DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းအထက်ပိုင်း ကုန်စည်စီးဆင်းမှုလမ်းအားလုံးကို စစ်တပ်က ပိတ်ဆို့ပြီး ထိုးစစ်ဆင်ရန် ကြိုးပမ်း
DVB
·
April 15, 2024
စစ်ကိုင်းတိုင်းအထက်ပိုင်း ကုန်စည်စီးဆင်းမှုလမ်းအားလုံးကို စစ်တပ်က ပိတ်ဆို့ပြီး ထိုးစစ်ဆင်ရန် ကြိုးပမ်း
Donate to DVB

စစ်ကိုင်းတိုင်းအထက်ပိုင်း ကလေး-ခါမ်းပါတ်-တမူး ကုန်စည်စီးဆင်းမှု လမ်းကြောင်းအားလုံးကို စစ်ကောင်စီက ပိတ်ဆို့ထားပြီး မြို့တွေကို အဘက်ဘက်က ထိုးစစ်ဆင်ဖို့ ကြိုးစားနေပါတယ်။

ကလေး-ခါမ်းပါတ်-တမူးလမ်းမှာ စစ်ကောင်စီက လမ်းကြောင်းတွေ အကုန်ပိတ်ဆို့ထားတာကြောင့် ကုန်စည်စီးဆင်းမှုအားလုံး ရပ်တန့်နေပြီး ကုန်ဈေးနှုန်း အဆမတန် တက်လာတယ်လို့ ဒေသခံ PDF တွေက ပြောပါတယ်။ 

လတ်တလောမှာ ထိတွေ့တိုက်ပွဲတွေ မရှိပေမဲ့ စစ်ကောင်စီက ဖြတ် ၄ ဖြတ်နဲ့ ပြောက်ကျားစနစ်ကို သုံးပြီး PDF တွေရဲ့ အလစ်အငိုက်ကို စောင့်နေတယ်လို့ ဆိုပါတယ်။ ၂၀၂၃ နိုဝင်ဘာ ၇ ရက်က ခါမ်းပါတ်မြို့ကို PDF ပူးပေါင်းအဖွဲ့တွေက သိမ်းယူခဲ့ပြီးကတည်းက ကလေး-ခါမ်းပါတ်-တမူးလမ်းမှာ ထိတွေ့တိုက်ပွဲတွေ ဆက်တိုက် ဖြစ်နေခဲ့တာပါ။

တမူးတိုက်နယ်ပကဖ ဒုတာဝန်ခံ ဦးကပ်က “လမ်းကြောင်းတွေကတော့ ကျနော်တို့ ကလေး-တမူး လမ်းကြောင်းတွေ အကုန်လုံးပိတ်ထားတယ်။ ကျနော်တို့ဘက်က ပိတ်တာ မဟုတ်ပါဘူး၊ စကစဘက်က ပိတ်တာပါ။ သူတို့က တမူးဘက်ကရော တိုးချင်တဲ့ အနေအထား ရှိတယ်။ ကလေးဘက်ကနေလည်း တိုးချင်တဲ့အခြေအနေလည်း ရှိတယ်။ ပြီးရင် မော်လိုက်ဘက်မှာလည်း အင်အားတိုးချဲ့တာတွေပေါ့နော်။ အဲဒီလိုမျိုးတွေ လုပ်တယ်ဆိုတော့ ခါမ်းပါတ်ကို သူတို့အနေနဲ့ ပြန်လိုချင်တဲ့သဘောလား၊ အဲ့လိုမျိုးတော့ စဉ်းစားတယ်ပေါ့နော်။ ကျနော်တို့မှာလည်း အင်အားတွေ အများကြီးရှိတယ်၊ ခုခံနိုင်စွမ်း ရှိပါတယ်။ အဓိက စားကုန်သောက်ကုန်ပေါ့နော်၊ ကျန်းမာရေး ဆေးဝါးတွေကအစ အကုန်လုံး လောင်စာဆီကအစ နည်းနည်းတော့ စိုးရိမ်ရတယ်။ အခုလည်း ကျနော်တို့ဆီမှာ ကုန်ဈေးနှုန်းတွေ တအားတက်။ ကလေးလမ်းကြောင်း မပွင့်တော့ ပစ္စည်းတွေက အကုန်လုံး ပြတ်သလို ဖြစ်နေတယ်။ ဒီဘက် ခါမ်းပါတ်ဘက်မှာရော” လို့ ပြောပါတယ်။

ကလေးမြို့မှာတော့ ဖေဖော်ဝါရီ ၂၀ ရက် ဝန်းကျင်ကတည်းက စစ်ရေးတင်းမာခဲ့တာကြောင့် ထိုမာ၊ ထောက်ကြံ့၊ စည်သာရွာတွေက ပြည်သူသောင်းနဲ့ချီပြီး ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်က ကလေးတက္ကသိုလ်မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီက ထိုမာရွာ အပါအဝင် အနီးနားရွာတွေကို PDF တွေ ခိုအောင်းနေနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်နဲ့ ပြန်လည်ပစ်မှတ်ထား တိုက်ခိုက်နေတာပါ။

