DVB Logo
Home
Lead Story
စစ်မကောင်းဆိုးဝါးတို့ရဲ့ မသာအိမ်က အမင်္ဂလာသင်္ကြန်ပွဲ
DVB
·
April 13, 2024
စစ်မကောင်းဆိုးဝါးတို့ရဲ့ မသာအိမ်က အမင်္ဂလာသင်္ကြန်ပွဲ
Donate to DVB

လောက ၃ ပါးအနက်က သတ္တလောကမှာ မကောင်းဆိုးဝါး သတ္တဝါအမျိုးမျိုး ရှိပါတယ်။ သရဲ တစ္ဆေ စုန်းကဝေ မှင်စာ ပြိတ္တာ ဘီလူး ယက္ခ နတ်ဆိုး စတဲ့ အနိမ့်ဘုံသားတွေ၊ မကျွတ်လွတ်‌သေးတဲ့ ပရလောကသားတွေရှိသလို တိရစ္ဆာန်ထဲမှာလည်း ပိုပြီး ရိုင်းစိုင်းကြမ်းတမ်းတဲ့ တိရစ္ဆာန် မကောင်းဆိုးဝါးတွေ၊ လူ့လောကမှာလည်း ဆိုးရွားယုတ်မာရက်စက်တဲ့ စိတ်ရိုင်းတွေနဲ့ ကိုယ်ချင်းစာတရားမဲ့သူ၊ မေတ္တာတရား လုံးဝမရှိတဲ့ လူမကောင်းဆိုးဝါးတွေလည်း ရှိကြပါတယ်။

အဲဒီလို မကောင်းဆိုးဝါးအမျိုးမျိုးထဲမှာ နှလုံးသားထဲ ယုံကြည်မှုသဒ္ဓါတရား မှန်မှန်ကန်ကန်မရှိဘဲ လက်တဖက်က မကောင်းမှုတွေကျူးလွန်၊ နောက်လက်တဖက်က ဘုရားတည် ထီးတင် စတဲ့ လူပြိန်းကြိုက် သာသနာပြုရင်း လုယက် ဓားပြတိုက် ပြည်သူကို ဗုံးကြဲ မီးရှို့ သတ်ဖြတ်နေတဲ့ စစ်အာဏာမကောင်းဆိုးဝါးတွေနဲ့ ကပ်ပါးတွေဟာ အဆိုးရွားဆုံး အယုတ်ညံ့ဆုံး အနိမ့်ကျဆုံး မကောင်းဆိုးဝါးမျိုးလို့ပဲ သတ်မှတ်ရမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သရဲတစ္ဆေ မကောင်းဆိုးဝါးတွေ၊ အဟိတ်တိရစ္ဆာန် မကောင်းဆိုးဝါး ဆိုတာဟာ တဦးတယောက်ချင်း၊ တဖွဲ့ချင်းကိုသာ ခြောက်လှန့်‌နှောင့်ယှက် ဒုက္ခပေးတတ်ပေမဲ့ စစ်အာဏာမကောင်းဆိုးဝါးနဲ့ နောက်တော်ပါကပ်ပါး မကောင်းဆိုးဝါးတွေကတော့ လူသားမျိုးနွယ်နဲ့ချီ၊ တိုင်းပြည်နဲ့ချီပြီး လူသန်းပေါင်းများစွာကို ဆင်းရဲဒုက္ခကြီးစွာ ပေးတတ်ပါတယ်။

ဥပမာပေးရရင် ဒုတိယကမ္ဘာစစ်အတွင်း ဂျာမနီက နာဇီအာဏာရှင် မကောင်းဆိုးဝါး ဟစ်တလာဟာ ဂျုးလူမျိုး ၆ သန်းကို အဆိပ်ဓာတ်ငွေ့ပေး သတ်ဖြတ်တဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့တာ အားလုံးအသိ ဖြစ်ပါတယ်။ အလားတူပဲ ၁၉၇၅ ကနေ ၁၉၇၉ ခုနှစ်အတွင်း ကမ္ဘောဒီးယားနိုင်ငံက ခမာနီအဖွဲ့က ပိုပေါ့ဆိုတဲ့ ကွန်မြူနစ်အာဏာရှင် မကောင်းဆိုးဝါးကြောင့် ကမ္ဘောဒီးယားပြည်သူ ၃ သန်းနီးပါးဟာ အကြင်နာမဲ့စွာ အသတ်အဖြတ် ခံခဲ့ကြရပါတယ်။

