DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် စစ်မှုထမ်းကိစ္စကြောင့် အဆုံးစီရင်သူ ၅  ဦးထက်မနည်းရှိ
DVB
·
April 15, 2024
ဧရာဝတီတိုင်းတွင် စစ်မှုထမ်းကိစ္စကြောင့် အဆုံးစီရင်သူ ၅  ဦးထက်မနည်းရှိ
Donate to DVB

ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ မတ်လအတွင်း စစ်မှုထမ်းကိစ္စနဲ့ ပတ်သက်လို့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့သူ ၅ ဦးထက်မနည်း ရှိခဲ့တယ်လို့ သတင်းမှတ်တမ်းတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။

ဧရာဝတီတိုင်းထဲက မြို့နယ်တွေမှာ ပြီးခဲ့တဲ့ မတ် ၁ ရက်မှ ၃၁ ရက်အထိ တလအတွင်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းဖို့အတွက် ဖိအားပေး မဲနှိုက်တာတွေ၊ စာရင်းကောက်တာတွေ၊ ငွေကောက်ခံတာတွေ လုပ်ခဲ့ရာ အဲဒီကိစ္စနဲ့ ဆက်စပ်ပတ်သက်လို့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတဲ့ ဒေသခံ ၅ ဦးထက်မနည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

ကန်ကြီးထောင့်မြိုနယ်ဒေသခံတဦးက “မတ်လထဲမှာ ရပ်ကျေးတာဝန်ရှိသူတွေကိုယ်တိုင် လူငယ်တွေကို စစ်မှုထမ်းဖို့ စာရင်းကောက်တာ၊ မဲနှိုက်ရွေးချယ်တာတွေ လုပ်လာခဲ့တာပါ။ ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်၊ ရေတွင်းချောင်ရွာက မဲပေါက်တဲ့ အသက် ၂၀ အရွယ် လူငယ်တယောက်က မတ်လ ၁၇ ရက်နေ့က ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတာ” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းထဲမှာ စစ်မှုထမ်းကိစ္စနဲ့ပတ်သက်ပြီး အဆုံးစီရင်သွားတဲ့သူတွေဟာ ကန်ကြီးထောင့်မြို့နယ်က တဦး၊ ဖျာပုံမြို့နယ်က တဦး၊ အိမ်မဲမြို့နယ်က တဦး၊ ကြံခင်းမြို့နယ်က တဦး၊ လပွတ္တာမြို့နယ်က တဦးဖြစ်ပြီး အဆုံးစီရင်သွားသူတွေဟာ အသက် ၁၇ နှစ်ကနေ ၂၅ နှစ်အတွင်းရှိတဲ့ လူငယ်တွေ ဖြစ်တယ်လို့ သိရပါတယ်။

“စစ်မှူထမ်းဥပဒေကိစ္စ ဝေဖန်ပြောဆိုခဲ့တဲ့ ကြံခင်းမြို့က အသက် ၅၅ နှစ်အရွယ် ဦးသန်းထွန်းအေးလည်း ဖမ်းဆီးခံရပြီး နာရီပိုင်းအတွင်းမှာပဲ နှိက်စက်ညှဉ်းပန်းမှုကြောင့် သေဆုံးသွားခဲ့ရတယ်။ စစ်မှုထမ်းဖို့ မဲစာရင်းတွေ လိုက်ကောက်တယ်။ သေဆုံးခဲ့ရတဲ့ ဦးသန်းထွန်းအေး ဆိုသူကတော့ ရိုးရိုး ဆိုက်ကားနင်းတယ်။ စစ်မှုမထမ်းနိုင်ဘူး၊ ဘာညာ အဲဒီလိုမျိုးလေးတွေ ပြောတာပေါ့နော် တပ်ဘက်ကို။ ပြောတဲ့အခါမှာ ဘေးက သတင်းပေး တယောက်ကနေပြီးတော့ တိုင်လိုက်လို့ ချက်ချင်းလာဖမ်းပြီးတော့ နာရီပိုင်းပဲ ကြာမယ်၊ သေဆုံးသွားတယ်လို့ သိရတာ” လို့ ဧရာဝတီတိုင်းက တက်ကြွလှုပ်ရှားသူတဦးက ပြောပါတယ်။

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်က စတင် အသက်သွင်း အကောင်အထည်ဖော်လာပေမဲ့ ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက မြို့ပေါ်နဲ့ ကျေးလက်နေ ပြည်သူတွေကို အာဏာပိုင်တွေက အဓမ္မလူစုပြီး စစ်သင်တန်းတက်ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဧရာဝတီတိုင်းမှာ စစ်မှုထမ်းဖို့ မဲပေါက်သူတွေ ထွက်ပြေးရင် မိသားစုကို အရေးယူမယ်ဆိုပြီး စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက ခြိမ်းခြောက်နေတာကြောင့် စိတ်ဒုက္ခရောက်နေရတယ်လို့ စစ်မှုထမ်းဖို့ မဲပေါက်ထားတဲ့ ဒေသခံလူငယ်တွေက ဆိုပါတယ်။

ဟင်္သာတမြို့နယ် ဒေသခံတဦးက “အဲဒီလိုထွက်ပြေးရင် နောက်ကကျန်ခဲ့တဲ့ မိသားစုကို ဘာလုပ်မယ်၊ ညာလုပ်မယ် ဆိုတဲ့ဟာတွေကလည်း ပြောနေကြတယ်။ မိသားစုကို ဒုက္ခရောက်အောင် လုပ်မယ်တို့၊ ဘာတို့က အဲဒါတွေလည်း အများကြီးရှိပါတယ်။ လုံးဝကို ကျဉ်းထဲကျပ်ထဲ ရောက်နေတာ။ ဘယ်လိုမှ မထွက်သာဘူး ဖြစ်နေတာ။ ဘာမှကိုလုပ်လို့လည်း မရဘူး။ ဒီစိတ်ကြီးနဲ့ပဲ နေနေရတော့” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ မဲပေါက်ပြီး စစ်မှုမထမ်းလိုသူတွေကို အုပ်ချုပ်ရေးမှူးတွေက လူတဦးကို ကျပ် ၁၅၀,၀၀၀ ကနေ ရာဂဏန်းထိ တောင်းယူနေတာကြောင့် ရွေးချယ်စရာ နည်းလမ်းမရှိဘဲ ဒုက္ခမျိုးစုံ ခံစားနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013