
ထိုင်းနှစ်သစ်ကူး ဆုန်ကရန် ရေကစားပွဲမှာ ထိုင်းလူမျိုးတွေနဲ့အတူ နိုင်ငံခြားသားတွေနဲ့အတူ ထိုင်းရောက် သန်းနဲ့ချီတဲ့ မြန်မာ ရွှေ့ပြောင်းလုပ်သားတွေလည်း နေရပ်မပြန်နိုင်သေးတဲ့အချိန် ပါဝင်ဆင်နွှဲ ဖြတ်သန်းခဲ့ကြပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်အပါအဝင် ချင်းမိုင်မြို့တို့မှာ ဆုန်ကရန်ပွဲတော်ကို ဧပြီ ၁၃ ရက်ကနေ ၁၅ ရက်အထိ စည်စည်ကားကား ကျင်းပခဲ့ပါတယ်။
ဧပြီ ၁၀ ရက် ညနေကတည်းက ချင်းမိုင်မြို့က လမ်းမတွေမှာ ရေကစားခဲ့ကြပြီး၊ ဧပြီ ၁၃ ရက်မှာ ဂီတပွဲတော်တွေ၊ ဆုန်ကရန် အလှပြယာဉ် လှည့်လည်ပွဲနဲ့ မြန်မာရိုးရာ ယိမ်းအကတွေလည်း ပါဝင်ခဲ့ပါတယ်။
ဒီပွဲတော်မှာ ထိုင်းလူမျိုးတွေနဲ့အတူ မြန်မာ၊ လာအို၊ ဗီယက်နမ် ရွှေ့ပြောင်းအလုပ်သမားတွေ၊ ထိုင်းရောက် မြန်မာ သန်းနဲ့ချီဟာလည်း ဒီနှစ်မှာ နိုင်ငံရေး အခြေအနေတွေကြောင့် အများစုက နေရပ်မပြန်နိုင်ကြသေးဘဲ ထိုင်း ဆုန်ကရန် ပွဲတော်မှာ ပါဝင် ဆင်နွှဲခဲ့ပါတယ်။
ချင်းမိုင်ရောက် မြန်မာလူငယ် ကိုဘိုဘိုက “အခုလောလောဆယ် ကျနော့် အမြင်အရတော့ ဆုန်ကရန်ကို သူတို့ သိမ်သိမ်မွေ့မွေ့ ကျင်းပကြတာ အဆင်ပြေတယ်။ ပြီးတော့ အတုယူစရာလည်း ကောင်းတယ်။ ဘာလို့လဲဆိုတော့ လုံးဝ Safe drive အန္တရာယ်ကင်းကင်း မောင်းကြတယ်။ Not drinking အရက်သေစာ မသောက်စားကြတာပေါ့။ အဲဒါတော့ ကောင်းပါတယ်။ မြန်မာပြည်ကို ပြန်ချင်တယ်။ ပြန်ပြီးတော့လည်း ကဲချင်တယ်။ ကိုယ့်ရဲ့ သင်္ကြန်ကို ပါဝင် ဆင်နွှဲတာ ပိုအဆင်ပြေတယ်။ ပိုပြီးတော့ ကောင်းတယ်။ ဆုန်ကရန်လည်း ပျော်ပါတယ်။ ပိုပြိးတော့ safe ဖြစ်တယ် ခံစားရတယ်။ အဖြစ်ချင်ဆုံး ဆန္ဒကတော့ မိသားစုဆီ ပြန်သွားချင်တယ်။ မိသားစုနဲ့ပြန်ဆုံပြီး အတူတူ ချစ်ရတဲ့သူတွေနဲ့ အတူတူ ရှိပေးစေချင်တယ်။ အခုလို သင်္ကြန်ပွဲတော်ကို မိသားစု ဆုံဆုံညီညီ ဆင်နွှဲစေချင်တယ်”လို့ ပြောပါတယ်။
ဆုန်ခရန်ကာလအတွင်း ထိုင်းအစိုးရက “အန္တရာယ်ရှိတဲ့ ၇ ရက်” အဖြစ် သတ်မှတ်ပြီး ယာဉ်မတော်တဆမှု လျော့နည်းအောင် တင်းတင်းကျပ်ကျပ် စစ်ဆေးခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေကထက် ဆုန်ခရန် ကာလမှာ မူးယစ်သောက်စား ယာဉ်မောင်းနှင်တာတွေကို အထူး ကျပ်မတ်ခဲ့ပါတယ်။
စစ်အာဏာသိမ်းမှုအောက် ၅ နှစ်ကျော် ခြောက်ကပ်စွာ ဖြတ်သန်းခဲ့ရတဲ့ မြန်မာ သင်္ကြန်ပွဲဟာလည်း ဒီနှစ်မှာ ပြန်စည်ကားခဲ့ပြီး၊ စစ်အာဏာရှင်က အရပ်သား အစိုးရအသွင်ပြောင်းကာ တိုင်းပြည်ကို အုပ်ချုပ်ဖို့ လုပ်ဆောင်နေပါတယ်။