မကောင်းဆိုးဝါး မင်းအောင်လှိုင်တို့ စစ်တိရစ္ဆာန်တသိုက်ကတော့ မြန်မာပြည်သူ သန်း ၅၀ ကျော်ရဲ့ ဘဝနဲ့ အနာဂတ်ကို ရမ်းကားရက်စက်စွာ ဖျက်ဆီးခဲ့ရုံသာမက စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ပြီး တိုင်းပြည်ရဲ့ အနာဂတ်ခေါင်းဆောင်လောင်း လူငယ်လူရွယ် အညွန့်အဖူးတွေကို သူတို့ရှင်သန်ဖို့အတွက် စစ်ပွဲတွေမှာ အသေခံခိုင်းနေကြတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် မကောင်းဆိုးဝါး စစ်အခွင့်ထူးခံတွေ ရှိနေသ၍ အာဏာရှင်စနစ် မထောက်ခံသူ‌ ဖြစ်ဖြစ်၊ ထောက်ခံသူဖြစ်ဖြစ် ဘယ်မြန်မာနိုင်ငံသားတိုင်းရဲ့ အသက်ဘဝမှ မလုံခြုံနိုင်တော့ပါဘူး။

တကယ်တော့ မကောင်းဆိုးဝါးဆိုတာ သူတို့ရဲ့ နှလုံးသားထဲမှာ ကိုယ်ချင်းစာတရား၊ အကြင်နာ မေတ္တာစိတ် ကင်းမဲ့သွားပြီး ရင်ဘတ်ထဲမှာ ဘုရားနဲ့ တရား လုံးဝမရှိတော့တဲ့ သတ္တဝါတွေသာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို တမင်ဖျက်ဆီးခဲ့ကြတဲ့ မကောင်းဆိုးဝါး သတ္တဝါ မင်းအောင်လှိုင်တို့ဟာ အယောင်ပြ သာသာနာပြုအလုပ်တွေဖြစ်တဲ့ ဘုရားတည်၊ ထီးတင်၊ ပရိတ်ရွတ်ခိုင်း၊ ယတြာခြေခိုင်းတာတွေ အားလုံးဟာ အနှစ်သာရမပါတဲ့ မစင်တုံးထက်မှာ ရွှေဖုံးတဲ့ လုပ်ရပ်မျိုးတွေပါပဲ။

အခုလည်း မြန်မာ့နှစ်သစ်ကူးမှာ ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းဖို့ ခေါင်းစဉ်တပ်ပြီး တနိုင်ငံလုံး သွေးချောင်းစီး သတ်ဖြတ်နေတဲ့ အချိန်မှာ တိုင်းပြည်အေးချမ်းနေသယောင် နှစ်ကူးရိုးရာသင်္ကြန်ကို စည်ကားသိုက်မြိုက်အောင် ကျင်းပတယ်ဆိုတာ စစ်မကောင်းဆိုးဝါးတို့ရဲ့ မသာအိမ်မှာ ကျင်းပတဲ့ အမင်္ဂလာသင်္ကြန်ပွဲလို့ပဲ သတ်မှတ်ရမှာ ဖြစ်ပါတယ်။

မြန်မာပြက္ခဒိန်ရဲ့ ၁၂ လမှာ ပထမဆုံးလဖြစ်တဲ့ တန်ခူးလဆိုတာ ထန်းခူးတဲ့လမို့ ထန်းခူး ကနေ တန်ခူးလလို့ ခေါ်တွင်ခဲ့ပုံရတယ်လို့ မြန်မာပညာရှင် ဆရာကြီး ဦးဖိုးလတ်ကို မိန့်ဆိုခဲ့သလို မိန်ရာသီကနေ မိဿရာသီပြောင်းတဲ့ အတာကူးတဲ့လမို့ တာကူးလကနေ တန်ကူး နောက်‌တော့ တန်ခူးလလို့ ကာလရွေ့လျော ခေါ်တဲ့သဘောမျိုး လှေအသင်းအတွင်းဝန်ကလည်း မိန့်ဆိုပြန်ပါတယ်။

အဲဒီ တန်ခူးလ အခါသမယမှာ ပုံမှန်ဆိုရင်တော့ အတာရေသဘင် ဆင်နွှဲပြီး နှစ်ကူးသင်္ကြန်ပွဲကို ကျင်းပကြတာဟာ မြန်မာနိုင်ငံမှာ ပုဂံခေတ်ကတည်းက စတင်ခဲ့တယ်လို့ ဆိုပါတယ်။  နှစ်ဟောင်းက အညစ်အကြေးတွေ၊ အကုသိုလ် အပြစ်ဟောင်းတွေကို ဆေးကြောသန့်စင်ဖို့ ရည်ရွယ်ချက်နဲ့ သင်္ကြန်ရေပက်ဖျန်းကြပါတယ်။ မုန့်လုံးရေပေါ်၊ ရွှေရင်အေး၊ သင်္ကြန်ထမင်း စတဲ့ အကျွေးအမွေး အလှူအတန်းတွေ ပြုကြ၊ သက်ကြီးရွယ်အိုတွေကို ခေါင်းလျှော်၊ ရေချိုး၊ လက်သည်းညှပ်ပေးတဲ့ ကုသိုလ်တွေပြုကြ၊ တိရစ္ဆာန်တွေကို ဘေးမဲ့ပေးတဲ့ ဇီဝိတဒါနပြုတာ ငါးလွှတ်တာတွေ ပြုကြပါတယ်။

