DVB Logo
Home
မြန်မာသတင်း
ကျောက်ဖြူမြို့က နေအိမ် ၂၀၀ နီးပါးကို စစ်ကောင်စီတပ် ဖျက်ဆီး
DVB
·
April 15, 2024
ကျောက်ဖြူမြို့က နေအိမ် ၂၀၀ နီးပါးကို စစ်ကောင်စီတပ် ဖျက်ဆီး
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ပေါ်က ကုလားပိုက်ဆိပ်ရပ်ကွက်မှာရှိတဲ့ မီးလောင်ကွင်းစုက နေအိမ် ၂၀၀ နီးပါးကို စစ်ကောင်စီတပ်သားတွေက ဧပြီ ၁၂ ရက်နေ့ ညနေ ၃ နာရီလောက်မှာ ဘတ်ဟိုးတစီးနဲ့ အတင်းအဓမ္မ ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီ ရဲ၊ စစ်သား၊ လဝက၊ ထွေအုပ်နဲ့ စည်ပင်ဝန်ထမ်းတွေဟာ ကုလားပိုက်ဆိပ်ရပ်ကွက်က အိမ်တွေကို ကျူးကျော်နယ်မြေတွေ ဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အတင်းအဓမ္မ ဝင်ရောက်ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

“သူတို့က ဒီရပ်ကွက်က ကျူးကျော်ရပ်ကွက်ဖြစ်တယ်ဆိုပြီးတော့ အတင်းအဓမ္မဝင်ပြီးတော့ ဖျက်တာ၊ ဒီမှာနေနေကြတာ နှစ်ပေါင်း ဆယ်စုနှစ်ကျော်နေပြီ၊ တစ်ယောက်မှ ကျူးကျော် မဟုတ်ဘူး။ အတင်းအဓမ္မဝင်ရောက်ဖျက်ဆီးတာ သူတို့မှာ အာဏာရှိတယ်ဆိုပြီး ပြည်သူကို နိုင်ထက်စီးနင်းလုပ်နေတာ” လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ကုလားပိုက်ဆိပ်ရပ်ကွက်ကို ဧပြီ ၁၃ ရက်နေ့ မနက် ၁၀ နာရီမှာလည်း စစ်ကား၊ ရဲကားတွေနဲ့ လာရောက်ပြီးတော့ ကျန်ရှိနေသေးတဲ့ အိမ်တွေကိုပါ ဖျက်ဆီးခဲ့ပြီး တအိမ်မကျန် ဖြိုဖျက်သွားမယ်ဆိုပြီး အိမ်ရှင်တွေကိုပါ ခြိမ်းခြောက်သွားတယ်လို့ ဆိုပါတယ်။

“ဒီနားမှာရှိတဲ့ အိမ်တွေအကုန်လုံးကို ဖျက်ရမယ်၊ မင်းတို့ကိုယ်တိုင် ဖျက်ရင်ဖျက် မဖျက်ရင် သူတို့ ဖျက်မယ်။ ကျုးကျော်ဖြစ်တယ်ဆိုပြီးတော့ ကျနော်တို့ကို နေရာကနေ ဖယ်ခိုင်းတယ်။ ကျနော်တို့က ကျူးကျော်လည်း မဟုတ်သလို ဒီမှာနေပြီး လုပ်ကိုင်စားသောက်နေကြတာ။ အခုအိမ်တွေ တအိမ်မကျန်ဖျက်ပြီးရင် ဘယ်နေရာမှာ နေရမှာလဲ နေစရာလည်း မရှိဘူး။ ကျနော်တို့ အိမ်ခြေယာမဲ့ဘဝကို ရောက်သွားကြတော့မယ်” လို့ အမည်မဖော်လိုတဲ့ ကုလားပိုက်ဆိပ်ရပ်ကွက် ဒေသခံတဦးက ပြောပါတယ်။

ကျောက်ဖြူမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်သားတွေဟာ ရခိုင်ပိုက်ဆိပ်ရပ်ကွက်၊ ဆားပြင်ကွင်းအုပ်စုက နေအိမ် ၄၀၀ ကျော်ကိုလည်း ကျူးကျော်ဖြစ်တယ်ဆိုပြီး ဧပြီ ၁၈ ရက် အပြီးတိုင် ရွှေ့ပြောင်းပေးရမယ်ဆိုပြီး ခြိမ်းခြောက်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ ကျောက်ဖြူမြို့ပေါ် ကုလားပိုက်ဆိပ်ရပ်ကွက်က နေအိမ်တွေကို စစ်ကောင်စီက အင်အားသုံးပြီးတော့ အတင်းအဓမ္မဝင်ရောက်ဖျက်ဆီးတဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရရှိဖို့ ကျောက်ဖြူမြို့နယ်က မြို့နယ်အုပ်ချူပ်ရေးမှူးကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အဆက်အသွယ် မရခဲ့ပါဘူး။

ပြီးခဲ့တဲ့ မတ် ၂၀ ရက်ကလည်း ကျောက်ဖြူမြို့က ဂူတာမော်ပိုက်ဆိပ်ရပ်ကွက်က နေအိမ် ၆၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီးတော့ နေအိမ်တွေ မီးမလောင်ခင် စစ်ကောင်စီက နေအိမ်တွေကို အတင်းအဓမ္မဖယ်ရှားခိုင်းတာရှိခဲ့တယ်လို့ သိရပါတယ်။

ကျောက်ဖြူမြို့မှာ လက်ရှိအချိန် တိုက်ပွဲတွေဖြစ်ပွားခြင်းမရှိပေမဲ့ စစ်ကောင်စီတပ်သားတွေဟာ ကျောက်ဖြူမြို့ အဝင်အထွက်တွေကို လုံခြုံရေးတင်းကျပ်စွာချထားတာ ရေကြောင်း၊ ကုန်းကြောင်း၊ လေကြောင်းခရီးစဥ်အားလုံးကို ပိတ်ထားပါတယ်။

ဒါ့အပြင် ကျောက်ဖြူမြို့တွင်းမှာရှိတဲ့ ပြည်သူတွေကို ဖမ်းဆီးနေတဲ့အပြင် အနီးအနား ကျေးရွာတွေနဲ့ လမ်းတွေမှာပါ မိုင်းထောင်တာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီက ပြည်သူလူထု ပိုင်ဆိုင်တဲ့ နေအိမ်တွေ အပါအဝင်၊ စျေး၊ ကျောင်း၊ ဆေးရုံ၊ လမ်း၊ တံတားနဲ့ သမိုင်းဆိုင်ရာယဥ်ကျေးမှုဆိုင်ရာ အမွေအနှစ်တွေအားလုံးကို ရည်ရွယ်ချက်ရှိရှိနဲ့ ဖျက်ဆီးနေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013