DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲပြင်းထန်နေသည့် ရခိုင်တွင် သင်္ကြန်ပွဲတော် မကျင်းပရန်  ULA သတိပေး
DVB
·
April 12, 2024
တိုက်ပွဲပြင်းထန်နေသည့် ရခိုင်တွင် သင်္ကြန်ပွဲတော် မကျင်းပရန်  ULA သတိပေး
Donate to DVB

စစ်ရေးပဋိပက္ခပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ သင်္ကြန်ကာလအတွင်း လူစုလူဝေးမလုပ်ကြဖို့ ရခိုင်ပြည်သူတွေကို ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်(ULA)က ဧပြီ ၁၁ ရက်မှာ ထုတ်ပြန်  သတိပေးလိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်(AA) တို့ အကြား နေ့စဥ် ရက်ဆက်တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီတပ်ကလည်း  သိမ်းပိုက်ထားတဲ့နေရာတွေနဲ့ ထိုးစစ်ဆင်နေဆဲ နေရာတွေက လူစုလူဝေးရှိနိုင်တဲ့ နေရာတွေကို လေကြောင်းတိုက်ခိုက်တာတွေ၊ လက်နက်ကြီးပစ်ခတ်နေတာကြောင့် သင်္ကြန်ကာလမှာ မြို့ပြနဲ့ ကျေးလက်တွေမှာပါ လူစု၊ လူဝေး ပြုလုပ်ပြီး ပျော်ပွဲရွှင်ပွဲမပြုလုပ်ကြဖို့ ULA သတိပေးလိုက်တာပါ။

သင်္ကြန်ကာလတွင်း ကားပေါ်မှာ လူအများစုနဲ့ မြို့ပြ၊ ကျေးလက်တွေကို မပတ်ကြဖို့၊ လူစုလူဝေးဖြစ်စေတဲ့ သင်္ကြန်မဏ္ဍန်တွေ၊ Show ပွဲတွေ မလုပ်ကြဖို့နဲ့ ဘုန်းကြီးကျောင်းတွေပေါ်မှာ လူစုလူဝေး လုံးဝမလုပ်ကြဖို့ ULA ဘက်က မေတ္တာရပ်ခံ ထားတာဖြစ်ပါတယ်။

စစ်ရှုံးနေတဲ့ စစ်ကောင်စီက သင်္ကြန်ကာလတွင်း အရပ်သားတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်လာမှာကို စိုးရိမ်နေတဲ့အတွက် ပျော်ပွဲရွင်ပွဲ မလုပ်ကြဖို့ မေတ္တာရပ်ခံတာဖြစ်တယ်လို့ ရခိုင်လူငယ်တဦးက ပြောပါတယ်။

"စစ်ကောင်စီက စစ်ရှုံးလာတာကြောင့် အရပ်သားကို ပစ်မှတ်ထားပြီး လေကြောင်းနဲ့ လက်နက်ကြီးကနေ ပစ်ခတ်တာအရပ်သားသေဆုံးမှုတွေဟာလည်း မြင့်တက်လာတယ်။ သင်္ကြန်ကာလမှာလည်း အရင်လို လာပစ်မှာကို စိုးရိမ်တဲ့အတွက် ပြည်သူတွေကို လူစုလူဝေးလုပ်ပြီး ပျော်ပွဲ၊ ရွင်ပွဲမလုပ်ကြဖို့နဲ ဥပုသ်စောင့် အလှူအတန်း မလုပ်ကြဖို့ မေတ္တာထားတာကြောင့် ပြည်သူတွေကလည်း လိုက်နာကျင့်သုံးရမယ်" လို့သူကပြောပါတယ်။

စစ်ရှုံးနေတဲ့ စစ်ကောင်စီအနေနဲ့ ပြည်သူလူထုတွေကို အလစ်အငိုက် တိုက်ခိုက်တတ်တဲ့ အကျင့်ရှိနေတဲ့အတွက် ပြည်သူတွေရဲ့ မလိုလားအပ်ဘဲ အသက်တွေဆုံးရှုံးမသွားဖို့အတွက် ပြည်သူတွေ တိကျစွာလိုက်နာကြဖို့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။

ပြီးခဲ့နှစ်တွေတုန်းက ရခိုင်ပြည်နယ် စစ်ကောင်စီနဲ့ AAတို့ သင်္ကြန်ပွဲတော် အပြိုင်အဆိုင် ကျင်းပခဲ့ကြပေမဲ့ အခုနှစ်မှာ စစ်ရေးပြင်းထန်နေတဲ့အတွက် စစ်ကောင်စီထိန်းချုပ်ထားတဲ့ စစ်တွေ၊ ကျောက်ဖြူမြို့တွေလောက်သာ စစ်ကောင်စီက သင်္ကြန်ကျင်းပသွားမယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ တိုက်ပွဲကာလ ၅ လနီးပါးအတွင်း AA က မြို့ ၁၀ မြို့ကို သိမ်းပိုက်ထားပြီး နောက်ထပ် မြို့နယ် ၃ မြို့ထက်မနည်းမှာလည်း အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပါတယ်။

PHOTO-AA

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013