အာဏာလု စစ်မကောင်းဆိုးဝါးတွေ ဦးစီးပြီး တမင်စည်ကားသယောင် ဝါဒဖြန့်ကျင်းပမယ့် အမင်္ဂလာသင်္ကြန်ကတော့ ခရိုနီသူဌေး စီးပွားရေးလုပ်ငန်းရှင်တွေကို လည်ပင်းညှစ်ပြီး စပွန်စာလုပ်ခိုင်း၊ မဏ္ဍပ်ဆောက်စေပြီး လူမိုက်လူရမ်းကားတွေ၊ အရှက်မဲ့တဲ့ မိန်းကလေးတွေ အဖော်အချွတ် မူးရူးကခုန် ပျော်ပါးကြတဲ့ သရုပ်ပျက် ရေကစားပွဲမျိုးသာ တွေ့ရမှာဖြစ်ပါတယ်။

တဖက်မှာ ပြည်သူလူထုနဲ့ လူငယ်လူရွယ်တွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ မရပ်မနား ပြု‌နေရင်း အရပ်သားအိမ်ခြေ မြို့ရွာတွေအပေါ် ဗုံးကြဲ၊ လက်နက်ကြီးနဲ့ထု စတဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတာတွေ မရပ်ဘဲ တဖက်မှာ တိုင်းပြည်အေးချမ်းသာယာနေသယောင် အပျော်အပါး ပွဲလမ်းသဘင်တွေ၊ ရိုးရာဓလေ့ပွဲလမ်းတွေ ကျင်းပတယ်ဆိုတာ ဘယ်လိုမှ မင်္ဂလာမရှိနိုင်ဘဲ အသုဘအိမ်မှာ ဇွတ်လုပ်တဲ့ အမင်္ဂလာ ပွဲလမ်းသဘင်တွေမို့ ကိုယ်ချင်းစာတရားမဲ့တဲ့ မကောင်းဆိုးဝါးတွေ ပျော်ပါးမြူးတူးတဲ့ပွဲလို့သာ သတ်မှတ်နိုင်ပါတယ်။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် အိုးမဲ့အိမ်မဲ့ စစ်ဘေးရှောင်ဒုက္ခသည် ၃ သန်းနဲ့အတူ စစ်ဖိနပ်အောက်မှာ စီးပွားပျက်ကပ် ဆိုက်ခဲ့ရတာမို့  ငတ်မွတ်ဆင်းရဲခြင်းဒဏ် ခံနေရတဲ့ မြန်မာပြည်သူအများစု မပျော်ပါးနိုင်ဘဲ အသက်ဘေးအန္တရာယ် ကြုံတွေ့နေကြရတဲ့ ၂၀၂၄ သင်္ကြန်ဟာ သိကြားမင်းတောင် ဒရုန်းစီးပြီး ဆင်းလာမှာလို့ လှောင်ပြောင်နေကြရတာမို့ စစ်မကောင်းဆိုးဝါးတွေနဲ့ လူလိုမသိတတ်တဲ့ စစ်ကပ်ပါး လူနည်းစုတွေသာ မြူးထူး မူးရူးကြမှာမို့ မသာအိမ်ရဲ့ မကောင်းဆိုးဝါး အမင်္ဂလာသင်္ကြန်ပွဲပဲ ဖြစ်ပါတယ်။

အမှန်တရားမြတ်နိုးပြီး မတရားမှုကို လက်မခံကြတဲ့ မြန်မာပြည်သူ အများစုကတော့ နွေဦးတော်လှန်ရေး အောင်မြင်စေဖို့ ပေးဆပ်ကြိုးပမ်းနေကြရတာမို့ မိသားစုတွေ လူမစုံနိုင်၊ သားသမီးတွေအတွက် ပူပန်ကြောင့်ကြနေရတာမို့ စစ်ဓားပြဂိုဏ်းက ကျင်းပမယ့် မကောင်းဆိုးဝါး အမင်္ဂလာသင်္ကြန်ကို ပါဝင်ဆင်နွှဲကြမှာမဟုတ်ဘဲ ဝေးဝေးကနေ စက်ဆုတ်ရွံရှာစွာ ရှောင်ရှားကြမှာ ဖြစ်ပါတယ်။ အခုချိန်အခါမှာတော့ စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းပြီး နောင်နှစ်တွေမှာ တတိုင်းတပြည်လုံးက ပြည်သူအများစု ပါဝင်ဆင်နွှဲနိုင်မယ့် စစ်မှန်တဲ့ မြန်မာ့ရိုးရာ နှစ်သစ်ကူး မင်္ဂလာသင်္ကြန်မျိုး ကျနိုင်မှသာ လိပ်ပြာသန့်သန့် သိက္ခာရှိရှိ အတိုးချလို့ ပါဝင်ဆင်နွှဲနိုင်အောင် အားခဲရည်သန်လို့ ဇွဲနဘဲကြီးစွာ ပေးဆပ် တော်လှန်တိုက်ပွဲ ဝင်နေကြဆဲအချိန် ဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013