ခရီးသွား ဧည့်သည်တယောက်ဖြစ်တဲ့ မနွေဦးက “ကိုဗစ် မတိုင်ခင်နဲ့ ကိုဗစ် ပြီးသွားကတည်းက သင်္ကြန်ဆိုတာကြီးက crisis (အကျပ်အတည်းတွေ) ကြားထဲမှာ ကျင်းပရတာ ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ တခြားနေရာက ပျက်စီး ဆုံးရှုံးခဲ့ရတာတွေအတွက် အများကြီး လစ်ဟာသွားတယ်။ နှစ်တွေအများကြီး မပျော်နိုင်ကြဘူး။ ဒီနှစ်မှာ အရင်ကထက် စည်ကားလာတာလည်း တွေ့ရတယ်။ ဒီအပေါ်မှာလည်း အများကြီး ကိုယ်တွေက ထိခိုက်ပြီးသွားပြီ။ တဖက်မှာလည်း ပွဲတော်တခုကို ဖြစ်နိုင်ရင် ဘယ်သူ့ကိုမဆို ပျော်ရွှင်ဖို့အတွက် တဦးတည်းအနေနဲ့ ဘယ်လောက်ပဲ ဒဏ်ရာများများ ပါဝင်လာကြတာ ဝမ်းသာပါတယ်”လို့ ပြောပါတယ်။
ထိုင်းမှာ တချို့ မြန်မာအလုပ်သမားတွေက ဆုန်ခရန်ကာလ အလုပ်ပိတ်ရက် မရတဲ့အတွက် ညဘက်မှ ရေကစား လည်ပတ်တာတွေ လုပ်ကြပါတယ်။
စစ်အာဏာသိမ်းမှု နောက်ပိုင်း ထိုင်းကို ရွှေ့ပြောင်း အခြေချသူ ပိုများလာပြီး၊ ထိုင်းဆုန်ခရန်ပွဲကို မြန်မာရွှေ့ပြောင်းတွေ ပါဝင်ဆင်နွှဲကြတာက သင်္ကြန်နဲ့ ဆင်တူတဲ့ ရေကစားပွဲ ဖြစ်တာကြောင့်လို့ ချင်းမိုင်မှာ နေထိုင်သူ ကိုပြည့်စုံက ပြောပါတယ်။
“ဒီဘက်မှာလည်း မြန်မာတွေအများကြီး ရှိနေတာ မြင်ရတော့လည်း တချို့တွေက အကြောင်း အမျိုးမျိုးနဲ့ ဒီဘက်မှာ ရောက်ပြီး သင်္ကြန်ကို ဖြတ်သန်းနေရတာပေါ့။ ကိုယ့်နိုင်ငံကို ပြန်လို့ မရတဲ့ အခြေအနေကြောင့်လည်း ဒီဘက်မှာ ရောက်တဲ့အရပ်မှာ ကိုယ်နဲ့ သဟဇာတ ဖြစ်တဲ့ ပွဲတော်တွေကို ဝင်ပြီး ဆင်နွှဲနေတဲ့သဘောပေါ့။ တချိန်ကျရင် ကိုယ့်မြန်မာနိုင်ငံကို ပြန်ပြီးတော့ မြန်မာ့ယဉ်ကျေးမှု အငွေ့အသက်တွေ ခံစားရမယ့် သင်္ကြန်ပွဲတော်ကို ပြန်ပြီး ဆင်နွှဲချင်တာပေါ့။ တရားမျှတပြီး လွတ်လပ်တဲ့ အစိုးရတရပ်ရဲ့ အောက်မှာ ဒီလိုမျိုး မြန်မာ့သင်္ကြန်ကို လွတ်လွတ်လပ်လပ်နဲ့ ပျော်ရွှင်ချင်တယ်။ အဲဒါတွေကို မျှော်လင့်နေပါတယ်။”
ထိုင်းဆုန်ကရန်ပွဲတော်ဟာ ယူနက်စကိုအမွေအနှစ်အဖြစ် ၂၀၂၃ ခုနှစ်မှာ အသိအမှတ်ပြုခံခဲ့ရပြီးနောက် နိုင်ငံတကာ ခရီးသွားတွေ ပိုဝင်လာဖို့ မျှော်မှန်းပြီး ထိုင်းအစိုးရက ရိုးရာ အငွေ့အသက်တွေနဲ့ စည်စည်ကားကား ကျင်းပနေတာ ဖြစ်ပါတယ်။
မြန်မာသင်္ကြန်ကို လွမ်းနေကြတဲ့ ထိုင်းရောက် မြန်မာတွေက ဆုန်ကရန် ရေကစားပွဲကို နေရပ် အဝေးမှာ အလွမ်းပြေ ဖြတ်သန်းနေကြတာ ဖြစ်ပါတယ်။
မြန်မာ့နိုင်ငံရေးအခြေအနေနဲ့ အကြောင်းအမျိုုးမျိုးကြောင့် ထိုင်းရောက်ရှိ နေကြတဲ့ မြန်မာတွေ ၇ သန်းနီးပါး ရှိနေပြီး၊ ဒီနှစ်မှာတော့ နိုင်ငံရေး ပဋိပက္ခနဲ့ စစ်ရေး အခြေအနေတွေကြောင့် နေရပ်ပြန်တဲ့ မြန်မာအရေအတွက် စစ်အာဏာမသိမ်းခင် ကာလထက် သိသိသာသာ လျော့နည်းသွားပါတယ်။










