DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-မော်လမြိုင်ရထား ပြန်ပြေးဆွဲ၊ ခရီးသည်အနည်းငယ်သာ လိုက်ပါ
DVB
·
April 12, 2024
ရန်ကုန်-မော်လမြိုင်ရထား ပြန်ပြေးဆွဲ၊ ခရီးသည်အနည်းငယ်သာ လိုက်ပါ
Donate to DVB

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ တံတားဦးကျေးရွာနားမှာ မီးရထားလမ်း မိုင်းခွဲခံရပြီး ရပ်ဆိုင်းထားတဲ့ ရန်ကုန်-မော်လမြိုင် ရထားပြေးဆွဲမှုကို ဧပြီ ၁၂ ရက်မှာ ပြန်လည်စတင်ခဲ့ပေမဲ့ ခရီးသည်အနည်းငယ်သာ လိုက်ပါလာခဲ့တယ်လို့ မီးရထားဝန်ထမ်းတွေထံက သိရပါတယ်။

သထုံမြို့နယ်၊ ကျိုက္ကော်မြို့ သိမ်ဆိပ်ဘူတာနဲ့ ဒုံဝန်းဘူတာကြားမှာ ဧပြီ ၁၀ ရက်က ကျောက်တင်ရထားတစီး မိုင်းခွဲတိုက်ခိုက်ခံရတာကြောင့် ရထားတွဲတချို့ တိမ်းမှောက်ပြီး ရထားသံလမ်း ပျက်စီးခဲ့တာကြောင့် ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်ကို ယာယီရပ်ဆိုင်းခဲ့ပါတယ်။

မိုင်းခွဲခံရတဲ့ ရထားလမ်းကို ဧပြီ ၁၁ ရက်မှာ ပြန်လည်ပြင်ဆင်ပြီး ဧပြီ ၁၂ ရက်မှာ ရထားပြေးဆွဲခဲ့တာလို့ မော်လမြိုင်ဘူတာကြီးမှ ဝန်ထမ်းတဦးက ပြောပါတယ်။

“ရထားလမ်းပြင်ဆင်ပြီးလို့ ပုံမှန်ရထားကော သင်္ကြန်ရုံးပိတ်ရက်အတွက် အထူးရထားပါ ထွက်ပါတယ်။ ဟုတ်ပါတယ်၊ ခရီးသည်က ထက်ဝက်ကျော်နည်းပါတယ်။ အစပြေးဆွဲတဲ့ရက်ဖြစ်လို့ ဟုတ်မယ်ထင်တယ်။ အများကြီးတော့ မပြောချင်ပါဘူး၊ သင်္ကြန်ပိတ်ရက်အတွက် ပြန်မယ့်ခရီးသည်တွေ အဆင်ပြေရင်ရပါပြီ။”

စတင်ပြေးဆွဲခဲ့တဲ့ ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်မှာ မနက် ၈ နာရီထွက်တဲ့ ရိုရိုးရထားမှာ ခရီးသည် ၁၇၀ လိုက်ပါလာခဲ့ပြီး မနက် ၉ နာရီ ၁၅ မှာထွက်တဲ့ အထူးလေအိပ်ရထားမှာ ခရီးသည် ၅၉ ဦးသာ လိုက်ပါလာခဲ့ပါတယ်။

သင်္ကြန်ပိတ်ရက်အတွင်း ရန်ကုန်-မော်လမြိုင် ရိုးရိုးရထားကို နေစဉ်ပြေးဆွဲသွားမှာ ဖြစ်ပေမဲ့ အထူးရထားကိုတော့ ဧပြီ ၁၄ ရက်ကနေ ၁၇ ရက်အထိ ရပ်နားသွားမယ်လို့ မော်လမြိုင်ဘူတာကြီးက ထုတ်ပြန်ပါတယ်။

သင်္ကြန်ရက်အတွင်း ရန်ကုန်-မော်လမြိုင် ရထားပြေးဆွဲသွားတာ ခရီသွားပြည်သူတွေအတွက် အဆင်ပြေနိုင်တယ်လို့ မော်လမြိုင်မြို့ခံတဦးက ပြောပါတယ်။

“သင်္ကြန်ပိတ်ရက်တွေမှာ ကားလိုင်းတော်တော်များများကလည်း မထွက်ဘူးလေ။ ထွက်တဲ့ကားတွေကလည်း လမ်းတွေပိတ်နေလို့ အချိန်ပိုကြာတဲ့အပြင် ကားခတွေပါ တက်နေကြတာ ဆိုတော့ ရထားကပဲ အဆင်ပြေပါတယ်။”

မော်လမြိုင်-ရန်ကုန် လက်မှတ်ခတွေဟာ ရိုးရိုးတန်းအတွက် ကျပ် ၆,၀၀၀ နဲ့ အထက်တန်းအတွက် ကျပ် ၁၁,၀၀၀ သတ်မှတ်ထားပါတယ်။

မော်လမြိုင်-ရန်ကုန် အထက်တန်းရထားလက်မှတ်တွေကို သုံးရက်ကြိုတင် ရောင်းချမှာဖြစ်ပြီး ရိုးရိုးတန်း ရထားလက်မှ‌တ်ကိုတော့ တရက်ကြိုတင်ပြီး မော်လမြိုင်ဘူတာကြီး ရက်ကြိုလက်မှတ်ရုံမှာ မနက် ၇ နာရီကနေ နေ့လယ် ၃ နာရီအထိ ရောင်းချသွားမယ်လို့ မော်လမြိုင်ဘူတာကြီးက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013