ကလေးမြို့နဲ့ အနီးဝန်းကျင်ရွာတွေကိုလည်း ကုန်စည်စီးဆင်းလို့မရအောင် ပြည်သူတွေ အသုံးပြုတဲ့ ဖြတ်လမ်းတွေကိုပါ စစ်ကောင်စီက ရှာဖွေပိတ်ဆို့နေတယ်လို့ ဆိုပါတယ်။

ကလေးဒေသခံ PDF တဦးက “ရာဇဂြိုဟ်မှာတော့ မနေ့ကတည်းက ဓာတ်ဆီတွေ စပြီးပြတ်ပြီပေါ့။ မနေ့ကဆို တဂါလန် ၂‌ သောင်းကျော် ပေးဝယ်ရတာ အဲ့လိုမျိုးတွေ၊ ၂၂,၀၀၀ ပေါ့ မနေ့တုန်းက။ အဲ့စစ်ပွဲမဖြစ်ခင်တုန်းကဆို ကွမ်းရွက် ၁၀ သားမှ ၅၀၀ ရှိတယ်ဗျာ။ လမ်းပိတ်လိုက်ပြီးတဲ့နောက်ကျတော့ ၁၀ သားကို ၂,၅၀၀ ဖြစ်သွားတယ်။ ကလေးမြို့ကို သူတို့က ဒိုးဝိုင်းချောင်းကနေ ပိတ်တယ်ဗျာ၊ ကလေးမြို့အဝင်ကိုလေ။ ပိတ်ထားတော့ ကျနော်တို့က ဆည်ကြီးကနေ ဖြတ်ပြီးတော့ ရွာတွေထဲကနေပြီးတော့ ကလေးမြို့ထဲကို ဝင်တာပေါ့။ အဲဒီဝင်တာကို သူတို့က လက်သင့်မခံချင်တဲ့အတွက် သူတို့က ဆည်ကြီးကို စစ်ထိုးပြီးတော့ ကလေးအဝင်ကို ပိတ်ပစ်လိုက်တာ။ ကျနော်တို့ရွာတွေကို ဖြတ်တဲ့သဘောပေါ့။ ဖြတ်ရင် သူတို့လည်း ပြတ်မှာပဲ၊ သူပြတ်ကိုယ်ပြတ်ပဲပေါ့။ ဒါပေမဲ့ သူတို့က ဘယ်လိုအစီအစဉ်ရှိလဲ မသိဘူးပေါ့။ ဆည်ကြီးကနေ ဆက်သွားမယ်ဆိုရင် သူတို့ဂိတ်ရှိတယ်ပေါ့။ အဲဒီဂိတ်ကို မရောက်ခင် ကျနော်တို့က ဆည်ကြီးကနေ ဖြတ်လမ်းကနေ သွားလိုက်တဲ့အချိန်ကျရင် အဲဒီမှာ ငှက်ပျောတောတို့၊ အိတ်စွပ်တို့ ရွာတွေရှိတယ်။ အဲဒီဘက်က ဖြတ်ဝင်လိုက်ရင် ကလေးမြို့ရဲ့ အလယ်ကောင်ကို ပေါက်သွားရော။ အဲဒါကိုသိသွားလို့ အဲဒီလမ်းကိုပါ ရောပြီးတော့ အလစ်အငိုက် စစ်ကြောင်းထိုးပြီး လာလိုက်တော့ အင်အားချင်းမမျှတော့ ကျနော်တို့တွေက နောက်ဆုတ်ပေးလိုက်ရတယ်လေ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေက ကလေးတက္ကသိုလ်ထဲမှာ တပ်စွဲပြီး ကျေးရွာတွေဘက်ကို နှစ်နဲ့ချီပြီး လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံ တော်လှန်ရေးအင်အားစုတွေက တိုက်ပွဲဖော်ဆောင်ခဲ့ပေမဲ့ စစ်ကောင်စီဘက်ကတော့ တော်လှန်ရေးအင်အားစုတွေက ပညာရေးအဆောက်အဦတွေကို ပစ်မှတ်ထား တိုက်ခိုက်တယ်ဆိုပြီး စွပ်စွဲဖို့ ကြိုးစားခဲ့ပါတယ်။

အိန္ဒိယနယ်စပ် တမူးမြို့နယ်မှာတော့ အိန္ဒိယအာဏာပိုင်တွေက နယ်စပ်တလျှောက် လွတ်လပ်စွာသွားလာခွင့် သဘောတူညီချက် FMR ကို လုံးဝဖျက်သိမ်းခဲ့တာကြောင့် ဒေသခံ စစ်ဘေးသင့်ပြည်သူတွေဟာ ဒေသတွင်းမှာ ပိတ်မိနေပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013