DVB Logo
Home
မြန်မာသတင်း
ချစ်ကြည်ရေးတံတား၌ စစ်ကောင်စီတပ်များဆက်လက်ခိုအောင်းနေ၊ ထိုင်းစစ်တပ် အနီးကပ် စောင့်ကြည့်
DVB
·
April 14, 2024
ချစ်ကြည်ရေးတံတား၌ စစ်ကောင်စီတပ်များဆက်လက်ခိုအောင်းနေ၊ ထိုင်းစစ်တပ် အနီးကပ် စောင့်ကြည့်
1 / 8
Donate to DVB

ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအမှတ် (၂)  မြဝတီဘက်မှာ  ခလ၇ ၂၇၅  ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဆက်လက်ခိုအောင်းနေတဲ့အတွက် ထိုင်းနိုင်ငံ မဲဆောက်ဘက်မှာ ထိုင်းစစ်တပ်က အထူးလုံခြုံရေးတင်းကျပ် စောင့်ကြည့်နေပါတယ်။

သောင်ရင်းမြစ်ကမ်း ထိုင်းနိုင်ငံ မဲဆောက်ဘက်ခြမ်းမှာ ဧပြီ ၁၄ ရက် မနက်ပိုင်းက ထိုင်းစစ်တပ် ဒေသကွပ်ကဲရေးဗျူမှူးကိုယ်တိုင် ကြီးကြပ်ပြီး သံချပ်ကာကားတွေအပါအဝင် လက်နက်အပြည့်အစုံနဲ့ ထိုင်းလက်နက်ကိုင်တပ်ဖွဲ့တွေ စောင့်ကြည့်နေကြတာပါ။

မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ စခန်းကို KNLA နဲ့ ပူးပေါင်းတပ်တွေရဲ့ စခန်းသိမ်းတိုက်ပွဲ ကြောင့် စစ်ကောင်စီတပ်က အရာရှိနဲ့ တပ်သား ၂၀၀ လောက်ဟာ  ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားအမှတ် (၂) တံတားဝင်းအတွင်း လက်နက် အပြည့်အစုံနဲ့ ခိုအောင်းနေတာ ၄ ရက်တိတိ ပြည့်သွားပြီဖြစ်ပါတယ်။

ထိုင်းနိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်နယ်မြေထဲ တိုက်ပွဲတွေ ဝင်မလာအောင် အနီးကပ်စောင့်ကြည့်နေတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ပရီဖဟီထနားနုကွန်းက ဧပြီ ၁၂ ရက်က မဲဆောက်မြို့ကိုရောက်လာပြီး သတင်းထောက်တွေကို ပြောပါတယ်။

“ဒီကနေ့ ထိုင်းတပ်မတော်ဟာ နယ်စပ်တလျှောက် အခိုင်အမာနေရာယူဖို့ တပ်ဖွဲ့တွေ ချထားတာ ခင်ဗျားတို့ မြင်တွေ့ရပါလိမ့်မယ်။ ကျုပ်တို့ အချုပ်အခြာအာဏာပိုင်တဲ့နေရာကို တိုက်ပွဲတွေ ဝင်မလာအောင် ကျနော်တို့ အနီးကပ်စောင့်ကြည့်နေပါတယ်။”

မြန်မာစစ်သားတွေ ထိုင်းဘက်ပြေးချင်ရင် လက်နက်ချ၊ အရပ်ဝတ်လဲမှ ပေးဝင်မှာ ဖြစ်ပြီး ဧပြီ ၁၂ ရက်နေ့ အထိ တောင်းဆိုတာ မရှိသေးဘူးလို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

“ခုထိတော့ (ထွက်ပြေးလာတဲ့မြန်မာစစ်သားတွေဆီက) တောင်းဆိုတာမရှိသေးပါဘူး။ ဒုတိယအချက်ကတော့၊ မြန်မာစစ်သားတွေ အန္တရာယ်ကြောင့် ထိုင်းဘက်ကို ပြေးချင်ရင် ဒီအတွက် ရှင်းလင်းတဲ့လုပ်ထုံးလုပ်နည်းရှိပါတယ်။  လူသားချင်းစာနာထောက်ထားမှု ပုံစံအရ နယ်စပ်ကို ဖြတ်ကျော်ပြီး ဝင်ခွင့်မပေးခင် သူတို့လက်နက်တွေချရမယ်၊ အရပ်သားဝတ်စုံလဲဝတ်ရမယ်။”

မြန်မာနိုင်ငံဘက်မှာ အကြမ်းဖက်တာတွေ မမြင်တွေ့လိုတဲ့အကြောင်းနဲ့  နှစ်ဖက် ဆွေးနွေးညှိနှိုင်းချင်ရင် အကျိုးဆောင်အဖြစ်ဆောင်ရွက်ပေးလိုတယ်လို့လည်း ပြောပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးက“ကျနော်တို့က မြဝတီမှာ ငြိမ်းချမ်းတာပဲ မြင်ချင်ပါတယ်။ ဒါကသူတို့နဲ့ ကုန်သွယ်ရေးရှိလို့မဟုတ်ဘဲ အိမ်နီးချင်းနိုင်ငံဖြစ်နေလို့ပါ၊ အကြမ်းဖက်တာတွေ မမြင်ချင်သလို သူတို့အချင်းအချင်း ညှိနှိုင်းပြောဆိုတာပဲ မြင်ချင်ပါတယ်။ သူတို့ဆန္ဒရှိရင် ကျနော်တို့ကို အကျိုးဆောင်အနေနဲ့ သုံးလို့ရပါတယ်။”

