DVB Logo
Home
မြန်မာသတင်း
မုံရွာတွင် စစ်သားများ တိုက်ခိုက်ခံရပြီး ၃ ဦးသေ၊ စစ်ယာဉ်တန်းမှရခဲ့သည့်ရိက္ခာများကို ပခုက္ကူ မီးဘေးသင့်ပြည်သူများကို မျှဝေပေး
DVB
·
April 12, 2024
မုံရွာတွင် စစ်သားများ တိုက်ခိုက်ခံရပြီး ၃ ဦးသေ၊ စစ်ယာဉ်တန်းမှရခဲ့သည့်ရိက္ခာများကို ပခုက္ကူ မီးဘေးသင့်ပြည်သူများကို မျှဝေပေး
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာစီးပွားရေးတက္ကသိုလ်ဝန်းထဲမှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ Snipe Rangers Force အဖွဲ့က ထုတ်ပြန်ပါတယ်။

ဧပြီ ၁၁ ရက် မနက် ၂ နာရီ ၃၀ မှာ စစ်အာဏာသိမ်းပြီးစကတည်းက မုံရွာစီးပွားရေးတက္ကသိုလ်ဝန်းအတွင်းမှာ အထိုင်ချထားတဲ့ စစ်ကောင်စီနဲ့ ပျူစောထီး အင်အား ၂၀၀ ကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က ၆၀ မမ၊ ၈၀ မမ၊ ၁၂၀ မမ အလုံးရေ ၁၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က လက်နက်ငယ်၊ စက်ကလေး၊ ၆၀ မမ၊ ၄၀ မမ တို့နဲ့ ပြန်လည်တိုက်ခိုက်ခဲ့ပြီး ၁ နာရီလောက် ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီနဲ့ ပျူစောထီးဘက်က ၃ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

Snipe Rangers Force (Local -PDF) ဦးဆောင်သူ ရဲဘော်ဆလိုင်းက “တက္ကသိုလ်က မြို့နဲ့ မဝေးပါဘူး။ မြို့ထဲဆို မြို့အစပ်မှာပါ။ ထိခိုက်တာကတော့ ၅ ဦး ရှိပါတယ်။ သေဆုံးတာကတော့ ၃ ဦး ရှိပါတယ်။ အတည်ပြုနိုင်တာကတော့ ဖရဲသီး သတင်းပေးပို့ချက်ရယ် လူနာတင်ကား ဝင်တာရယ်ကြောင့် အတည်ပြုခဲ့တာပါ။ ပစ်ခတ်ချိန်ကတော့ ၁ နာရီနီးပါးပဲ ကြာမြင်ခဲ့ပါတယ်” လို့ ပြောပါတယ်။

တိုက်ခိုက်မှုကို Snipe Rangers Force၊ ဒေါင်းပြောက်ကျားတပ်၊ မုံရွာခရိုင် တပ်ရင်း ၂၇၊ GOS တပ်ဖွဲ့တို့ ပူးပေါင်းပါဝင်ခဲ့တယ်လို့ သိရပါတယ်။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ စစ်ကောင်စီတပ် ယာဉ်တန်းကနေ သိမ်းဆည်းရမိခဲ့တဲ့ စစ်ကောင်စီတပ်သားတွေရဲ့ ရိက္ခာတွေကို မီးဘေးသင့်ကျေးရွာက ပြည်သူတွေကို ပြန်လည်မျှဝေပေးခဲ့တယ်လို့ သိရပါတယ်။

ပခုက္ကူမြို့နယ်ထဲရှိ မီးရှို့ခံကျေးရွာတရွာက မိသားစု ၅၀ ကို ဧပြီ ၁၁ ရက်မှာ ရိက္ခာတွေ မျှဝေပေးခဲ့တာလို့ ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

ရိက္ခာပစ္စည်းတွေဟာ ပခုက္ကူ-ကမ္မ-ပေါက် လမ်းအတိုင်း တောင်ပေါ်ကို ရိက္ခာပို့တဲ့ စစ်ကောင်စီယာဉ်တန်းကို ဧပြီ ၂ ရက်နေ့မှာ ပခုက္ကခရိုင် အမှတ်-၁၃ တပ်ရင်းက တိုက်ခိုက်စဉ် ရရှိခဲ့တာလို့ ဆိုပါတယ်။

ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက “မတ်လ ၂၂ ကနေ ဧပြီ ၂ ရက်နေ့အထိ စစ်ကြောင်းပေါ့၊ အဲဒီစစ်ကြောင်းကို တိုက်ခိုက်တုန်းက ရရှိတဲ့ပစ္စည်းတွေရော သူတို့ မသယ်နိုင်လို့ ထားခဲ့တဲ့ပစ္စည်းတွေ အားလုံးပေါင်းပြီး ကာကွယ်ရေးရဲဘော်တွေက ကျနော်တို့ဆီအပ်လို့ ကျနော်တို့က စီမံခန့်ခွဲပိုင်ခွင့်နဲ့ မီးဘေးသင့်ပြည်သူတွေကို ဖြန့်ခွဲပေးလိုက်တာပါ။ ဆန်အပါအဝင် စားနပ်ရိက္ခာ အစုံပါပါတယ်” လို့ ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်ရဲ့ ကားအစီး ၁၀၀ ကျော်ပါ ရိက္ခာပို့ယာဉ်တန်းဟာ ပေါက်မြို့နယ် အနောက်ဘက် သရက်တောပျူရွာမှာ ရောက်ရှိနေကြောင်း Pauk Newsletter Page က ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013