
စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ တော်လှန်ရေးအဖွဲ့တွေနေနဲ့ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး နိုင်ငံရေးလမ်းကြောင်းကတဆင့် နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်း ဆောင်ရွက်သွားကြဖို့ စစ်အာဏာရှင် သမ္မတ မင်းအောင်လှိုင်က တိုက်တွန်းလိုက်ပါတယ်။
လက်နက်အားကိုးနဲ့ အာဏာသိမ်းပြီးတက်လာတဲ့ စစ်အာဏာရှင်သမ္မတက ဧပြီ ၁၇ ရက် ဒီကနေ့ကျရောက်တဲ့ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ပြောကြားရာမှာ ထည့်သွင်းပြောဆိုခဲ့တာလို့ ဒီကနေ့ထုတ် ကြေးမုံသတင်းစာမှာ ဖော်ပြပါတယ်။
အခုလို ထူးခြားတဲ့ နှစ်သစ်ကူးနေ့ထူးနေ့မြတ် အခါသမယမှာ ပြည်သူတွေလိုလားတဲ့ ဒီမိုကရေစီ အစိုးရအသစ်နဲ့ လွှတ်တော်တွေဟာလည်း ပြန်လည် အသက်ဝင်လာပြီဖြစ်ပြီး ဒီမိုကရေစီနိုင်ငံတော်သစ်အတွက် စာမျက်နှာသစ်ကို ဖွင့်လှစ်လိုက်ပြီဖြစ်တယ်၊ ဒါ့ကြောင့် ပြည်သူတွေရဲ့ လူမှုစီးပွားဘဝမြှင့်တင်ရေး၊ ထာဝရ ငြိမ်းချမ်းရေးနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတို့ကို အောင်မြင်အောင်အကောင်အထည်ဖော် ကြိုးပမ်းဆောင်ရွက်သွားနိုင်မှာဖြစ်တယ်လို့ စစ်အာဏာရှင် မင်းအောင်လှိုင်က ပြောပါတယ်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ပတ်သက်လို့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ပါ သဘောတူညီချက်တွေ အတိုင်း ဆောင်ရွက်ခဲ့ပေမဲ့ ငြိမ်းချမ်းရေးပန်းတိုင်ဟာ မဖြစ်သင့်မဖြစ်ထိုက်တဲ့ ပဋိပက္ခတွေကြောင့် အလှမ်းဝေးနေဆဲပဲလို့လည်း ဝန်ခံပြောသွားပါတယ်။
လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နိုင်ငံမှာဖြစ်ပေါ်ခဲ့ရတဲ့ ထိခိုက် ဆုံးရှုံးမှုတွေကို ထောက်ရှုပြီး နိုင်ငံတည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် သူ့ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းအားလုံး လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး နိုင်ငံရေးလမ်းကြောင်းက တဆင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်း ဆောင်ရွက်သွားကြဖို့ တိုက်တွန်းသွားပါတယ်။
သူ့အစိုးရအဖွဲ့အနေနဲ့ ငြိမ်းချမ်းရေးတံခါးကို ထာဝရဖွင့်ထားပြီး လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းရေးနဲ့ ထာဝရငြိမ်းချမ်းရေး အတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်းနဲ့ ပြည်တွင်းစည်းလုံး ညီညွတ်မှုကို နည်းမျိုးစုံနဲ့ ဖြိုခွဲပြီး တိုင်းပြည်ကို ဒုက္ခရောက်အောင် လုပ်ဆောင်နေကြတဲ့ ပြည်တွင်း ပြည်ပ ပယောဂတွေနဲ့ အဖျက်အမှောင့် အန္တရာယ်ကို သတိတရားနဲ့ မှန်မှန်ကန်ကန် ရှုမြင် သုံးသပ်ကြဖို့ အလွန်အရေးကြီးကြောင်းလည်း ပြောသွားပါတယ်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ အရင်ကလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေ လက်နက်စွန့်ပြီး နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ မကြာခဏတိုက်တွန်း ပြောကြားလေ့ရှိတာဖြစ်ပါတယ်?
စစ်အာဏာရှင်ဟာ တဖက်မှာ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့နဲ့ ငြိမ်းချမ်းရေးစကားတွေ ပြောနေပေမဲ့ သင်္ကြန်ကာလအတွင်းမှာတောင် ဘုန်ကြီးကျောင်း၊ စာသင်ကျောင်းနဲ့ အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေကို လေကြောင်းကနေ အကြမ်းဖက် ဗုံးကြဲတိုက်ခိုက်မှုတွေ၊ စစ်ကြောင်းထိုး ရွာမီးရှို့မှုတွေ၊ ပစ်ခတ်သတ်ဖြတ်မှုတွေ ဆက်တိုက်ကျူးလွန်နေတာ ဖြစ်ပါတယ်။
စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူပြီးတဲ့အချိန်ကနေစပြီး မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးဆွေး နွေးပွဲတွေ ရပ်တန့်သွားသလို တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) စာချုပ်မှာ လက်မှတ်ရေးထားကြတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေကလည်း အဲဒီစာချုပ်က ပျက်ပြယ်သွားပြီလို့ ပြောပါတယ်။
NUG ယာယီသမ္မတ ဒူဝါလရှီးလ ကတော့ နွေဦးတော်လှန်ရေး အောင်မြင်ဖို့အတွက် ညီညွတ်မှုက အဓိက သော့ချက်တဲ့အကြောင်းနဲ့ တော်လှန်ရေး အင်အားစုတွေ ပိုမိုညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြဖို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) တည်ထောင်မှု ၅ နှစ်ပြည့် အထိမ်းအမှတ်နေ့ မိန့်ခွန်းမှာ ပြောကြားထားပါတယ်။