နယ်စပ်မြို့ မြဝတီကို မြန်မာစစ်တပ်က ဆုံးရှုံးလိုက်ရပြီးတဲ့နောက် မြန်မာ ပြည်သူတွေ အလုံးအရင်းနဲ့ ထိုင်းနိုင်ငံထဲ ဝင်လာမယ့်အပေါ်မှာလည်း ပြင်ဆင်ထားတယ်လို့လည်းဆိုပါတယ်။

“နယ်စပ်တလျှောက်မှာ တိုက်ခိုက်မှုတွေ ဖြစ်လာပြီး နယ်စပ်ဧရိယာတလျှောက်နေထိုင်တဲ့ ထိုင်းလူမျိုးတွေအပေါ် သက်ရောက်မှုရှိရင်၊ သူတို့ကို ကူညီဖို့ အဆင်သင့်ပြင်ထားပါတယ်။ ခိုလှုံဖို့ နေရာတွေ ပြင်ထားပါတယ်။ စစ်ပွဲကနေထွက်ပြေးလာပြီး ထိုင်နိုင်ငံထဲမှာ ခိုလှုံချင်တဲ့ မြန်မာနိုင်ငံသားတွေအတွက်လည်း ခိုလုံဖို့နေရာတွေ ပြင်ထားပါတယ်။ တာ့ခ်ခရိုင်ထဲမှာ နေရာ ၁၂၃ နေရာ ပြင်ဆင်ထားပါတယ်။”

မြန်မာဘက်ကမှာ တိုက်ခိုက်မှုတွေကြောင့် လမ်းတွေ ပိတ်လိုက်ရတဲ့အခြေအနေမှာ သမားရိုးကျမဟုတ်တဲ့ ကုန်သွယ်ရေးလမ်းကြောင်းသစ်တွေလည်း စဉ်းစားထားတယ်လို့ ထိုင်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

“လက်ရှိမှာ ကျနော်တို့အပေါ် သက်ရောက်မှုရှိတာက အသစ်အဆန်းတော့မဟုတ်ပါဘူး။ နယ်စပ် ကုန်သွယ်ရေးပမာဏက သိသိသာသာလျော့သွားပါတယ်။ ဒါကလည်း ကိုဗစ်ကာလကတည်းက ကျသွားတာပါ။ ဒီကနေ့မှာ အခြေအနေမရေရာတာကြောင့် ကုန်သွယ်ရေးကို သက်ရောက်မှု ရှိပါတယ်။ မြဝတီမှာ ပြန်ငြိမ်းချမ်းရင်တော့ ကုန်သွယ်ရေးက ပုံမှန်ပြန်ဖြစ်လာမှာပါ။”

မဟာဗျူဟာကျတဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းလည်းဖြစ်တဲ့ မြဝတီမြို့နယ်ရှိ ခလရ ၂၇၅ ကို  KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက  ဧပြီ ၁၁ ရက်မှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ 

မြဝတီ အမှတ် ၂ ချစ်ကြည်ရေးတံတားအနီးမှာ ခိုလှုံနေတဲ့ ရာနဲ့ချီတဲ့ စစ်ကောင်စီ တပ်သားတွေကို မတ်လ ၁၂ ရက်နေ့က ဒရုန်းတွေနဲ့ တိုက်ခိုက်မှုတွေလည်း ရှိခဲ့ပါတယ်။

ချစ်ကြည်ရေးတံတားဖွင့်ထားပေမဲ့  စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက  လက်နက်အပြည့်စုံနဲ့ နေရာယူထားတာကြောင့် နှစ်ဖက်ကုန်သွယ်မှု မရှိသလောက် ဖြစ်နေပါတယ်။

ကရင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့  KNLA ပူးပေါင်းတပ်တွေ နေ့စဉ် တိုက်ပွဲဖြစ်ကြပါတယ်။ ကြာအင်းဆိပ်ကြီး ကျိုက်ဒုံအရှေ့ဘက် ဖိုးချေ့မှုစခန်း၊ ထီးကပလယ်စခန်းနဲ့ ဆွယ်တော်ကုန်း စခန်းသိမ်းတိုက်ပွဲတွေလည်း ဆက်လက်ဖြစ်ပွားနေပါတယ်။

မြဝတီမြို့စောင့်တပ်ကို စစ်ကူပေးဖို့  ကော့ကရိတ်မြို့နယ်ကို  ဝင်ရောက်လာနေတဲ့ စစ်ကောင်စီတပ်တွေနဲ့လည်း တော်လှန်ရေးတပ်တွေ နေ့စဉ်လိုလို တိုက်ပွဲတွေ ဖြစ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013