆင်နွှဲပါလို့ တားမြစ် ပိတ်ပင်ခွင့် မရှိပါဘူး။ အဓိက တိုက်တွန်းလိုတာတော့ စစ်ကောင်စီနဲ့ပတ်သက်တဲ့ မဏ္ဍပ်တွေ၊ စစ်ကောင်စီ ကင်းစခန်းနားမှာ ရှိနေတဲ့ မဏ္ဍပ်တွေကို ရှောင်ရှားပြီးတော့ မိသားစုတွေ၊ ကိုယ့်သူငယ်ချင်းတွေနဲ့ ခြံထဲမှာဖြစ်ဖြစ် လမ်းထိပ်လေးမှာဖြစ်ဖြစ် ရိုးရာ နှစ်သစ်ကူးပွဲတော်ကို ဆင်နွှဲမယ်ဆိုရင် အကောင်းဆုံး ဖြစ်ပါတယ်။ ဒီလိုမျိုး ဆင်နွှဲရင်းနဲ့ပဲ ကျနော်တို့ လက်ရှိဖြစ်နေတဲ့ တော်လှန်ရေး အခင်းအကျင်းကိုလည်း မြေပြင် သတင်းအမှန်တွေ လေ့လာနေဖို့ လိုပါတယ်။ တော်လှန်ရေးကာလ ဖြစ်နေတဲ့အတွက် ရိုးရာပွဲတော်ကနေ ရလာတဲ့ ငွေကြေးတွေ တော်လှန်ရေး အင်အားစုတွေဆီ စီးဆင်းမယ်လို့ ယုံကြည်ပါတယ်”လို့ ပြောပါတယ်။

ဒီနှစ် သကြန်ပွဲတော်မှာတော့ စစ်ကောင်စီသကြန် မဏ္ဍပ်တွေမှာ အရင်နှစ်ကလောက် စစ်ကောင်စီ မိသားစုဝင်တွေနဲ့ စည်စည်ကားကား မရှိတာ တွေ့ရပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြင်ဦးလွင်မှာရှိတဲ့ တပ်တွင်းသင်္ကြန်ကို သွားရောက် လည်ပတ်မယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် ဧပြီ ၁၄ ရက်ညက ပြင်ဦးလွင်မြို့မှာ ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရလို့ သေဆုံးမှုနဲ့ ထိခိုက်မှုတွေလည်း ရှိခဲ့ပါတယ်။

 ဇွဲသစ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013